DVB Logo
Home
အာရှဒေသ
မီးရထားလမ်း တံတားအောက်က အိန္ဒိယကျောင်းကလေး
DVB
·
November 5, 2013
မီးရထားလမ်း တံတားအောက်က အိန္ဒိယကျောင်းကလေး
Donate to DVB

ဥပဒေအရတော့ အိန္ဒိယက ကလေးသူငယ်တွေဟာ အသက် ၁၄ နှစ်အထိ အခမဲ့ပညာ သင်ကြားခွင့်ရကြရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် တကယ့် လက်တွေ့မှာတော့ သူတို့မိဘတွေက ပညာမတတ်ကြ ကောင်းမွန်တဲ့ပညာရေးရဲ့ တန်ဖိုးကို နားမလည်ကြတဲ့အတွက် ကလေး အတော်များများဟာ ကျောင်းမတက်ကြပါဘူး။

ဒါပေမယ့် နယူးဒေလီမြို့တော်က ဈေးသည်တယောက်ကတော့ အဲဒါကို ပြောင်းလဲပစ်ဖို့ ကြိုးစားနေပါတယ်။ သူက မီးရထားလမ်းတံတားတခုအောက်က ယာယီ လုပ်ထားတဲ့ ကျောင်းကလေးမှာ ဆင်းရဲတဲ့ကလေးတွေကို စာသင်ပေးနေပါတယ်။

သူ့ဆိုင်မှာ အိမ်သုံးပစ္စည်းတွေ ရောင်းချတာက ရာရက်ရှ်ကူးမားရဲ့ နေ့ပိုင်းအလုပ်ပါ။ ဒါပေမယ့် သူ တကယ် သဘောကျတဲ့အလုပ်ကတော့ စာသင်ပေးတာပါ။

သူက အသက် ၄ နှစ်ကနေ ၁၄ နှစ်အထိ ကလေးတွေကို အခြခံပညာ သင်ပေးဖို့ နယူးဒေလီက မီးရထားလမ်းတံတားအောက်မှာ ဒီ ယာယီကျောင်းကလေးကို တည်ထောင် ထားတာပါ။

ဒီကျောင်းက ကလေးတွေဟာ အမှိုက်ကောက်သူတွေ၊ လန်ချားဆွဲသူတွေနဲ့ အလုပ်ကြမ်းသမားတွေရဲ့ သားသမီးတွေ ဖြစ်ပါတယ်။

သူတို့ထဲက တချို့ကလေးတွေနဲ့ သူတို့ ကျောင်းသွားတဲ့လမ်းမှာ တွေ့ဆုံခဲ့ပါတယ်။ သူတို့က ဆရာဝန်တွေ ဖြစ်ချင်လို့ စစ်တပ်ထဲ ၀င်ချင်လို့ စာရေး၊ စာဖတ်တတ်အောင် သင်ချင်ကြတာပါလို့ ပြောပါတယ်။

ရာရက်ရှ်က ကျွမ်းကျင်တဲ့ သင်ကြားရေး အရည်အချင်းရှိသူ တယောက်တော့ မဟုတ်ပါဘူး။ ငွေကြေး အခက်အခဲတွေ ရှိခဲ့လို့ သူရဲ့ ပထမဆုံးဘွဲ့ရဖို့ ကျောင်းတက်တာကိုတောင် နောက်ဆုံးနှစ်အထိပဲ တက်ခဲ့ရတယ်လို့ ပြောပါတယ်။

“ဒီကျောင်းက တရားဝင်ကျောင်း တကျောင်း မဟုတ်ပါဘူး။ မှတ်ပုံလည်း တင်မထားပါဘူးဗျာ။ ကလေးတွေက ၂ နာရီပဲ လာကြတာပါ။ ကျနော်တို့ တခြားကျောင်းတကျောင်း ထောင်ခဲ့ပါသေးတယ်။ ဒါပေမယ့် အဲဒီမြေပေါ်မှာ ကုန်တိုက်တခု လာ ဆောက်သွားခဲ့ပါပြီ။ ဒီကျောင်းကတော့ မီးရထားလမ်း တံတားအောက်မှာဆိုတော့ ဒီမှာ ကလေးတွေအတွက် စိတ်ချရပါတယ်။”

ကျောင်း အသုံးအဆောင်တွေ အားလုံးကို သေတ္တာတလုံးထဲမှာပဲ ထည့်ထားပြီး စာသင်ခုံတွေနဲ့ ကုလားထိုင်တွေလည်း မရှိပါဘူး။

မီးရထားလမ်း တံတားက ကျောင်းရဲ့ အမိုးပါပဲ။ ကျောက်သား ကြမ်းခင်းပေါ်မှာတော့ အခင်းလေးတွေ ချခင်းပြီး စာသင်ခန်းလေး လုပ်ထားတာပါ။

ကလေးတွေကို အခုလိုစာသင်းပေးနေရတဲ့ ရည်ရွယ်ချက်ကို စာရာရက်ရှ်က “ကျောင်းက ဆင်းရဲတဲ့ ကလေးတွေနေတဲ့ ဆင်းရဲသားရပ်ကွက်နဲ့ ကပ်နေတာပါ။ ရည်ရွယ်ချက်ကတော့ ကလေးတွေ လွတ်လွပ်လပ်လပ်ရှိဖို့ သိချင် တတ်ချင်ဖို့ ယုံကြည်မှု ရှိလာကြပြီး သူတို့ရဲ့ အနာဂတ်လမ်းကြောင်းကို ပြောင်းပစ်နိုင်ကြအောင်ပဲ ဖြစ်ပါတယ်။ အတန်းပြီးရင်တော့ သူတို့အိမ်ပြန်ရင် ပြန် အလုပ်လုပ်ရင် လုပ် ကြတာပါပဲ” လို့ ပြောပါတယ်။

ဒီမှာ ကျောင်းလာတက်နေတဲ့ ကလေး ၆၀ ရှိပါတယ်။ သူတို့ထဲက တယောက်ကတော့ အသက် ၁၂ နှစ် ရှိပြီးဖြစ်တဲ့ ဘာဘာအလီပါ။

ကျောင်းတက်ပြီးရင် အရမ်းဆင်းရဲတဲ့ သူ့မိဘတွေကို အထောက်အကူ ပေးဖို့ အနားက စားသောက်ဆိုင်မှာ အလုပ်သွားလုပ်ပါတယ်။ သူက တနေ့မှာ ၆ နာရီ တက်ရတဲ့ ပုံမှန်ကျောင်းကို မတက်ပါဘူး။ ဒါပေမယ့် ဒီမှာတော့ ၂ နာရီပဲ တက်ရလို့ လာတက်တာပါ။
ဘာဘာအလီက "တနေ့နေ့မှာတော့ ကျနော် ဆရာဝန် ဖြစ်ချင်တယ်ဗျ။ ဘာလို့ဆိုတော့ ကျနော်က ကိန်းဂဏန်းတွေနဲ့ စကားပြောတဲ့အခါ အင်္ဂလိပ်လို ပြောရတဲ့အသံကို သဘောကျလို့ပါ” လို့ ပြောပါတယ်။

မီးရထားလမ်း ကျောင်းကို လာတက်တဲ့ အာဂျေး မန်ဒဲလ်ဟာလည်း ရာရက်ရှ်ဆီမှာ စာလာသင်တာက သူ့ကို အစိုးရကျောင်း ကောင်းကောင်းတခု ၀င်ဖို့မှာ လိုအပ်တဲ့ စာမေးပွဲကို အောင်အောင် အထောက်အကူ ရခဲ့တယ်လို့ ဆိုပါတယ်။ သူက ခု အစိုးရကျောင်းမှာ ၈ တန်းရောက်နေပါပြီ။

အာဂျေး မန်ဒဲလ်က “ဒီကျောင်း ရှိနေလို့ မြို့မှာရှိတဲ့ ထိပ်တန်းအစိုးရ ကျောင်းဝင်ခွင့်ကို ကျနော်တို့ ရခဲ့တာပါ။ ဆရာက ကိုယ်ကျင့်တန်ဖိုးတွေအပါအ၀င် ကျနော်တို့ကို အများကြီး သင်ပေးခဲ့ပါတယ်။ အခု ကျနော်တို့ဟာ ဖွံ့ဖြိုးကောင်းမွန်လာမယ့် အနာဂတ်ကို ရှေးရှုနေကြပါပြီ” လို့ ပြောပါတယ်။

၎ နှစ်ရှိပြီးဖြစ်တဲ့ သားဖြစ်သူ ရှိဗ်ကို ကျောင်းဆင်းချိန် လာကြိုတဲ့ တုတ်တုတ်ဒရိုင်ဘာ ရိုင် ပရာကက်ရှ်က “ကလေးတွေက အခမဲ့ပညာရေးနဲ့ စာအုပ်တွေ ရကြတယ်ဗျ။ သူတို့တွေ အကြောင်းအရာ သစ်တွေ သင်ကြားပြီး အလုပ်များနေကြတယ်လေ။ အားလုံး အဆင်ပြေပါတယ်ဗျာ။”

ရာရက်ရှ်ကလည်း ကလေးတွေ ကျောင်းဆင်းပြီးရင် သူ့မိသားစု စားဝတ်နေရေးအတွက် ဆိုင်ကိုပြန်ဖွင့်ရတယ်လို့ ပြောပါတယ်။

“အခု လူ့အဖွဲ့အစည်းအတွက် အလုပ်လုပ်ပေးပြီးသွားပြီဆိုတော့ ကျနော် မိသားစု အတွက် ၀င်ငွေရဖို့ ကျနော်အလုပ် ပြန်လုပ်ပါတော့မယ်ဗျာ။”

ရာဝင်ဒါဆေဂဲလ်က အာရှဒေသ သတင်းဆောင်းပါးကဏ္ဍအတွက် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ကနေ သတင်းပေးပို့ ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013