DVB Logo
Home
မြန်မာသတင်း
ဝါရင့်သရုပ်ဆောင် အကယ်ဒမီ ဇင်ဝိုင်းနှင့် အဆိုတော်ပိုပိုတို့ကို အကြမ်းဖက်စစ်အုပ်စုက ဖမ်းဆီး
DVB
·
April 15, 2021
ဝါရင့်သရုပ်ဆောင် အကယ်ဒမီ ဇင်ဝိုင်းနှင့် အဆိုတော်ပိုပိုတို့ကို အကြမ်းဖက်စစ်အုပ်စုက ဖမ်းဆီး
1 / 3
Donate to DVB


ဝါရင့်ရုပ်ရှင်ရုပ်ဆောင် အကယ်ဒမီ ဇင်ဝိုင်းနဲ့ လူငယ်အမျိုးသမီးအဆိုတော် ပိုပိုတို့ကို အကြမ်းဖက်စစ်ကောင်စီရဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဒီကနေ့ သင်္ကြန်အကြတ်နေ့ ည နေပိုင်းမှာ ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။
ဦးဇင်ဝိုင်းကို ဧပြီလ ၁၅ ရက် မွန်းလွဲ ၄ နာရီဝန်းကျင်က အကြမ်းဖက်စစ်ကောင်စီရဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေက အင်အားအလုံးအရင်းနဲ့ လာရောက် ဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်ပြီး ဘယ်ကိုဖမ်းဆီးခေါ်ဆောင်သွားသလဲဆိုတာကိုတော့ မသိရသေးပါဘူး။
ဦးဇင်ဝိုင်းကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သားဖြစ်သူ ကြည်သာဌေးလွင်က သူ့ရဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်ပေါ်ကတဆင့် အတည်ပြုရေးသားထားပါတယ်။
အကြမ်းဖက်စစ်ကောင်စီက ဇင်ဝိုင်းကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၈ ရက်နေ့တည်းက သားဖြစ်သူ သရုပ်ဆောင် မင်းမော်ကွန်း၊ သရုပ်ဆောင် လူမင်း၊ အဆိုတော် R ဇာနည်တို့နဲ့အတူ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅(က)နဲ့ တရားစွဲဆို ဝရမ်းထုတ်ထားခဲ့တာ ဖြစ်ပါတယ်။
အဆိုတော် ပိုပို(ဝတ်ရည်မိုး)ကိုတော့ ဒီနေ့ညနေ ၃ နာရီကျော်လောက်က ရန်ကုန်မြို့၊ တောင်ဥက္ကလာပမြို့နယ်ရှိ သူ့အိမ်ကို ခဏပြန်လာခိုက် အချိန်ကိုက် စစ်ကား ၂ စီး၊ ရဲကား ၂ စီးနဲ့ လာရောက်ဖမ်းခေါ်သွားတာလို့ သူ့ရဲ့ မန်နေဂျာက အတည်ပြုပါတယ်။
အဆိုတော်ပိုပိုကို အာဏာသိမ်းစစ်ကောင်စီက ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က) နဲ့ အမှုဖွင့်ထားကြောင်း ဧပြီလ ၂ ရက်နေ့က ကြေညာခဲ့ပါတယ်။
အာဏာသိမ်း စစ်ကောင်စီဟာ နေ့စဉ်ရက်ဆက်ဆိုသလို သူ့ရဲ့ဝါဒဖြန့် မြန်မာ့အသံနဲ့ ရုပ်မြင်သံကြား၊ မြဝတီမီဒီယာတွေကနေ ပုဒ်မ ၅၀၅(က)နဲ့ အမှုဖွင့်ခံထားရသူတွေစာရင်းကို ညစဉ်ထုတ်ပြန်နေပြီး ဆန္ဒပြပြည်သူတွေကိုတော့ မြို့ရွာအနှံ့ အကြမ်းဖက် ပစ်ခတ်နှိမ်နင်းနေတာ ဖြစ်ပါတယ်။
လက်ရှိအချိန်ထိ အာဏာသိမ်းစစ်ကောင်စီဟာ သရုပ်ဆောင် လူမင်း၊ ရဲတိုက်၊ ဗျူး တီးဘလော့ဂ်ဂါ ဝင်းမင်းသန်း၊ မော်ဒယ်လ် ပိုင်တံခွန်၊ ပြေတီဦး၊ အိန္ဒြာကျော်ဇင်တို့ သရုပ်ဆောင် ဇနီးမောင်နှံတွေကို ဖမ်းဆီးခံထားရသလို ပုဒ်မ ၅၀၅ မထုတ်ပြန်ပဲ လူရွှင်တော် ဇာဂနာကိုလည်း ဖမ်းဆီးထားပါတယ်။
ဒါ့အပြင် ဒီကနေ့ နေ့လည်ပိုင်းမှာလည်း အကြမ်းဖက်စစ်ကောင်စီက မုံရွာမြို့ရဲ့ သ ပိတ်စစ်ကြောင်းခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့ ကိုဝေမိုးနိုင်ကို ဖမ်းဆီးသွားခဲ့ပါသေးတယ်။
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ)ရဲ့ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ မတရားစစ်အာဏာသိမ်းမှုကာလအတွင်း စစ်အုပ်စုရဲ့ အကြမ်းဖက် ဖြိုခွင်းမှုကြောင့် ကျဆုံးပြည်သူပေါင်း ၇၁၅ ယောက်၊ ဖမ်းဆီးထိန်းသိမ်းခံရသူ ၃၀၇၀ ယောက် ရှိနေတယ်လို့ ဆိုပါတယ်။
အဲဒီထဲက ၆၆ ယောက်ကတော့ ထောင်ဒဏ်ချမှတ် ခံထားရကာ အမှုဖွင့်ခံထားရပြီး ဖမ်းဝရမ်း ထုတ်ခံထားရတဲ့အတွက် တိမ်းရှောင်နေသူအရေအတွက်ကတော့ ၇၅၆ လောက်ရှိနေပြီး သူတို့ထဲက ၁၇ ယောက်ကတော့ မျက်ကွယ် သေဒဏ်ချ မှတ်ခံထားရသူတွေဖြစ်တယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013