DVB Logo
Home
မြန်မာသတင်း
အကြမ်းဖက်စစ်ခေါင်းဆောင်ကို အာဆီယံအစည်းအဝေးတက်ရန် ဖိတ်ကြားမှု အင်ဒို အဖွဲ့အစည်းများ ကန့်ကွက်
DVB
·
April 21, 2021
အကြမ်းဖက်စစ်ခေါင်းဆောင်ကို အာဆီယံအစည်းအဝေးတက်ရန် ဖိတ်ကြားမှု အင်ဒို အဖွဲ့အစည်းများ ကန့်ကွက်
Donate to DVB

မြန်မာ့နိုင်ငံရေးပြဿနာ ဖြေရှင်းဖို့ အင်ဒိုနီးရှားနိုင်ငံမှာကျင်းပဖို့ရှိတဲ့ အာဆီယံထိပ်သီးအစည်းအဝေးမှာ အာဿာသိမ်း စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ဖို့ ဖိတ်ကြားခဲ့တဲ့ အာဆီယံရဲ့ ဆုံးဖြတ်ချက်ကို ဂျကာတာအခြေစိုက် အရပ်ဘက်အဖွဲ့အစည်းပေါင်းစုံ မဟာမိတ်အဖွဲ့က ဝေဖန်ကန့်ကွက်လိုက်ပါတယ်။ 

အာဏာသိမ်းစစ်ကောင်စီကို ဖိတ်ကြားမယ့်အစား မကြာခင်ကပဲ ရွေးချယ်ခံခေါင်းဆောင်တွေ ဖွဲ့စည်းခဲ့တဲ့ NUG အမျိုးသားညီညွတ်ရေးအစိုးရကိုသာ ဖိတ်ကြားဖို့ တိုက်တွန်းလိုက်ပါတယ်။ 

အာဆီယံထိပ်သီးအစည်းအဝေးကို မြန်မာနိုင်ငံရဲ့တရားဝင်အစိုးရသာတက်ရောက်ဖို့ ဖိတ်ကြားခြင်းအားဖြင့် စစ်အာဏာသိမ်းအစိုးရကို အသိအမှတ်ပြုရာရောက်စေမယ့် အပြုအမူတွေကို တားဆီးရာရောက်တယ်လို့ အင်ဒိုနီးရှား အရပ်ဘက်အဖွဲ့အစည်းပေါင်းစုံ ပူးတွဲထုတ်ပြန်ချက်မှာ ရေးထားပါတယ်။ 

မြန်မာပြည်သူလူထုကို အကြမ်းဖက်သတ်ဖြတ်ရာမှာ တာဝန်ရှိတဲ့ စစ်ခေါင်းဆောင်တွေကို ဖေါ်ထုတ်အရေးယူနိုင်ဖို့ အာဆီယံအဖွဲ့အစည်းဟာ ခိုင်ခိုင်မာမာရပ်တည် အရေးယူသင့်တယ်လို့လည်း တိုက်တွန်းထားပါတယ်။

အာဏာသိမ်း စစ်ခေါင်းဆောင်ကို အာဆီယံက အစည်းအဝေးတက်ဖို့ ဖိတ်တာကို ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ CRPH ကလည်း ကန့်ကွက်ထားသလို ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းလည်း အာဆီယံဟာ အကြမ်းဖက်အာဏာလုစစ်ကောင်စီကို လူရာသွင်းဖို့  ကြိုးပမ်းနေတယ်ဆိုပြီး ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချထားပါတယ်။

ကျင်းပတော့မယ့် မြန်မာ့အရေး အာဆီယံထိပ်သီးဆွေးနွေးပွဲဟာ မြန်မာနိုင်ငံကို ကျဆုံးနိုင်ငံတခုမဖြစ်လာစေဖို့ အာဆီယံအဖွဲ့အစည်းရင်ဆိုင်ရမယ့် အကြီးမားဆုံးစမ်းသပ်ချက်ပဲလို့ မြန်မာ သမိုင်းပညာရှင်  ဒေါက်တာသန့်မြင့်ဦးက သူ့ရဲ့ တွစ်တာလူမှုကွန်ရက်မှာ ရေးပါတယ်။ 

ဒီနည်းလမ်းကသာ ဒီမိုကရေစီ ပြန်လည်တည်ဆောက်ဖို့ ဦးတည်နိုင်လိမ့်မယ်ဆိုပေမယ့် အကြမ်းဖက်ဖမ်းဆီးသတ်ဖြတ်ခံနေရတဲ့ မြန်မာနိုင်ငံသားတွေကို အကာအကွယ်ပေးဖို့နဲ့ လူသားချင်းစာနာထောက်ထားမှု အဖွဲ့အစည်းတွေ လုပ်ငန်းဆောင်ရွက်ခွင့်ရဖို့ကို အမြန်ဆုံး ရည်ရွယ်ဆောင်ရွက်သင့်တယ်လို့လည်းဆိုပါတယ်။

အာဆီယံအထူးအစည်းအဝေးကို လာမယ့် ဧပြီ ၂၄ နေ့ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှာ ကျင်းပမယ်လို့ တရားဝင်ကြေညာထားပါတယ်။

ဒီအစည်းအဝေးကို မလေးရှား ဝန်ကြီးချုပ်တက်ရောက်မှာ ဖြစ်သလို အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တက်မယ်လို့လည်း မလေးရှားနိုင်ငံခြားရေး ဝန်ကြီးကပြောတယ်။

ဒါ့အပြင် စစ်ကောင်စီ ပြန်ကြားရေးဒုဝန်ကြီး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကလည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အစည်းအဝေးတက်မှာ ဖြစ်တယ်လို့ Nikkei Asia ဂျပန်သတင်းဌာနကို အတည်ပြုပြောထားပါတယ်။ 

ဒါပေမဲ့ လူကိုယ်တိုင်သွားတက်မှာလား အွန်လိုင်းကနေတက်ရောက်မှာလားဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ ပြီးခဲ့တဲ့ ရက်ပိုင်းကတော့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အွန်လိုင်းကနေပဲ Video Conferencing နဲ့ တက်ရောက်တော့မယ်လို့ အင်ဒိုနီးရှား သံရုံးကတဆင့်စာပို့ ထားကြောင်းသိရပါတယ်။ 

တကယ်လို့ သူသာ မြန်မာနိုင်ငံအပြင်ဘက် ထွက်ခွာလာခဲ့ရင် အာဏာသိမ်းကာလအတွင်း လူပေါင်း ၇၀၀ ကျော်ကို သတ်ဖြတ်ခဲ့တဲ့ ရာဇဝတ်မှုတွေအတွက် လက်ထိတ်ခတ်သင့်တယ်လို့ Globle R2P ဒါရိုက်တာပြောဆိုထားပါ။ 

ထိုင်းဝန်ကြီးချုပ် ပရာယုသ် ချန်အိုချာကတော့ အာဆီယံရဲ့အထူးအစည်းအဝေးကို တက်ရောက်မှာ မဟုတ်ဘဲ ကိုယ်စား ဒုဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေးဝန်ကြီး ပူးတွဲ တာဝန် ထမ်းဆောင်သူ ဒွန် ပရာမဒ်ဝီနိုင်းကို စေလွှတ်ဖို့ ဆုံးဖြတ်ထားတယ်လို့ ဘန်ကောက်ပို့စ် သတင်းစာမှာ ရေးပါတယ်။ 

မြန်မာ့အရေး အာဆီယံထိပ်သီးဆွေးနွေးပွဲကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကလည်း တက်ရောက်နိုင်ဖို့ ကမ်းလှမ်းထားတယ်လို့လည်း သိရပါတယ်။

အဖွဲ့ဝင်နိုင်ငံတခုရဲ့ ပြည်တွင်းရေးကို လူသိရှင်ကြားဝေဖန်ပြောဆိုလေ့မရှိခဲ့တဲ့ အာဆီယံအဖွဲအနေနဲ့ မြန်မာနိုင်ငံက အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက်သတ်ဖြတ်မှု တွေနဲ့ပတ်သက်လို့ နိုင်ငံခေါင်းဆောင်တွေ အရေးပေါ်တွေ့ဆုံ ဆွေးနွေးကြဖို့ စီစဉ်တာဟာ စတင်ဖွဲ့စည်းခဲ့တဲ့ နှစ်ပေါင်း ၅၀ ကျော်အတွင်း ပထမဆုံးအကြိမ်ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013