DVB Logo
Home
မြန်မာသတင်း
တိုက်ပွဲကြောင့် ဒုက္ခသည်များ ဗန်းမော်မြို့ကို ထွက်ပြေးတိမ်းရှောင်
DVB
·
November 4, 2013
Donate to DVB

ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့နယ်ထဲမှာ ပြီးခဲ့တဲ့ သီတင်းပတ်က ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုတွေနဲ့ စစ်ရေးလှုပ်ရှားမှုတွေကြောင့် ရွာပေါင်း ၄ ရွာက ဒေသခံတွေဟာ ဗန်းမော်မြို့နဲ့ မံစီမြို့နယ်ထဲက နမ့်လင်းပါနဲ့မိုင်းခေါင် ဒုက္ခသည်စခန်းတွေဆီ ထွက်ပြေးတိမ်းရှာင်လာကြပါတယ်။

မံစီမြို့ အနောက်ဘက် မိုင် ၂၀ လောက်ဝေးတဲ့ မိုးတိမ်ပါ၊ ကောင်ဂျာ၊ မခေါင်န်ယန်၊ နမ့်ဖူး အစရှိတဲ့ ကျေးရွာဘက်မှာ စကခ ၂၁ လက်အောက်ခံ အစိုးရ တပ်ရင်းတပ်ဖွဲ့ အင်အား ၁၀၀၀ ကျော် ၀င်ရောက်နေရာယူ ဖြန့်ကြက်ထားတဲ့အတွက် ရွာသားတွေ ဘေးလွတ်ရာကို တိမ်းရှောင်နေကြရတာပါ။

အောက်တိုဘာလ ၂၁ ရက်နေ့ကစပြီး အစိုးရတပ်ဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ဝင်ရောက်လာတာကြောင့် အိမ်ခြေ ၆၀၀ ကျော်ရှိတဲ့ မိုးတိမ်ပါရွာက လူပေါင်း ၁၀၀၀ ကျာ်ဟာ အိုးအိမ်ခြံမြေတွေစွန့်ပြီး ဗန်းမော်မြို့ပေါ် ဘုရားရှိခိုးကျောင်းတွေနဲ့ နမ်စီမြို့နယ် နမ့်လင်းပါ ဒုက္ခသည်စခန်းတွေဆီ ရွှေ့ပြောင်းလာကြတယ်လို့ ဒုက္ခသည်တွေကို ထောက်ပံ့ ကူညီပေးနေတဲ့ ကရုဏာမြန်မာ လူမှုကူညီရေးအသင်းဝင် ကိုနော်ဒင်းက ပြောပါတယ်။

“အခုဆိုရင် နဂိုရှိတဲ့ ရွာပုန်းရွာရှောင် ဒုက္ခသည်တွေနဲ့ အသစ်ရောက်လာတဲ့ ရွာပုန်းရွာရှောင် ဒုက္ခသည်တွေနဲ့ဆိုရင် ၁၅၀၀ ကျော် ၁၆၀၀ လောက်ရှိမယ်။ ရွာက လမ်းမပေါ်မှာပဲဆိုတော့ ရွာတွေမှာ တပ်ကနေရာယူထားတဲ့ အများစု ဗန်းမော်နဲ့ မိုင်းခေါင် ဘက်ကို ရောက်လာတယ်။ တချို့တ၀က်ပဲ နမ့်လင်းပါ ဘက်ကို ၀င်သွားတယ်။
အခုလောလောဆယ် ထိထားတာက လေးရွာပေါ့။ မိုင်းခေါ်ဆိုတဲ့ ရွာကနေ သွားလိုက်ရင် နမ့်ဖူးရွာ ဆိုတာ ရောက်တယ်။ ပြီးကျမှ မခေါ်ရမ်ဆိုတာ ရောက်တယ်။ မခေါင်ယန် ပြီးမှ မိုးတိမ်ပါ၊ မိုးတိမ်ပါပြီးမှ ပေါင်ဂျာ ပေါ့ အခုလောလောဆယ်ထိထားတာ အဲဒီ ၄ ရွာ။”
နမ့်လင်းပါရွာမှာ လွန်ခဲ့တဲ့ ၂၀၁၁ နှစ် နှစ်ကုန်ပိုင်းက တိုက်ပွဲကြောင့် ထွက်ပြေးလာတဲ့ စစ်ပြေးရှောင်ဒုက္ခသည်ပေါင်း ၁၅၀၀ ကျော်ရှိရာက မိုးတိမ်ပါက လူပေါင်း ၄၀၀ ကျော် နောက်ထပ် ၀င်ရောက်လာတာပါ။

နိုင်ငံပိုင်သတင်းစာတွေမှာတော့ မိုးတိမ်ပါရွာက ကျောင်းသားလူငယ် ၁၃၇ ဦးအပါအ၀င် လူပေါင်း ၄၇၈ ဦးဟာ အောက်တိုဘာ ၃၀ ရက်နေ့က ဗန်းမော်မြို့ပေါ်ကို ထွက်ပြေးတိမ်းရှောင်လာတယ်လို့ ဖော်ပြထာါးပတယ်။

သူတို့ကို ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးက ကား ၇ စီးနဲ့ သွားရောက်ကြိုဆိုခဲ့ပြီး နှစ်ချင်းခရစ်ယာန်ဘုရားရှိခိုးကျောင်း ၂ ကျောင်းမှာ နေရာချထားပေး ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

စစ်ပြေးဒုက္ခသည်တွေအတွက် စားဝတ်နေရေး အရေးပေါ်လိုအပ်နေပြီး သူတို့ကို သွားရောက်ကူညီဖို့လည်း အခက်အခဲဖြစ်နေတယ်လို့ ကိုနော်ဒင်းက ပြောပါတယ်။
နမ့်လင်းပါ ဒုက္ခသည်စခန်းမှာ လောလောဆယ် ဆန်ပြုတ်နဲ့ တခြားသစ်ဥသစ်ဖုတွေကို မျှဝေ စားသောက်နေကြတယ်လို့ ဆိုပါတယ်။

ကချင်အမျိုးသမီးအစည်းအရုံး (ထိုင်းနိုင်ငံ) ရဲ့ အောက်တိုဘာ ၃၁ ရက်နေ့ထုတ် အစီရင် ခံစာမှာတော့ အစိုးရတပ်က မိုးတိမ်ပါ၊ ကောင်ဂျာ၊ မခေါင်န်ယန်၊ နမ့်ဖူး အစရှိတဲ့ရွာတွေကို ၀င်ရောက်လာပြီး ရွာသား ၁၀ ဦးကို ကေအိုင်အေလို့ စွပ်စွဲပြီး ဖမ်းဆီးခေါ်ဆောင်တာ၊ ရိုက်နှက်တာနဲ့၊ အိမ်ထောင်ရှိ အမျိုးသမီးတဦး မတရားကျင့်ခံရတာတွေကြောင့် ရွာသားတွေအနေနဲ့ အဲဒီမှာ မနေရဲဘဲ တခြားကို တိမ်းရှောင်တာလို့ ဖော်ပြသွားပါတယ်။

အစိုးရပိုင်မီဒီယာတွေကတော့ မံစီမြို့နယ်နဲ့ ဗန်းမော်မြို့နယ်ထဲမှာ ကျွဲနွားမှောင်ခိုသမားတွေနဲ့ တရားမ၀င် သစ်မှောင်ခို ခိုးထုတ်မှုတွေကို ထိန်းချုပ်ဟန့်တားဖို့ စစ်တပ်က ၀င်ရောက်ရှင်းလင်းမှုတွေ ပြုလုပ်ခဲ့တာလို့ ရေးသားဖော်ပြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013