
ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်နဲ့ လှိုင်သာယာမြို့နယ်မှာ သက်ကြီးပိုင်းအမျိုးသမီးကြီး အပါအဝင် အရပ်သား ၆ ယောက်ကို ဖဲရိုက် လောင်းကစားလုပ်မှုနဲ့ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
မေ ၂၃ ရက်က ကြည့်မြင်တိုင်မြို့နယ်၊ ဝါးရုံဆိပ်ရပ်ကွက်က အသက် ၆၀ ဝန်းကျင်အရွယ် ဒေါ်ဝိုင်းစိန်းမနဲ့ အမျိုးသား ၂ ယောက်၊ မေ ၂၆ ရက်က လှိုင်သာယာမြို့နယ်၊ မီးခွက်ဈေးအနီးက အသက် ၅၀ ကျော်အရွယ် ဒေါ်ကြည်ပြာနဲ့ အမျိုးသား ၂ ယောက်ကို ရဲတွေက ဖဲရိုက် လောင်းကစားပြုလုပ်မှုနဲ့ ဖမ်းခဲ့တာလို့ သိရပါတယ်။
ရန်ကုန် ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတယောက်က “လှိုင်သာယာနဲ့ ကြည့်မြင်တိုင်မှာ လောင်းကစားကိစ္စနဲ့ အဖမ်းခံရတဲ့ ဖြစ်စဉ်တွေက သတင်းပေးသူ ရှိတာကြောင့် ဖမ်းတာလို့ သိရပါတယ်။ ဖဲရိုက်နေတုန်း ဝင်ဖမ်းခဲ့တာလို့ သိရတယ်”လို့ ပြောပါတယ်။
အရပ်သားတွေကို ဖဲရိုက် လောင်းကစားလုပ်မှုနဲ့ ဖမ်းဆီးခဲ့တဲ့အပြင် အရပ်သားတွေရဲ့ ငွေသားတချို့နဲ့ လက်ကိုင်ဖုန်းတွေ လက်ဝတ်ရတနာတွေကိုပါ ရဲတွေက သိမ်းဆည်းသွားတယ်လို့ ဆိုပါတယ်။
လှိုင်သာယာမြို့နယ်က အရပ်သားတယောက်က “စီမံချက်နဲ့ ဖမ်းတာဆိုလား၊ သတင်းပေးလို့ ဖမ်းတာလား မသိဘူး။ ရဲမှူးတွေ၊ စခန်းမှူးတွေ၊ နယ်မြေမှူးတွေနဲ့ ပေါင်းလုပ်နေတဲ့ ဖဲရိုက် လောင်းကစားဝိုင်းတွေ လှိုင်သာယာမှာ အများကြီး။ ရဲမပါတဲ့ ဖဲဝိုင်း အဖမ်းခံထိတာ” လို့ ပြောပါတယ်။
အဖမ်းခံရတဲ့သူတွေထဲက ကြည့်မြင်တိုင်မြို့နယ်က အရပ်သား ၃ ယောက်ကို ကြည့်မြင်တိုင်မြို့နယ်၊ စက်ဆန်းနယ်မြေရဲစခန်းနဲ့ လှိုင်သာယာမြို့နယ်က အဖမ်းခံရသူ ၃ ယောက်ကို လှိုင်သာယာ နယ်မြေရဲစခန်းမှာ လောင်းကစား ဥပဒေပုဒ်မ ၁၅(က) နဲ့ အမှုဖွင့် အရေးယူထားပါတယ်။










