DVB Logo
Home
မေးမြန်းခန်း
တရုတ်ရဲ့ စွမ်းအားကို ထိန်းဖို့ အိန္ဒိယက မြန်မာကို စစ်လက်နက်ပိုပေး
DVB
·
November 3, 2013
တရုတ်ရဲ့ စွမ်းအားကို ထိန်းဖို့ အိန္ဒိယက  မြန်မာကို စစ်လက်နက်ပိုပေး
Donate to DVB

တရုတ်ရ့စွမ်းအားကို ထိန်းညှိလိုတာကြောင့် အိန္ဒိယနိုင်ငံဟာ မြန်မာကို စစ်ရေးအကူအညီ တိုးပေးနေတယ်လို့ အိန္ဒိယတိုင်းမ်းသတင်းစာက ရေးသားဖော်ပြလိုက်ပါတယ်။

[caption id="attachment_13292" align="alignleft" width="300" caption="​ဒေါက်တာ တင့်​ဆွေ (ဓာတ်ပုံ - ဒီဗွီဘီ)"][/caption]

မကြာသေးခင်က မြန်မာပြည်ကို သွားရောက်ခဲ့တဲ့ အိန္ဒိယနိုင်ငံရဲ့ ကြည်းတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဘီးကရမ် ဆင်း (General Bikram Singh)ရဲ့ ခရီးစဉ်အတွင်း ဒုံးပျံလောင်ချာ၊ အိုင်လင်ဒါ ပင်လယ်ကင်းလှည့်ရေယာဉ်တွေအပြင် သောင်းကျန်းသူ နှိမ်နင်းရေး (ဆော့လ်ဝဲ-ဂိမ်း) လဲ ပါဝင်တယ်လို့ သတင်းစာမှာ ဖော်ပြထားပါတယ်။

 

အိန္ဒိယဟာ မြန်မာစစ်တပ်ကို ၁၉၉၀ ကျော်နှစ်တွေထဲက ဒီနေ့ထိ စစ်လက်နက် ပစ္စည်း အကူအညီ ပေးခဲ့ပြီး အခု တကြိမ်မှာတော့ နည်းပညာမြင့် စစ်လက်နက်တွေပါ ထောက်ပံ့ ကူညီခဲ့တာ ဖြစ်ပါတယ်။

ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး အိန္ဒိယနိုင်ငံ ယမုံနာဆေးခန်းက ဆရာဒေါက်တာတင့်ဆွေကို ဆက်သွယ် မေးမြန်းထားပါတယ်။

ဆရာတို့ အိန္ဒိယမှာ ဖတ်မှတ်ရတဲ့ သတင်းအရ အိန္ဒိယ ကြည်းတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး သွားတုန်းက မြန်မာကို စစ်ရေးအကူအညီတွေ ပေးခဲ့တယ်ဆိုတာ ကြားရသလဲခင်ဗျ။

“ဒီနေ့ အိန္ဒိယထုတ် နေ့စဉ်သတင်းစာမှာလည်း အဲဒါကို ရေးထားတယ်ခင်ဗျ။ အစုံတော့ အစုံပဲ ခင်ဗျ။ ကော့ကတ်လို့ ခေါ်တဲ့ လက်နက်တွေလည်း ပါတယ်။ ပင်လယ်ကင်းလှည့် ရေယာဉ်တွေလည်း ပါတယ်။ သူတို့ အသုံးအနှုန်းအရ သောင်းကျန်းသူ နှိမ်နင်းရေးအတွက် ဆော့ဝဲလ် ဂိမ်းလို့ခေါ်တဲ့ ကွန်ပျူတာနဲ့ သုံးပြီး စစ်ဆင်ရေးတွေ လေ့ကျင့်တဲ့ဟာလည်း ပါတယ်ခင်ဗျ။ နှစ်နိုင်ငံ နယ်စပ်လုံခြုံရေး တိုးပြီး ဆောင်ရွက်ဖို့ သဘောတူညီခဲ့တယ်လို့လည်း ဆိုပါတယ်။ ဘီးကရမ် ဆင်းက မြန်မာသမ္မတ ဦးသိန်းစိန်ကော နိုင်ငံခြားရေးဝန်ကြီးရော၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကော တွေ့တယ်လို့ ပြောပါတယ်။”

ဆရာတို့ သိရသလောက် အိန္ဒိယက မြန်မာစစ်တပ်ကို ဒါပထမဆုံးလား။ အရင်တုန်းကကော ပေးခဲ့ဖူးလား။

“သူက အမြဲတမ်းလိုလို ပေးနေတာ ခင်ဗျ။ ၁၉၈၈ ဒီမိုကရေစီအရေးအခင်း ဖြစ်ပြီးတဲ့နောက် လပိုင်းလောက်ကတော့ ဒီမိုကရေစီဘက်ကို ထောက်ခံတယ်ဆိုပြီးတော့ မြန်မာနိုင်ငံ အာဏာသိမ်းအစိုးရနဲ့ ဆက်ဆံရေး တော်တော်ဆိုးခဲ့ရာကနေပြီးတော့ နှစ်နိုင်ငံ ဆက်ဆံရေး ပြန်ထူထောင်ဖို့ လုပ်တဲ့နေရာမှာ စစ်တပ်နဲ့ စစ်တပ်ချင်း ဆက်ဆံရေးစခဲ့တာပါ။ ဆက်ဆံရေးလည်း စစ်တပ်က စပြီးတော့ ဒီနောက်ပိုင်း နအဖ လက်ထက်ရောက်တဲ့အချိန်က စပြီးတော့ စစ်ရေး အကူအညီကို ပြန်ပြီး စပေးလာတယ်။ အဲဒီတုန်းက လက်နက်ငယ်တွေနဲ့ စစ်သုံးယာဉ်တွေကို ပေးခဲ့တယ်။ ဒီစစ်သုံးယာဉ်နဲ့ လက်နက်ငယ်တွေကို နယ်စပ်ဒေသကနေ ဖြတ်ပြီးတော့ ကားကြီးကားငယ်တွေနဲ့ မိုးကာစ အုပ်ပြီး လူမသိသူမသိ အချိန်မှာ မိုးရေးကနေ တမူးကို ဖြတ်ပြီး ပို့ခဲ့တာ အကြိမ်ကြိမ် ဖြစ်ပါတယ်။ အဲဒီနောက်ပိုင်းမှာလည်း လေယာဉ်ပစ်အမြောက်အထိ ဆွီဒင်နိုင်ငံထုတ် လက်နက်တွေ ပေးခဲ့တယ်ဆိုတဲ့ သတင်းပေါ့လေ။ ဒါကိုလည်း နှစ်ဖက်က ငြင်းကြတယ်။ သို့သော်လည်းပဲ ပေးခဲ့လို့ ကချင်ဒေသမှာ တွေ့ခဲ့တာပေါ့။ စစ်လက်နက်တင်မကဘူး စစ်သင်တန်းကလည်း ၁ နှစ်ထက် ၁ နှစ်ကို တပ်မတော် အရာရှိ ၁၀၀ လောက်ကို နှစ်စဉ် အိန္ဒိယက သင်တန်းပေးနေတယ်။ စစ်ရေးအမာထည်တင်မကဘူး အပျော့ထည်တွေလည်း ပေးနေတယ်ဆိုတော့ တောက်လျှောက်ပေးတယ်လို့ ပြောရမှာပေါ့။ ”

ဒီတကြိမ်ကကော ထူးထူးကဲကဲ ဘာတွေပေးလိုက်တာ သတိထားမိလဲ။

“ဆော့လ်ဝဲယား ဂိမ်းတွေလည်း ပေးတယ်။ နောက်တခါ ရော့ကတ်လောင်ချာလည်း ပေးလာတယ်ဆိုတော့ လက်နက်ငယ်တင်မကပဲ တိုးလာတဲ့သဘော ဖြစ်ပြီးတော့ ရေတပ် အတွက်ပါ အသုံးကျမယ့် ကင်းလှည့်ရေယာဉ်တွေလည်း ပေးလာတယ်ဆိုတော့ အရင်ကထက် တိုးတက်ပြီးပေးလာတယ်လို့ ပြောရမှာပေါ့။ ”

အရင်ကထက် တိုးတက်ပြီးပေးတာ ဘာကြောင့်ဖြစ်နိုင်ပါသလဲ။

“ကျနော်တို့ကတော့ သုံးသပ်ရတာပေါ့လေ။ သို့သော် အစိုးရတပိုင်း သို့မဟုတ် အိန္ဒိယနိုင်ငံမှာ အင်္ဂလိပ်ဘာသာနဲ့ ထုတ်ဝေတဲ့ အကြီးဆုံး သတင်းစားကြီး ခေါင်းစဉ်မှာကို တရုတ်ရဲ့ စွမ်းအားကို ထိန်းညှိဖို့အတွက်ဆိုပြီး ရေးထားတဲ့အခါ ဒါက သူတို့ ရည်ရွယ်ချက် အမှန်ဖြစ်ဖို့ များပါတယ်။ သို့သော်လည်းပဲ ကျနော်တို့ မြင်တာက နိုင်ငံတကာ ဆက်ဆံရေးကို ကြည့်ရင် တချိန်မှာ အိန္ဒိယဟာ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ ဆက်ဆံရေး စစ်ရေးကို ကြည့်လို့ရှိရင် သူတို့ လုပ်နေတာဟာ တရုတ်ကို ကြည့်ပြီးတော့ လုပ်နေတာမဟုတ်ဘူးလို့ တချိန်တည်းမှာ ဆင်ခြေပေးကြတယ်။ သို့သော် နောက်ဆုံး အထင်ကရသတင်းစာကနေ တရုတ်ရဲ့ စွမ်းအားကို ထိန်းညှိဖို့ဆိုပြီး ဖြစ်လာတော့ တရုတ်ကို ထိန်းညှိချင်လို့ မြန်မာနိုင်ငံကို ကူညီတာ ဖြစ်နိုင်ခြေများတယ်လို့ ထင်ပါတယ်။ ”

အိန္ဒိယနိုင်ငံ ယမုံနာဆေးခန်းက ဆရာဒေါက်တာတင့်ဆွေ ပြောပြခဲ့တာပါ။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013