DVB Logo
Home
မြန်မာသတင်း
သိမ်းဆည်းခံ ထားဝယ်လယ်သမားများ နိုဝင်ဘာ ၁၁ ရက်နေ့ ဆန္ဒပြမည်
DVB
·
November 1, 2013
သိမ်းဆည်းခံ ထားဝယ်လယ်သမားများ နိုဝင်ဘာ ၁၁ ရက်နေ့ ဆန္ဒပြမည်
Donate to DVB

တနင်္သာရီတိုင်း ထားဝယ်မြို့မှာ လယ်မြေလျော်ကြေးကိစ္စနဲ့ ပတ်သက်ပြီး သိမ်းဆည်းခံလယ်သမားတွေ ဆန္ဒပြခွင့်တင်ထားတာကို ပြည်ထဲရေးဝန်ကြီးဌာနက ခွင့်ပြုလိုက်တဲ့အတွက် နိုဝင်ဘာ ၁၁ ရက်နေ့ ဆန္ဒပြကြမှာ ဖြစ်ပါတယ်။

သိမ်းဆည်းခံရတဲ့ လယ်သမား ၁၀၀ ကျော် ဆန္ဒထုတ်ဖော်ကြမှာ ဖြစ်တယ်လို့ လယ်သမားအရေးလှုပ်ရှားဆောင်ရွက်နေတဲ့ ဦးသန်းဝင်းက ပြောပါတယ်။

“အဆောက်အဦ ဆောက်ပြီးတဲ့မြေကို ကာလပေါက်ဈေးအတိုင်း လျော်ပေးရမယ်။ မဆောက်သေးဘဲ ကျန်နေတဲ့ မြေတွေကို လယ်ယာမြေ မှတ်ပုံတင်ခွင့် ပြုပေးရမယ်၊ တပ်သိမ်းမြေများ ပြန်လည်ရရှိရေး” စတဲ့အချက်တွေကို တောင်းဆိုကြမယ်လို့ ပြောပါတယ်။

ထားဝယ်မြို့နယ်အတွင်းမှာ စစ်တပ်၊ ကုမ္ပဏီနဲ့ အစိုးရက သိမ်းထားတဲ့ လယ်သမား ၆၄ ဦးပိုင် ဧက စုစုပေါင်း ၄၀၀ ကျော်ရှိတယ်လို့ ဦးသန်းဝင်းက ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ထားဝယ်မြို့ ဆန်းချီရပ်ကွက်မှာ ၁၉၉၀ ပြည့်နှစ် အရင် စစ်အစိုးရလက်ထက်ကတည်းက သိမ်းယူထားတဲ့ လယ်သမား ၄၀ ကျော် ပိုင်တဲ့ လယ်ယာမြေတွေပေါ်မှာ ကုမ္ပဏီတာဝန်ရှိသူတွေနဲ့ အုပ်ချုပ်ရေးပိုင်း တာဝန်ရှိသူတွေက ခြံစည်းရိုးခတ်ပြီး ရင့်မှည့် စပါးခင်းတွေအပေါ် မြေကြီးတွေ လာဖို့ခဲ့လို့ အချေအတင် ဖြစ်ခဲ့တာ ဖြစ်ပါတယ်။

ဒီသိမ်းဆည်း မြေတွေပေါ်မှာ ၀န်ထမ်းအိမ်ရာနဲ့ ယဉ်ကျေးမှု ပြတိုက် ဆောက်လုပ်ဖို့ ကုမ္ပဏီ စုစုပေါင်း ၇ ခုက ကန်ထရိုက်ရရှိထားပြီး ကုမ္ပဏီ နာမည်တွေကိုတော့ မသိရဘူးလို့ ဦးသန်းဝင်းက ပြောပါတယ်။
လယ်သမားတွေထဲက ၂၄ ယောက်ကို လျော်ကြေးအနေနဲ့ ပေ ၄၀-၆၀ ၃ ကွက်စီ ပေးထားပြီးဖြစ်ပြီး လျော်ကြေး မယူထားတဲ့ လယ်သမား ၅ ဦးနဲ့ ပြဿနာဖြစ်ခဲ့တာ ဖြစ်ပါတယ်။

အခင်းဖြစ်တဲ့နေ့က တာဝန်ရှိသူတွေက ခြံစည်းရိုးလာခတ်ပြီး မြေကြီးတွေလာဖို့တဲ့အပေါ် လယ်သမားတဦးက လျော်ကြေး မယူထားကြောင်းနဲ့ လျော်ကြေးပေးမယ်ဆိုရင်လည်း မျှတစွာပေးဖို့ တောင်းဆိုခဲ့ပါတယ်။

ဒီအပေါ်မှာ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ အတွင်းရေးမှူး ဦးတင်သိန်းက အခုလို ပြန်လည် ပြောကြားခဲ့ပါတယ်။

“မင်းဘာပိုင်လဲ။ မင်းကို ငါလျော်ကြေးမပေးဘူးလား။ ဟေ့ကောင် အများက ယူရင် မင်းလည်း ယူရမယ်။ ဒါသည် ငါသိမ်းထားတာ မဟုတ်ဘူး။ ၁၉၉၀ ပြည့်နှစ်ကတည်းက သိမ်းထားတဲ့ လယ်တွေ။ မင်းတယောက်တည်း မယူတာ မင်းအပိုင်း။ ပေးရမှာ ငါ့အပိုင်း။ မင်းဒီထက် ပိုလိုချင်ရင် တရားရုံးမှာ ငါ့ကို တရားစွဲ။ ငါ့ကို ဓာတ်ပုံရိုက်ဖို့ ကြိုးစားလို့ကတော့ အဲဒီကင်မရာကို ရိုက်ချိုးပစ်မှာနော်။ ဘာလဲကွ အလုပ်မရှိ အကိုင်မရှိ။ မင်းတို့ထဲမှာ မြေပိုင်ဆိုင်မှု ရှိတဲ့ကောင် ထွက်လာခဲ့။ ငါဖြေရှင်းပေးနိုင်တယ်။”

လယ်ယာမြေအငြင်းပွားမှုပြဿနာကို တာဝန်ရှိသူတဦးက အမိန့်အာဏာသုံးပြီး ဖြေရှင်းခဲ့တဲ့အပေါ် ထားဝယ် ၈၈ မျိုးဆက် ပွင့်လင်းလူ့အဖွဲ့အစည်းရဲ့ ခေါင်းဆောင်တဦးဖြစ်သူ ဦးကျော်သောင်းက အခုလို ပြောပါတယ်။

“ကျနော်တို့အမြင်ကတော့ တာဝန်ရှိသူတွေဘက်က ညှိညှိနှိုင်းနှိုင်း လုပ်ရမယ်။ အခု လက်ရှိ နိုင်ငံတော် အကြီးအကဲ အတော်များများကလည်း ကြမ်းကြမ်းတမ်းတမ်း မပြောဘူး။ ပြည်သူတွေနဲ့ ညှိညှိနှိုင်းနှိုင်းလုပ်ပြီး ဒီနေရာမှာ ဘယ်လိုဆောက်မယ်ဆိုပြီး သူတို့ ချပြပေါ့။ မင်းတို့ကို ဘယ်လိုလျော်ကြေးပေးမယ်ဆိုပြီးတော့။ ဒါမှသာ နှစ်ဦး နှစ်ဖက် ပြေလည်မှာ ဖြစ်တယ်။ အခုက ညှိညှိနှိုင်းနှိုင်းမရှိဘဲ အာဏာရှင်အစိုးရပုံစံမျိုးနဲ့ မင်းတို့ ဒီလယ်မြေတွေကို ဘယ်သူပိုင်လဲ ပိုင်တဲ့ကောင် ထွက်လာခဲ့ဆိုပြီး။ ကျနော်ပိုင်ပါတယ်ပြောတော့ ၁၉၉၀ တုန်းက မင်းတို့ဘာလုပ်နေလဲ ကြမ်းကြမ်းတမ်းတမ်းပြောတယ်။ အဲဒီအချိန်တုန်းက စစ်အစိုးရသိမ်းတာ ဘယ်သူက ဘာပြောရဲမှာလဲ။”

ထားဝယ်မြို့နယ် အန်အယ်လ်ဒီဥက္ကဋ္ဌ ဦးဟိုပင်ကလည်း အခုဖြစ်ပွားနေတဲ့ လယ်ယာပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ပြဿနာတွေကို အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူတွေနဲ့ ဆွေးနွေးညှိနှိုင်းဖို့ ဆက်သွယ် လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။

ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး အုပ်ချုပ်ရေးပိုင်း တာဝန်ရှိသူတွေကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားပေမယ့် မရသေးပါဘူး။

တနင်္သာရီတိုင်း ထားဝယ်မြို့မှာ လယ်စိုက်ဧက စုစုပေါင်း ၄ သောင်းကျော်ရှိပြီး လယ်သမားက ၃၀၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013