
တိုင်ဖွန်း နာရာကြောင့် ဗီယက်နမ်မြောက်ပိုင်းက အိမ်ထောင်စု ၄,၃၀၀ ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပြီး လူတယောက် သေဆုံးကာ လမ်းတွေ၊ အိမ်တွေနဲ့ လယ်ယာမြေတွေ ရေလွှမ်းခဲ့တယ်လို့ အာဏာပိုင်တွေက သြဂုတ် ၂၄ ရက်မှာ ပြောပါတယ်။
မြစ်ရေလျှံခြင်း၊ မြေပြိုခြင်းနဲ့ မိုးသည်းခြင်းတို့ကြောင့် လူမှုအသိုက်အဝန်းတွေ အဆက်အသွယ် ပြတ်တောက်ပြီး အန္တရာယ်ရှိတယ်လို့ ယူဆရတဲ့ အိမ်တွေကနေ ထွက်သွားဖို့ အတင်းအကျပ် ခိုင်းစေခံရတယ်လို့ ဗီယက်နမ် သဘာဝဘေးအန္တရာယ်နဲ့ ရေကာတာစီမံခန့်ခွဲမှု အာဏာပိုင်အဖွဲ့က ဆိုပါတယ်။
မြောက်ပိုင်း တောင်တန်းပြည်နယ်တွေဖြစ်တဲ့ ကွမ်နင်၊ ကောဘန်၊ လန်ဆန်နဲ့ ဘက်နင်တို့လည်း အဆိုးရွားဆုံး ထိခိုက်ခဲ့ရတဲ့ ဒေသတွေထဲမှာ ပါခဲ့ပါတယ်။
လန်ဆန်နဲ့ ကောဘန် တောင်တန်းပြည်နယ်တွေမှာ တနင်္လာနေ့ ဒေသစံတော်ချိန် ညနေ ၇ နာရီ မတိုင်မီ ၂၄ နာရီအတွင်း မိုးရေချိန် ၂၃၆ မီလီမီတာကနေ ၃၀၀ မီလီမီတာ နီးပါးအထိ ရွာသွန်းခဲ့ပြီး ရေကြီးရေလျှံကာ မြေပြိုခဲ့ပါတယ်။
ယူနက်စကို ကမ္ဘာ့အမွေအနှစ်နေရာ ဟာလောင်းပင်လယ်အော်တည်ရှိရာ ကွမ်နင်မှာလည်း ရေကြီးရေလျှံခဲ့ပြီး ဟာလောင်းမြို့ရဲ့ အစိတ်အပိုင်းတချို့မှာ မိုးသည်းလို့ လမ်းအတော်များများမှာ ယာဉ်ကြောပိတ်ဆို့ခဲ့ပါတယ်။
နောက်ထပ် အကြောင်းကြားစာမရမချင်း သင်္ဘောတွေ ပင်လယ်ပြင်ဆီ ထွက်ခွာခွင့်ကို ကွမ်နင် အာဏာပိုင်တွေက သြဂုတ် ၂၂ ရက်ကစပြီး ရပ်ဆိုင်းထားပါတယ်။
မုန်တိုင်းက တုံကင်ပင်လယ်ကွေ့မှာ အချိန်ကြာနေလို့ ခရီးသွားလုပ်ငန်း၊ ငါးဖမ်းလုပ်ငန်းနဲ့ သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေ ပိုအနှောင့်အယှက် ဖြစ်စေနိုင်တယ်လို့လည်း သူတို့က သတိပေးခဲ့ပါတယ်။
မုန်တိုင်းကြောင့် မြောက်ပိုင်းဗီယက်နမ်တဝန်းမှာ မိုးဆက်ပြီး သည်းနေခဲ့ပါတယ်။
တောင်တရုတ်ပင်လယ်ကို မျက်နှာမူထားတဲ့ ရှည်လျားတဲ့ ကမ်းရိုးတန်းရှိတဲ့ ဗီယက်နမ်ဟာ လူအသေအပျောက်ရှိတဲ့ တိုင်ဖွန်းမုန်တိုင်းတွေကို မကြာမကြာ ကြုံတွေ့ရလေ့ရှိပါတယ်။
တိုင်ဖွန်း နာရာကြောင့် တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ကွမ်ရှီးဒေသရဲ့ အစိတ်အပိုင်း အတော်များများကို ရေလွှမ်းမိုးခဲ့ပြီး လူတွေကို ဘေးလွတ်ရာဆီ ရွှေ့ပြောင်းပေးခဲ့ရပါတယ်။
နင်မင်မြို့နယ် အစိုးရက သြဂုတ် ၂၄ ရက်မှာ အရေးပေါ် ရေကြီးရေလျှံမှု ထိန်းချုပ်ရေး သတိပေးချက် ထုတ်ပြန်ခဲ့ပြီး ဟွာရှန်း ရှုခင်းသာဧရိယာ အပါအဝင် မြေနိမ့်ဒေသတွေက ဒေသခံတွေကို ဘေးလွတ်ရာဆီ ချက်ချင်းရွှေ့ဖို့ အကြံပေးခဲ့ပါတယ်။
ရေကြီးလို့ လူပေါင်း ၅၄,၀၀၀ လောက်ကို ရွှေ့ပြောင်းပေးခဲ့ရပြီး ၈,၀၈၇ ယောက်ကို အရေးပေါ်ခိုလှုံရာနေရာတွေဆီ ရွှေ့ပေးခဲ့ရတယ်လို့ နိုင်ငံပိုင်ရုပ်သံ CCTV က ပြောပါတယ်။
သြဂုတ် ၂၆ ရက်အထိ တရုတ်နိုင်ငံ တောင်ပိုင်းဒေသတွေမှာ မိုးသည်းကြီးမည်းကြီး ဆက်ရွာနေမယ်လို့ မျှော်လင့်ရပြီး ကွမ်ရှီး၊ ကွမ်တုံ၊ ဟိုင်နန်နဲ့ ဖူကျန်းဒေသတွေမှာ မိုးသည်းနိုင်တယ်လို့ CCTV က ပြောပါတယ်။
Source: Reuters











