DVB Logo
Home
မြန်မာသတင်း
လက်ပံတောင်း သပိတ်စခန်းဝန်းကျင် ရဲအင်အား ထပ်မံတိုးချဲ့
DVB
·
November 4, 2013
လက်ပံတောင်း သပိတ်စခန်းဝန်းကျင် ရဲအင်အား ထပ်မံတိုးချဲ့
1 / 2
Donate to DVB

စစ်ကိုင်းတိုင်း မုံရွာခရိုင် လက်ပံတောင်းတောင်ဒေသမှာ သပိတ်စခန်းဖွင့်လှစ်ပြီးနောက် မနေ့က အာဏာပိုင်တွေဘက်က လုံခြုံရေးအင်အား ထပ်မံတိုးမြှင့်လိုက်ပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းက လက်ပံတောင်းတောင်ဒေသမှာ မိုင်းခွဲမှုတွေ ပြန်လည်ပြုလုပ်လာတဲ့ အတွက် လယ်တီသိမ်နဲ့ စေတီတော် ကွဲအက်မှုတွေ ဖြစ်ပေါ်တဲ့ သတင်းတွေကြောင့် သက်ဆိုင်ရာ အာဏာပိုင်တွေကို သွားရောက်ကြည့်ရှုခွင့် တောင်းဆိုရာ သွားရောက်ကြည့်ရှုခွင့် မပေးတဲ့အတွက် ထိုင်သပိတ်စခန်း ဖွင့်လှစ်တောင်းဆိုနေကြတာပါ။

မနေ့က သပိတ်စခန်းဝန်းကျင်မှာ ရဲအင်အား တိုးချဲ့ချထားတာကို တွေ့ရှိခဲ့တဲ့ မိုးကြိုးပြင်ရွာက ရွာသားတဦးဖြစ်တဲ့ ကိုရဲပိုင် က “မနေ့က ရဲအင်အား ကား ၄ စီးနဲ့ သပိတ်စခန်း ဘေးပတ်ချာလည်က ဆိုက်တွေမှာ ၀င်ချတယ်။ ဆိုက်တွေမှာ ၀င်ချပြီးရင် ကားတွေ ပြန် ထွက်သွားတယ်။ ထွက်ပြီးရင် နောက်ထပ် ကားတွေနဲ့ ရဲအင်အား ထပ်တိုးလာတယ်။ အားလုံးရဲအင်အားဝန်းကျင်က ၄၀၀ လောက်ရှိမယ်ခင်ဗျ”လို့ ပြောပါတယ်။

လယ်တီ သာသနိက အဆောင်အအုံတွေ ပြိုကွဲပျက်စီးနေရင် သံဃာညီလာခံ ကျင်းပပြီး ဆုံးဖြတ်ချက်တခု ချမှတ်မယ်လို့ သပိတ်စခန်းဖွင့်တောင်းဆိုနေတဲ့ ဆရာတော် ဦးစန္ဒာသီရိက မိန့်ပါတယ်။

“ပျက်စီးနေပြီဆိုတာတော့ အတွင်းသတင်းတွေအရ အတိအကျတော့ ရထားပါတယ်။ အဲဒါကြောင့် တကယ်ပဲ ပြိုကွဲပျက်စီးနေတယ်ဆိုရင်တော့ ဦးဇင်းတို့ သံဃာ့ညီလာခံ တရပ် ကျင်းပပြီး သံဃာတော်တွေ အားလုံးစုပေါင်းပြီးတော့ သံဃာတော်တွေကနေ ဆုံးဖြတ်ချက်တခုကို ချမှတ်မယ်ပေါ့။”

အခု သပိတ်စခန်းဖွင့်လှစ်ထားတဲ့ နေရာကို မနှစ်ကလို မီးလောင်ဗုံးတွေနဲ့ အကြမ်းဖက် ဖြေရှင်းမယ်ဆိုရင် အစိုးရရဲ့ အကြမ်းဖက် နှိမ်နင်းမှုကို နိုင်ငံတကာ သိရှိအောင် ပြုလုပ်သွားမယ်လို့ ဦးဇင်း စန္ဒာသီရိက ဆက်လက်ပြောဆိုပါတယ်။

“ပြီးခဲ့တဲ့နှစ်က လက်ပံတောင်းတောင်မှာ မီးလောင်ဗုံးတွေနဲ့ ပစ်ခတ်နှိမ်နင်းထားတဲ့ လုပ်ရပ်တွေကိုလည်း ဘယ်သူကမှ အရေးယူပေးခြင်း မရှိသေးဘူး။ တာဝန်ယူဖြေရှင်းပေးမှု မရှိသေးဘူး။ အခုဆက်လက်ပြီး ဦးဇင်းတို့ ရဟန်းသံဃာတော်တွေနဲ့ ဒေသခံ တောင်သူလယ်သမား ပြည်သူတွေအပေါ် အကြမ်းဖက် ဖိနှိပ်မှုတွေ ပြုလုပ်လာမယ်ဆိုရင်တော့ အစိုးရရဲ့ လုပ်ရပ်တွေဟာ လူမဆန်ကြောင်းနဲ့ ဒီအစိုးရ လုပ်ရပ်တွေကို ထိရောက်စွာ အရေးယူပေးဖို့ နိုင်ငံတကာအကူအညီရော၊ နိုင်ငံရေးအသိုင်းအ၀ိုင်းတွေရော တော်တော်များကို ထုတ်ဖော်ပြသပြီး အရေးယူပေးဖို့ တောင်းဆိုသွားဖို့ ဦးဇင်းတို့ ဒီလိုတွေလုပ်ဖို့ ရည်ရွယ်ချက်ရှိ ပါတယ် ဒကာကြီး။”

အာဏာပိုင်တွေနဲ့ ၀မ်ပေါင်ကုမ္ပဏီဘက်က သပိတ်စခန်းဖွင့် တောင်းဆိုနေတဲ့ တာဝန်ရှိသူတွေကို လယ်တီသာသနိက အဆောက်အအုံတွေ ကြည့်ရှုခွင့်ပေးလိုက်တာ ပိုကောင်းမယ်လို့ စစ်ကိုင်းတိုင်း ပုလဲမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဒေါ်ခင်စန်းလှိုင်က ပြောဆိုပါတယ်။

သပိတ်စခန်းဖွင့်ပြီး လယ်တီသာသနိကအဆောက်အအုံတွေ ကြည့်ရှုခွင့်ပေးရေး ဆန္ဒပြနေတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး ၀မ်ပေါင်ကုမ္ပဏီ တာဝန်ရှိသူတွေကို ဆက်သွယ်မေးမြန်းပေမယ့် မရဖြစ်နေပါတယ်။

မိုးကြိုးပြင်ရွာ၊ တုံရွာ၊ ဇီးတောရွာနဲ့ ဆည်တည်းရွာ စတဲ့ ရွာတွေက ဒေသခံ ၁၅၀ ကျော်နဲ့ သံဃာတော် ၇ ပါးက အင်ဂျင်းတောင်ပေါ်က သိမ်နဲ့ ဘုရားစေတီအနားမှာ ဆန္ဒပြ တောင်းဆိုနေကြတာဖြစ်ပြီး ဒေသခံရွာသားအချို့က သာသနာအလံတွေကို လိုက်လံ စိုက်ထူနေကြောင်း သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၉ ရက်နေ့ကလည်း လက်ပံတောင်းတောင် ကြေးနီစီမံကိန်း နယ်မြေအတွင်း လယ်တီသာသနိက အဆောက်အအုံ မဖြိုဖျက်ရေးအတွက် မန္တလေး အမရပူရကနေ လယ်တီသာသနိက အဆောက်အအုံအထိ လမ်းလျှောက် ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

ဆန္ဒပြသူတွေနဲ့ တာဝန်ရှိသူတွေ ညှိနှိုင်းခဲ့ကြပြီး လယ်တီသိမ်နဲ့ စေတီကို မူလနေရာက မရွှေ့ရေး လွှတ်တော်ကို တင်ပြဆွေးနွေးစဉ် မည်သည့်အကြောင်းနဲ့မျှ မဖျက်ဆီး၊ မပြောင်းရွှေ့ဖို့၊ ဘုရားဖူးပြည်သူ ၅ ယောက်ထက်မပို ဖူးမြော်နိုင်ဖို့ (၃ ရက်အတွင်း ခွင့်ပြုမိန့်တောင်းရမည်)၊ လမ်းလျှောက်ချီတက်လာသူတွေကို အရေးယူမှု မပြုဖို့ စတဲ့ အချက် ၃ ချက်ကို သဘောတူလက်မှတ်ရေးထိုးခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013