
အာဏာသိမ်းစစ်ကောင်စီရဲ့ ထိန်းချုပ်မှုအောက်ကို ရောက်နေတဲ့ မြန်မာ့ရေနံနှင့် သဘာဝ ဓာတ်ငွေ့ လုပ်ငန်း (MOGE)ကို ရေနံကုမ္ပဏီ Chevronက ငွေတွေပေးသွင်းခြင်းမပြုဖို့ အရပ်ဖက်အဖွဲ့အစည်း ၄၀၀နီးပါးက ထောက်ခံလိုက်ပါတယ်။
အမေရိကန် ပြည်ထောင်စုမှာ နေထိုင်တဲ့ မြန်မာတွေနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေက လာမယ့် ဧပြီ ၁၆ နဲ့ ၁၇ ရက်တွေမှာ ဆန်ဖရန်စစ္စကို၊ ဝါရှင်တန်ဒီစီ၊ လော့်စ်အိန် ဂျယ်လိစ်၊ ဟူစတန်၊ နယူးယောက်နဲ့ ဒန်ဗာမြို့တွေမှာ ဆန္ဒပြပွဲတွေပြုလုပ်ပြီး Chevron ကို ဖိအားပေးဖို့ စီစဉ်ထားပါတယ်။
ဒီလိုလုပ်တာဟာ သဘာဝသံယံဇာတတွေ ရောင်းချရာကနေ ရရှိလာတဲ့ ဝင်ငွေတွေကို စစ်အာဏာရှင်တွေ လက်ထဲကို မရောက်အောင် ရပ်တန့်နိုင်မှာ ဖြစ်တယ်လို့ ဖိအားပေးတာကို ထောက်ခံတဲ့ အရပ်ဖက်အဖွဲ့အစည်း ၃၈၇ ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒီနှစ်မှာ ငွေပေးချေမှုဟာ အမေရိကန် ဒေါ်လာ ၁ဒသမ၅ ဘီလီယံလောက်ရှိပြီး ဒီငွေတွေ စစ်ကောင်စီထံကို ရောက်သွားပါက ပြည်သူတွေအပေါ် လုပ်ဆောင်နေတဲ့ အကြမ်းဖက်မှုတွေမှာ အသုံးချမယ်လို့ လည်း ရေးသားထားပါတယ်။
ရေနံနဲ့ သဘာဝဓာတ်ငွေ့ကုမ္ပဏီတွေအနေနဲ့ စစ်အာဏာသိမ်းအုပ်စုကို စွမ်းအင်ပေးတာ၊ တရားဝင် ဖြစ်အောင် လုပ်ပေးတာတွေ ရပ်တန်းက ရပ်ဖို့လည်း တောင်းဆိုထားပါတယ်။
MOGEဟာ မြန်မာနိုင်ငံအတွက် နိုင်ငံခြားဝင်ငွေအများဆုံး ရရှိနေတဲ့ လုပ်ငန်းတခုဖြစ်ပြီး အာဏာသိမ်းပြီးတဲ့နောက် ဒီလုပ်ငန်းဟာ စစ်အာဏာရှင်တွေရဲ့ ထိန်းချုပ်မှုအောက် ရောက်ရှိသွားပြီ ဖြစ်ပါတယ်။
အမေရိကန်အခြေစိုက် Chevron ရေနံကုမ္ပဏီဟာ မြန်မာနိုင်ငံမှာ လုပ်ကိုင်နေတာ ဆယ်စုနှစ်ချီ ကြာမြင့်နေပြီဖြစ်ပါတယ်။ ပြင်သစ်ပိုင် Totalနဲ့ Chevronတို့ဟာ ရတနာလို့ ခေါ်တဲ့ မြန်မာနိုင်ငံရဲ့ ကမ်းလွန်သဘာဝ ဓာတ်ငွေလုပ်ကွက် ၄ ခုမှာ ရှယ်ယာ အများအပြား ပိုင်ဆိုင်ပါတယ်။
အာဏာသိမ်းမှုတွေ လုပ်ဆောင်ပြီးတဲ့ ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်း မြန်မာစစ်တပ်ပိုင် စီးပွားရေး လုပ်ငန်းတွေနဲ့ စစ်တပ်နဲ့ ဆက်နွှယ်တဲ့ လုပ်ငန်းတွေ ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့ အရေးယူခံနေရပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းက မြန်မာစစ်တပ်နဲ့ ဆက်စပ်တယ်ဆိုပြီး အဒါနီ ဆိပ်ကမ်း စီးပွားရေး အထူးဇုန် လီမိတက် ကုမ္ပဏီကို နယူးယောက်အခြေစိုက် S&P ဒေါင်းဂျုန်းစ် စတော့ခ်ရှယ်ယာ ကုမ္ပဏီက သူတို့ရဲ့ စျေးကွက်စာရင်းထဲကနေ ဖယ်ရှားလိုက်တယ်လို့ ကြေညာပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းက မြန်မာကုမ္ပဏီတွေနဲ့ စီးပွားရေးလုပ်ရင် ဒဏ်ခတ်ပိတ်ဆို့မှုတွေကို လေးစားလိုက်နာဖို့နဲ့ သတ်မှတ် လူ့အခွင့်အရေး စံချိန်စံညွှန်းတွေအတိုင်းဆောင်ရွက်ဖို့ ကနေဒါ အစိုးရက သတိပေးချက်ထုတ်ပြန်ထားပါတယ်။