
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ စည်ပုတ္တရာရွာကို စစ်တပ်က ဇွန် ၁ ရက် နေ့လယ် ၁ နာရီလောက်မှာ ဒရုန်းယာဉ်နဲ့ ဗုံးကြဲခဲ့တာကြောင့် ပြည်သူ ၂ ယောက် သေဆုံးပြီး ဘုန်းကြီးကျောင်းပျက်စီးခဲ့တယ်လို့ ဒေသခံနဲ့ လူမှုကူညီရေးသမားတွေဆီက သိရပါတယ်။
ဒေသခံ လူမှုကူညီရေးသမားတယောက်က “ဒရုန်းယာဉ်က ၂ စီးဗျ။ စည်ပုတ္တရာ ဘုန်းကြီးကျောင်းဝင်းအတွင်းကို ချသွားတာ။ အဲလိုကြဲချလို့ ပေါက်ကွဲပြီး ဦးမြင့်နဲ့ ဒေါ်ညွန့်ရီ တို့နှစ်ဦး နေရာတင် ပွဲချင်းပြီး သေဆုံးတယ်။ နောက်ပြီး ဘုန်းတော်ကြီးကျောင်းဝန်းအတွင်းက ဆွမ်းစားကျောင်းဆောင်နဲ့ ဘုရားစေတီ အပါအဝင် ကျောင်းဆောင်များလည်း ပျက်စီးတယ်” လို့ ပြောပါတယ်။
စည်ပုတ္တရာကျေးရွာဟာ ခင်ဦးမြို့မြောက်ဘက် ၃ မိုင်အကွာခန့်မှာ တည်ရှိပြီး အိမ်ခြေ ၂၅၀ ခန့်ရှိတဲ့ ကျေးရွာလည်း ဖြစ်ပါတယ်။
ခင်ဦးမြိုနယ်ပကဖမှ ဆရာကျောင်းက “စစ်တပ်က မတရားကို မိုက်ရိုင်းနေတာ။ အေးအေးဆေးဆေးနေတဲ့ ကျေးရွာတွေကို မတရားလိုက်ပြီး လေကြောင်းကနေ ဗုံးကြဲနေတာ။ အဲရွာဆိုရင် ဘာ PDF မှ မရှိဘူး။ အကြောင်းမဲ့ကို တိုက်ခိုက်သွားတာ” လို့ ပြောပါတယ်။
မေ ၂၁ ရက်ကလည်း စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် အရှေ့ခြမ်း ရွာစဉ်ရွာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၄ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။










