DVB Logo
Home
မြန်မာသတင်း
ဗန်းမော်ခရိုင်၌ တိုက်ပွဲကြောင့် ပြည်သူ ၂၀၀၀၀ ကျော် စစ်ဘေးသင့်၊ အသက် ၈၀ ကျော်အဘွားအို ကျည်ထိမှန်သေဆုံး
DVB
·
April 20, 2021
ဗန်းမော်ခရိုင်၌ တိုက်ပွဲကြောင့် ပြည်သူ ၂၀၀၀၀ ကျော် စစ်ဘေးသင့်၊ အသက် ၈၀ ကျော်အဘွားအို ကျည်ထိမှန်သေဆုံး
Donate to DVB

ကချင်ပြည်နယ် ဗန်းမော်ခရိုင်ထဲမှာ အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်နဲ့ ကေအိုင်အေအကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် တာပိန်မြစ်ရိုးတလျှောက်ရှိ ကျေးရွာတွေက  ပြည်သူ ၂၀၀၀၀ ကျော် ဗုံးကြဲတဲ့ ဧရိယာအောက်မှာ ရှိပြီး စစ်ဘေးဒဏ်သင့်နေရပါတယ်။ 

ဧပြီ ၁၀ ရက်မှ ၁၉ ရက်အထိ တိုက်ပွဲကြောင့် မိုးမောက်မြို့နယ်က ဒေသခံ ရွာသား ၄ ဦးသေဆုံးခဲ့ပြီး နေအိမ်နဲ့ ဘုန်းကြီးကျောင်းတွေပျက်စီးကာ ထောင်နဲ့ချီတဲ့ ပြည်သူတွေ ဘေးလွတ်ရာကို တိမ်းရှောင်နေရတယ်လို့ မိုးမောက်မြို့နယ် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီဝင် စိုင်းကျော်သီဟက ဒီဗွီဘီကို ပြောပါတယ်။ 

“တိုက်ပွဲစတာကတော့ ဧပြီ ၁၀ ရက်ပေါ့ အပြင်းထန်ဆုံးက ဧပြီလ ၁၂ ရက်နေ့လို့ ဆို ရမယ်။ မြန်မာတပ်ဘက်က မြေပြင်မှာလည်း လက်နက်ကြီးနဲ့ထုတယ်။ လက်နက်ငယ်နဲ့ ပစ်တယ် လေယာဉ်ပေါ်ကနေလည်း ဗုံးကြဲတယ်။ ဒီအတောတွင်း စီဟတ်ရွာက အသက် ၈၀ ကျော် အဘွား ၁ ယောက်၊ နမ့်ငေါရွာက အသက် ၂၁ နှစ်ရွယ် ကလေးအမေနဲ့ ရွှေမောင်းရွာက မြေးအဘွား ၂ ယောက် အဖွားက ၈၃ မြေးလူရွယ်က ၂၃ နှစ် လက်နက်ကြီးထိပြီး ဆုံးသွားတယ်။ သူတို့အိမ်လည်း ပျက်စီးသွားတယ်။ ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိတယ်။  အိမ်ပျက်စီးတဲ့ရွာကတော်တော်များ ပါတယ်။ စစ်ကြောင်းတွေလည်းရှိနေတော့ စာရင်းအကုန်မသိနိုင်ဘူးခင်ဗျ၊ သေချာတာကတော့တာ ပိန်မြစ်ရိုးတလျှောက်က ရွာသားပေါင်း နှစ်သောင်းကျော် စစ်ဘေးဒဏ်သင့်နေကြပါတယ်။ ”

ရွာထဲကိုလက်နက်ကြီးကျတာကြောင့် ကုန်းလော၊ စီဟတ်၊ နောင်ကွမ်၊ မြို့သစ်၊ ရွှေမောင်း၊ န့်ငေါ၊ တာဆိုင်း၊ နွယ်မလန်း စတဲ့ ရွာက ရွာသားတွေ ထောင်နဲ့ချီထွက်ပြေးပြီး မိုးမောက်မြို့နယ် မန်နောင်ကျေးရွာ၊ နောင်လျဲန်ရွာနဲ့ ဗန်းမော်မြို့ ရွှေကျီးနားကျောင်းတိုက်၊ ပရဟိတကျောင်း၊ သိမ်တော်ကြီး နဲ့ အခြားနေရာတွေမှာ ဝင်ရောက်ခိုလှုံနေရတယ်လို့ ဆိုပါတယ်။ 

ဗန်းမော်ရောက် စစ်ပြေး‌ရှောင်ပြည်သူတွေကို ဝါရှောင်ဆရာတော်ဦးဆောင်တဲ့ စေတနာရှင် အဖွဲ့၊ ဝိုင်းမော်နဲ့ မိုးမောက် ကရှမ်းလူငယ်အဖွဲ့၊ ရှမ်းပြည်အရှေ့ပိုင်းSNLD နဲ့ အဖွဲ့ချုပ်ကပါ တတ်နိုင်သလောက် သွားရောက်ကူညီခဲ့တယ်လို့သိရပါတယ်။

ဒါပေမဲ့ စစ်ဘေးရှောင်လူဦးရေများပြီး နေရာကြပ်တည်းတဲ့အခက်အခဲနဲ့ ရွာတွေမှာ တစ်အိမ်ကို လူ ၁၀ ကျော် သွားရောက် ခိုလှုံနေရတာဖြစ်လို့ ရေရှည်ဆိုရင် အိမ်ရှင်အတွက် အခက်အခဲရှိနိုင်တယ်လို့ ဆိုပါတယ်။

စစ်ဘေးရှောင်ပြည်သူတွေဟာ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်တာကြောင့် လက်ရှိ ဖရဲသီးနဲ့ ကောက်ပဲသီးနှံတွေ ခူးဆွတ်ဖို့အချိန်တန်ပေမယ့် ပစ်ထားရကြောင်း၊ နောင်ကွမ်ရွာမှာ အခြေစိုက်တဲ့ မြန်မာတပ်က ရွာအနီးတဝိုက် မီတာ ၁၀၀ ပတ်လည်မှာ မိုင်းတွေမြှုပ်ထားပြီး ကျွဲနွားတွေ နင်းမိတဲ့အခါ မိမိကျွဲနွားသေဆုံးရတဲ့အပြင် စစ်တပ်က တကောင် ကျပ် ၁ သိန်း ဒဏ်ခတ်တာကြောင့် တစ်ပူပေါ်နှစ်ပူဆင့်နေရတယ်လို့ စိုင်းကျော်သီဟက ပြောပါတယ်။ 

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကို ကာကွယ်ရ မယ့်အစား ပြည်သူတွေကို အကာအကွယ်ယူပစ်ခတ်နေတာ၊ ပြည်သူတွေ သေကြေပျက်စီးစေတဲ့ လုပ်ရပ်အပေါ်တာဝန်ယူမှု တာဝန်ခံမှုမရှိတဲ့လုပ်ရပ်တွေဟာ နိုင်ငံတကာစစ်ရာဇဝတ်မှုမြောက်ပြီး ဘယ်လိုမှလက်ခံနိုင်စရာမရှိဘဲ အပြင်းအထန်ဆန့်ကျင်ကြောင်း SNLD ပါတီ ဌာနချုပ် ကချင်ပြ ည်နယ်ရုံးခွဲက ဧပြီ ၁၉ ရက်နေ့စွဲနဲ့ ထုတ်ပြန်ကြေညာထားပါတယ်။ 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013