
မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့နယ် ခင်ကြီးကျေးရွာမှာ အာဏာသိမ်းစစ်ကောင်စီ အကြမ်းဖက်အဖွဲ့ရဲ့ လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေက ရွာသားတွေရဲ့ ရွှေ၊ ငွေတွေကို လုယက်၊ ဆိုင်ကယ်တွေကို ဖျက်ဆီးပြီး ရွာသားအယောက် ၄၀ လောက်ကို ဖမ်းဆီးသွားပါတယ်။
ခင်ကြီးကျေးရွာက ကျောင်းထဲမှာ ဧပြီ ၁၉ ရက်နေ့က CDM မလုပ်တဲ့ဆရာမတွေက ကျောင်းဖွင့်ဖို့သန့်ရှင်းရေးလုပ်ရာ ပြည်သူတွေက သံပုံးတီးမောင်းထုတ်ခဲ့လို့ ဆရာမတွေ ထွက်ပြေးကြပြီးမကြာခင် စစ်ကား ၅ စီးရောက်ရှိလာပြီး အသံဗုံး ၄ ချက်ခွဲခဲ့ပါတယ်။
ဒီနေ့ ဧပြီ ၂၀ ရက် မနက်ပိုင်းမှာလည်း စစ်ကားတွေ ထပ်မံရောက်ရှိလာပြီး အိမ်တွေထဲ အထိအဝင်ရောက်ရှာဖွေကာ ရွှေ၊ ငွေ စတဲ့ တန်ဖိုးကြီးပစ္စည်းတွေ ယူငင်သွားသလို ဆိုင်ကယ်တွေကိုလည်း ဖျက်ဆီးသွားတယ် ဒေသခံရွာသား တစ်ဦးက ပြောပါတယ်။
နေ့လည်ပိုင်းမှာလည်း စစ်တပ်က ထပ်မံရောက်ရှိလာပြီး ဒလန်ရဲ့သတင်းပေးမှုကြောင့် ရွာအပြင်ဘက်တောထဲမှာ ပုန်းအောင်းနေတဲ့ ရွာသား အယောက် ၄၀ လောက်ကို ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။