DVB Logo
Home
မြန်မာသတင်း
စစ်အာဏာရှင်အမြစ်ပြတ်ဖျက်သိမ်းရေး ကြိုးပမ်းမည်ဟု ဒုသမ္မတဒူဝါလရှီးလ နှစ်သစ်မိန့်ခွန်းပြော
DVB
·
April 17, 2021
စစ်အာဏာရှင်အမြစ်ပြတ်ဖျက်သိမ်းရေး ကြိုးပမ်းမည်ဟု ဒုသမ္မတဒူဝါလရှီးလ နှစ်သစ်မိန့်ခွန်းပြော
Donate to DVB

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ဟာ  တိုက်ပွဲဝင် အစိုးရတစ်ရပ်သာဖြစ်ပြီး  စစ်အာဏာရှင် အမြစ်ပြတ်ဖျက်သိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ်တစ်ရပ် ထူထောင်နိုင်ရေး တိုင်းရင်းသားပြည်သူအားလုံးနဲ့ ဆက်လက်လက်တွဲ ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ နိုင်ငံတော်ဒုတိယသမ္မတ ဒူဝါလရှီးလက ဒီကနေ့ ဧပြီ ၁၇ ရက်မှာ နှစ်သစ်အဖွင့်မိန့်ခွန်း ပြောကြားလိုက်ပါတယ်။ 

ဖေဖော်ဝါရီ ၁ ရက်နေ့မှာ အကြမ်းဖက်စစ်အုပ်စုက နိုင်ငံတော်အာဏာကို မတရား သိမ်းပိုက်လိုက်တဲ့အတွက်အခြေခံဥပဒေနဲ့ လူထုအစိုးရ ပျက်ပြယ်သွားပြီဖြစ်လို့  ကြားကာလအစိုးရ တစ်ရပ်ကို ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်နဲ့ နိုင်ငံရေးလမ်းပြမြေပုံတို့နဲ့အညီ ဖွဲ့စည်းသွားဖို့ လိုအပ်လာကြောင်းနဲ့ စစ်အာဏာသိမ်းကတည်းက  မတရားဖမ်းဆီးထိန်းသိမ်းခံထားရသူတွေ၊ အသက်စတေးခဲ့ရသူတွေ၊ CDM ဝန်ထမ်းတွေ၊ စစ်အာဏာရှင်တပ်တွေနဲ့ စစ်မြေပြင်မှာ လက်တွေ့ တိုက်ပွဲဝင်နေတဲ့ ရဲဘော်တွေရဲ့ စွန့်လွှတ်အနစ်နာခံမှုတွေဟာ လောကပါလတရားနဲ့ ညီညွတ်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်တည်ထောင်ရေးမှာ အခြေခံအုတ်မြစ်တွေ အဖြစ် မှတ်တမ်းတင်အပ်ကြောင်း ဒုသမ္မတက ပြောပါတယ်။

ကြားကာလအတွက် ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်မှာ ချမှတ်ထားတဲ့ ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံသစ်တစ်ရပ် ထူထောင်ရေးဆိုင်ရာ နိုင်ငံရေးလမ်းပြမြေပုံ (၈) ချက်ကို လက်တွေ့ အကောင်အထည်ဖော်ဆောင်မယ့်  နိုင်ငံရေးခရီးလမ်းမှာ ကြမ်းတမ်းဦးမှာဖြစ်ပြီး ဒီကြားကာလ အစိုးရဟာလည်း တိုက်ပွဲဝင် အစိုးရတစ်ရပ်သာဖြစ်တယ်လို့ ဆိုပါတယ်။

အမျိုးသားညီညွတ်ရေး အစိုးရရဲ့ အဓိက နိုင်ငံရေးလုပ်ငန်းစဉ် နှစ်ရပ်ကတော့ ကြားကာလအစိုးရရဲ့ အစိုးရယန္တရားတွေကို ပြည်သူလူထုအတွင်း လက်တွေ့ အမြစ်တွယ်နိုင်ရေး လုပ်ဆောင်ဖို့နဲ့  ကြားကာလအစိုးရကို နိုင်ငံတကာက အသိအမှတ်ပြုမှုရရေးလုပ်ဆောင်ဖို့တို့ ဖြစ်တယ်လို့ နိုင်ငံတော်ဒုတိယသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။

ဒီလုပ်ငန်းစဉ် နှစ်ရပ်ကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ဖို့ ဖက်ဒရယ်တပ်မတော် တည်ထောင်တာ၊ သံခင်းတမန်ခင်းနည်းလမ်းမျိုးစုံနဲ့ နိုင်ငံတကာအသိအမှတ်ပြုမှု ရရှိလာအောင် ဆောင်ရွက်တာ စတဲ့အရေးကြီးတဲ့ နိုင်ငံရေးကဏ္ဍတွေကို ဆက်လက် ဆောင်ရွက်သွားရမယ်လို့ လည်းဆိုပါတယ်။

ဒါ့အပြင် အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့မှာ တာဝန်ထမ်းဆောင်မယ့်သူတွေနဲ့ ပတ်သက်ပြီးလည်း ဒုသမ္မတက “အမျိုးသားညီညွတ်ရေးအစိုးရ တစ်ရပ်အနေနဲ့ ရာထူး ဌာနန္တရ ရယူခြင်းမျိုး မဟုတ်ပဲ ခက်ခဲလှတဲ့ ကြားကာလ နိုင်ငံရေးလမ်းပြမြေပုံပါ တာဝန်တွေကို အောင်မြင်စွာ ထမ်းဆောင်ပြီး ပဋိညာဉ်ပါရည်ရွယ်ချက်တွေကို ပြီးပြည့်စုံအောင် ဆောင်ရွက်ရမယ့် ပုဂ္ဂိုလ်တွေ ဖြစ်တာကို အစဉ်သဘောပေါက် ခံယူဖို့လိုတယ်။ တာဝန်ထမ်းဆောင်ရမယ့် အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ဟာ ပြည်သူလူထု ခံစားနေ ရတဲ့ မတရားညဉ်းပန်းနှိပ်စက်မှု၊ ကြောက်ရွံ့ထိတ်လန့်မှု၊ အနာဂတ်ရဲ့ မသေချာမရေရာမှု၊ စားဝတ်နေရေးခက်ခဲမှု စတာတွေကို လုံခြုံစိတ်ချရတဲ့ လူနေမှုဘဝတွေအဖြစ်သို့ တည်ဆောက်ဖို့ တာဝန်ရှိတယ်” လို့ ပြောပါတယ်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ဧပြီ ၁၆ ရက်မှာ သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ ဦးဆောင်ပါဝင်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို ဖွဲ့စည်းကြောင်း ကြေညာခဲ့တာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013