DVB Logo
Home
မြန်မာသတင်း
ကချင်ပြည်နယ်ဒီမိုကရေစီပါတီ ထူထောင်ခွင့်ကျ
DVB
·
October 31, 2013
Donate to DVB

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကနေ ပါတီထူထောင်ခွင့် လျှောက်ထားတဲ့ ပါတီတွေကို အခုရက်ပိုင်းအတွင်း ခွင့်ပြုချက် ဆက်တိုက်ချပေးနေရာမှာ လွန်ခဲ့တဲ့ ဩဂုတ်လက လျှောက်ထားတဲ့ ကချင်ပြည်နယ်ဒီမိုကရေစီပါတီ (ကေအက်စ်ဒီပီ) ကိုလည်း အောက်တိုဘာလ  ၃၀ ရက်နေ့ နေ့စွဲနဲ့ ခွင့်ပြုလိုက်ပါတယ်။

ပါတီထူထောင်ခွင့်ပြုကြောင်း နေပြည်တော်ကနေ တယ်လီဖုန်းနဲ့ ဖက်စ်နဲ့ပါ အကြောင်းကြားလာတဲ့အတွက် ၁ လအတွင်း ပါတီမှတ်ပုံတင်ရေး ၃ လအတွင်း ပါတီဝင် ၅၀၀ စုဆောင်းရေးကို ဦးစားပေးဆောင်ရွက်သွားမယ်လို့ ပါတီဥက္ကဋ္ဌ ဦးမနာမ်တူးဂျာက ပြောပါတယ်။

“ပါတီဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ ဦးဆောင်ပြီးတော့ နေပြည်တော်ကိုသွားပြီး ပါတီအလံ၊ ပါတီအမှတ်တံဆိပ် သွားတင်ပြရမယ်။ မူဝါဒ၊ လုပ်ငန်းစဉ်တွေကိုလည်း တင်ပြရမယ်။ ရုံးလိပ်စာအပါအ၀င် တင်ပြရမယ်။ အဲဒါတွေကို ဦးစားပေးလုပ်ဆောင်ရမယ်။”

ပါတီထူထောင်လိုသူ ပုဂ္ဂိုလ် ၁၇ ဦး ထဲမှာတော့  ၀ါရင့်နိုင်ငံရေးသမား၊ အမျိုးသမီးနဲ့ မျိုးဆက်သစ်လူငယ်တွေပါ ဘက်စုံပါဝင်တယ်လို့ ဆိုပါတယ်။

ပါတီအလံမှာ ကချင်ပြည်နယ် ကိုယ်စားပြု အစိမ်းရောင်နောက်ခံက အလယ်မှာ ပါတီကိုယ်စားပြု ကြယ်ဖြူတပွင့်ပုံနဲ့ ပါတီသင်္ကေတကိုတော့ ကချင်ရိုးရာ သင်္ကေတ ငှက်မင်းပုံကို ရွေးချယ်ထားတယ်လို့ ဆိုပါတယ်။

သူတို့ပါတီဟာ ကချင်ပြည်နယ်နဲ့ ကချင်လုထုကို အခြေပြုမှာဖြစ်ပြီး ကချင်ပြည်နယ်ထဲမှာရှိတဲ့ တိုင်းရင်းသားလူမျိုးတိုင်း၊ ဘာသာဝင်တိုင်းရဲ့ အကျိုးစီးပွားကို ရှေးရှုဆောင်ရွက်မယ်လို့ ဦးမနာမ်တူးဂျာက ပြောပါတယ်။

“ရည်ရွယ်ချက်က မိမိဒေသအကျိုး၊ ပြည်နယ်အကျိုးအတွက် လုပ်ဆောင်သွားမယ်။ ပြည်သူလူထုအကျိုးစီးပွားအတွက် ရှေးရှုမယ်။ ပြည်ထောင်စုမပြိုကွဲရေးနဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကိုလည်း အားပေးဆောင်ရွက်သွားမယ်။ မူးယစ်ဆေးဝါး နှိမ်နင်းရေး၊ ပညာရေး၊ ကျန်းမာရေး မြှင့်တင်ရေးနဲ့ တရားဥပဒေစိုးမိုးရေးကိုလည်း လုပ်ဆောင်သွားမယ်။"

လက်ရှိ ကချင်ပြည်နယ်မှာ  တိုက်ပွဲတွေလည်း ဖြစ်ပွားနေတဲ့အတွက်  ကချင်မျိုးနွယ်စုရော အခြားတိုင်းရင်းသားမျိုးနွယ်စုတွေပါ တိုက်ပွဲအကျိုးဆက် ဒုက္ခတွေ ခံနေရပြီး မြန်မာပြည်ငြိမ်းချမ်းရေးရသွားရင် ဒီပြဿနာတွေ လျော့သွားမှာဖြစ်သလို သူတို့ ပါတီကလည်း တိုင်းရင်းသားလူမျိုးတို့ အခွင့်အရေးကိစ္စတွေပါ ဆောင်ရွက်သွားမယ်လို့ဆိုပါတယ်။

နှိပ်စက်ညှဉ်းပန်းတာ၊ အခွင့်အရေးချိုးဖောက်ခံရတာတွေရှိရင် တိုင်ကြားနိုင်ပြီး သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းဆောင်ရွက်ပေးမယ်လို့ ဦးမနာမ်တူးဂျာက ပြောပါတယ်။

ဦးမနာမ်တူးဂျာဟာ  လွန်ခဲ့တဲ့  ၂၀၀၉ ခုနှစ်က ကချင်ပြည်နယ် တိုးတက်ရေးပါတီ (ကေအက်စ်ပီပီ) ကို ထူထောင်ခဲ့ပြီး ၂၀၁၀ ရွေးကောက်ပွဲဝင်ဖို့ ကော်မရှင်ဆီ မှတ်ပုံတင်ခဲ့ပေမယ့် သူနဲ့ အဖွဲ့ဝင်တချို့ဟာ ကေအိုင်အိုကနေ နုတ်ထွက်လာတာလို့ဆိုပြီး မှတ်ပုံတင်ခွင့် မရခဲ့ပါဘူး။

ဒါပေမယ့် ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲမှာတော့ တသီးပုဂ္ဂလ လွှတ်တော်အမတ်အနေနဲ့ မိုးကောင်းမြို့နယ် မဲဆန္ဒနယ်မြေမှာ ၀င်ရောက်ယှဉ်ပြိုင်ဖို့ ကြိုးပမ်းခဲ့ပေ့မယ့် အဲဒီဒေသမှာ နယ်မြေလုံခြုံရေး အနေအထားအရ ရွေးကောက်ပွဲ မလုပ်ဖြစ်ခဲ့ပါဘူး။

ဒီ ၂၀၁၃ ခုနှစ်မှာတော့ ကချင်ပြည်နယ်ဒီမိုကရေစီပါတီ ဆိုတဲ့အမည်နဲ့ ပါတီပြန်လည်ထူထောင်ခဲ့တာလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013