DVB Logo
Home
မြန်မာသတင်း
ကချင်တွင် မတရားအသင်းနှင့်ဖောက်ခွဲမှု ဥပဒေများဖြင့် တရားစွဲ ထောင်ချခံရသူများ
DVB
·
November 4, 2013
Donate to DVB

ကချင်ပြည်နယ်အတွင်းမှာ မတရား အသင်းဆက်သွယ်မှု ဥပဒေနဲ့ ဖောက်ခွဲမှု ဥပဒေတွေနဲ့ တရားစွဲဆို ထောင်ဒဏ်ချမှတ်ခံရတဲ့သူတွေ ရှိနေတယ်လို့ ဥပဒေအထောက်အကူပြု ကွန်ရက်က ပြောပါတယ်။
နိုဝင်ဘာ ၈ ရက်နေ့မှာလည်း မြစ်ကြီးနားခရိုင်နဲ့ မြို့နယ် တရားရုံးတွေမှာ မတရား အသင်းနဲ့ ဆက်သွယ်မှု၊ ဖောက်ခွဲမှု ပုဒ်မတွေနဲ့ တရားစွဲဆိုခံထားရတဲ့သူ ၆ ဦးကို စီရင်ချက် ချမှတ်ဖို့ ရှိနေပါတယ်။

ကချင်ပြည်နယ်မှာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီးတဲ့နောက်ပိုင်းမှာ ဒီပုဒ်မတွေနဲ့ စွဲဆိုထောင်ဒဏ်ချမှတ်ခံထားရသူတွေဟာ အယောက် ၃၀ အထက်မှာ ရှိနေတယ်လို့ ဥပဒေ အထောက်အကူပြုကွန်ရက်က ရှေ့နေ ဦးမာခါးက ပြောပါတယ်။

၂၀၁၂ ခုနှစ် ဇွန်လမှာ စတင်ပြီး မြစ်ကြီးနားခရိုင်နဲ့ မြို့နယ်ရုံးတွေက တရားစွဲဆိုထားတာဖြစ်ပြီး စွဲဆိုခံထားရသူ ၆ ဦးမှာ ၄ ဦးဟာ သူ့အမှုသည် ဒုက္ခသည်တွေ ဖြစ်တယ်လို့ ဦးမာခါးက ရှင်းပြပါတယ်။
ဒါဟာ ဥပဒေအရ မဖြစ်သင့်တဲ့ ကိစ္စတခု ဖြစ်တယ်လို့ ဦးမာခါးက အခုလို ပြောပါတယ်။

“အခုက ဥပဒေအတိုင်း ဆောင်ရွက်တယ်ဆိုရင်တော့ ကိစ္စ မရှိဘူး။ တချို့က ဥပမာ ၁၇ (၁) တွေ ပယ်ဖျက်ပေးဖို့ ဘာညာ ပြောတာပေါ့နော်။ ကျနော်က ၁၇ (၁) ပယ်ဖျက်တာ မပယ်ဖျက်ဘူးဆိုတာထက် အခုလို အစိုးရဘက်ကနေ လူထုကို မတရား ဥပဒေမဲ့လုပ်နေတာက ပိုစိုးတယ်လို့ ကျနော်မြင်တာပေါ့နော်။ ဥပဒေမဲ့ဆိုတာက တကယ်လည်း ပြစ်မှု ကျူးလွန်မှု မရှိတဲ့ သူတွေကို သူတို့တို့က နိုင်ငံရေးအရ မတရားဖမ်းဆီးပြီးမှ ဥပမာ တကယ်လည်း ဒီလူတွေက မလုပ်ဘူးဆိုတာ သိရဲ့သားနဲ့ ဒီလူတွေကို မတရား လူ့အခွင့်အရေးချိုးပေါက်ပြီး ဖမ်းဆီးထောင်ချနေတဲ့ လုပ်ရပ်တွေက တကယ့်ကို အခွင့်အရေးချိုးဖောက်မှုက အစိုးရွားဆုံး အခြေအနေလို့ ကျနော်မြင်တာပေါ့နော်။ အခုပေါက်ကွဲမှုတွေဆိုရင် ထောင်ဒဏ် နှစ်ကြီးတွေ ချမှတ်နိုင်တယ်။ ဘုရားကြီးမှာဖြစ်တဲ့ အမှုဆိုရင် ဘာမှ သက်သေခံအထောက်အထားလည်း မရှိဘူး။ ဘာမှ အပြစ်ပေးနိုင်တဲ့ အခြေအနေမရှိဘဲနဲ့ ဒီလိုအပစ်ပေးနေတဲ့ ကိစ္စတွေ တကယ်ကို ဘာမှ မဟုတ်ဘူးဆိုတာ သိရဲ့သားနဲ့ ထောင်ချတဲ့ကိစ္စတွေ ရှိနေတယ်။”

မတရားအသင်းနဲ့ ဆက်သွယ်မှုပုဒ်မဖြင့် ထောင်ဒဏ် ၇ နှစ်နဲ့ အောက်ချမှတ်လို့ရသလို ဖောက်ခွဲမှုကတော့ ထောင်ဒဏ် ၇ နှစ်ကနေ တသက်တကျွန်းထိ ချမှတ်ခံရနိုင်တယ်လို့ သူက ရှင်းပြပါတယ်။

အရင်ကလည်း ကချင်ပြည်နယ် ဒုက္ခသည်စခန်းမှာနေထိုင်ခဲ့တဲ့ လထော်ဘရန်ရှောင်ကို ကချင်လွတ်လပ်ရေးတပ်မတော်က အရာရှိအဖြစ် စွပ်စွဲပြီး မတရားအသင်းနဲ့ ဆက်သွယ်မှုနဲ့ ထောင်ဒဏ် ချမှတ်ခဲ့တဲ့ ဖြစ်ရပ်တွေ ရှိခဲ့သလို ဖမ်းဆီးထားစဉ်မှာလည်း နှိပ်စက်ညှဉ်းပန်းမှုတွေ ရှိခဲ့တယ်လို့ လထော်ဘရန်ရှောင်က ပြောဆိုခဲ့ဖူးပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013