DVB Logo
Home
မြန်မာသတင်း
စီးပွားရေးလုပ်ငန်းစတင်ရန် အဆိုးဆုံး နိုင်ငံများတွင် မြန်မာပါဝင်
DVB
·
October 31, 2013
စီးပွားရေးလုပ်ငန်းစတင်ရန် အဆိုးဆုံး နိုင်ငံများတွင် မြန်မာပါဝင်
1 / 2
Donate to DVB

ကမ္ဘာတလွှားမှာရှိကြတဲ့ နိုင်ငံတွေမှာ စီးပွားရေးလုပ်ငန်းတွေ စတင်ဆောင်ရွက်ဖို့အတွက် အကောင်းဆုံးနဲ့ အဆိုးဆုံး နိုင်ငံတွေရဲ့စာရင်းကို ကမ္ဘာ့ဘဏ်က မကြာသေးခင် ရက်ပိုင်းက အစီရင်ခံထုတ်ပြန်ခဲ့ပြီး မြန်မာနိုင်ငံက အဆိုးရွားဆုံး အောက်ဆုံးအဆင့် နိုင်ငံတွေထဲ ပါဝင်နေပါတယ်။

မြန်မာနိုင်ငံမှာ အစိုးရသစ်တက်လာပြီးနောက် စီးပွားရေးနဲ့ နိုင်ငံရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေကို လုပ်ဆောင်နေပေမယ့် လက်ရှိမှာတော့ ကမ္ဘာ့ဘဏ်ရဲ့အစီရင်ခံစာအရ စီးပွားရေးလုပ်ငန်းတွေ စတင်ဆောင်ရွက်ဖို့ အကောင်းဆုံးနဲ့ အဆိုးဆုံးနိုင်ငံတွေစာရင်းပါ နိုင်ငံပေါင်း ၁၈၉ နိုင်ငံထဲမှာ မြန်မာနိုင်ငံက အဆင့် ၁၈၂ မှာ ရှိနေပါတယ်။

ကမ္ဘာ့ဘဏ်အနေနဲ့ ဒီအစီရင်ခံစာကိုပြုစုတဲ့နေရာမှာ ကမ္ဘာတလွှားမှာရှိတဲ့ နိုင်ငံတွေမှာ စီးပွားရေး စတင်ဆောင်ရွက်တဲ့အခါ လွယ်ကူမှုအခြေအနေ၊ ခက်ခဲတဲ့အခြေအနေတွေအပေါ် မူတည်ပြီး နိုင်ငံတွေကို အဆင့်လိုက် သတ်မှတ်ပြီးတော့ နှစ်စဉ် အစီရင်ခံစာကို ထုတ်ပြန်ပေးနေ တာပါ။

မြန်မာနိုင်ငံအနေနဲ့ ပြုပြင်ပြောင်းလဲမှုတွေကို လုပ်ဆောင်နေပေမယ့် ထိရောက်မှု မရှိသေးတာ ဘာကြောင့်လဲ ဆိုတာကို စီးပွားရေးမူဝါဒရေးရာကျွမ်းကျင်သူ ဒေါက်တာ အောင်ကိုကိုက အခုလိုပြောပါတယ်။

“လိုအပ်တဲ့အတိုင်းအတာအထိ မလုပ်နိုင်ခဲ့တဲ့အခါကျတော့ ဘာဖြစ်လာလဲ ဆိုတော့ စီးပွားရေးပြုပြင်ပြောင်းလဲမှုဆိုတဲ့ တောင်းဆိုမှုတွေတင်မဟုတ်ပဲ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုပါ တွဲဖက်ပြီး တောင်းဆိုလာတယ်၊ အဲဒီလိုဖြစ်လာကြတယ်။ စီးပွားရေးပြုပြင်ပြောင်းလဲဖို့အတွက် အောက်ဆုံးနိုင်ငံအဆင့်မှာ ဘာလို့ သတ်မှတ်ခံရတာလဲဆိုတော့ ၂၀၁၅ မှာ ဖြစ်ပေါ်လာမယ့် စီးပွားရေးအခြေအနေ၊ နိုင်ငံရေးအခြေအနေ အဲဒီအပေါ်မှာ စောင့်ကြည့်အကဲခတ်တာလည်း ပါနေတာပေါ့နော်။”

ကမ္ဘာ့ဘဏ်ရဲ့အစီရင်ခံစာအရ မြန်မာနိုင်ငံမှာ စီးပွားရေး စတင်တည်ထောင်ဖို့အတွက် စရိတ်စက ကြီးမားလွန်းတဲ့အပြင် လျှပ်စစ်မီးမရတာနဲ့ လုပ်ငန်းထူထောင်ဖို့အဆင့်တွေကလည်း ခက်ခဲကြာမြင့်မှုတွေ ရှိတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်ငန်း စတင်တည်ထောင်တဲ့နေရာမှာ အရင်ကတော့ လုပ်ငန်းစတော့မယ်ဆိုရင် အစိုးရအဖွဲ့အထိ အဆင့်ဆင့်တင်ရတဲ့အတွက် လုပ်ငန်းကြန့်ကြာမှုတွေ ရှိစေခဲ့တယ်လို့ ကုမ္ပဏီများ ရင်းနှီးမြှုပ်နှံမှုနှင့်ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှုးချုပ် ဦးအောင်နိုင်ဦးက ပြောပါတယ်။
ဒါပေမယ့် အောက်တိုဘာ ၃၀ ရက်နေ့ကစပြီးတော့ ကုမ္ပဏီထောင်ဖို့အတွက် မလိုလားအပ်တဲ့ ကန့်သတ်ချက်တွေကို ဖြေလျော့ပေးလိုက်ပြီလို့ ဆိုပါတယ်။

“ကျနော်တို့ ကိုယ့်ကိုယ်ကိုယ် ရောဂါ ပြန်ရှာတယ်ပေါ့ဗျာ။ ဘာတွေ အားနည်းနေလဲ။ ဘာတွေ ပြင်ဖို့လိုလဲ။ တစ တစ ပြင်နေတာပေါ့နော်။ အရင်တုန်းက ကုမ္ပဏီ မှတ်ပုံတင်နဲ့ ပတ်သက်ရင် ကနဦး ထည့်ဝင်ငွေ သန်း ၅၀ ဆိုတာ ရှိတယ်။ အခုက အဲဒါတွေ မရှိတော့ဘူး။ ဖြုတ်လိုက်ပြီပေါ့။ နောက် ကုမ္ပဏီ မှတ်ပုံတင်ဖို့က လုပ်ငန်းအဆင့်တွေ များတယ်ဆိုတာ တကယ်တော့ မများဘူးဗျ။ ကျနော်တို့ ကုမ္ပဏမှာ သတ်မှတ်ထားတဲ့အတိုင်း သတ်မှတ်တဲ့ အချက်အလက်တွေ ပြည့်စုံအောင်လုပ်ပြီး မှတ်ပုံတင်ရုံးကို လာလို့ရှိရင် ကျနော်တို့က နေ့ချင်းပြီး ယာယီကတ် ထုတ်ပေးလိုက်တယ်။ ဘဏ်မှာလည်း အကောင့်ဖွင့်လို့ရတယ်။ ကုန်သွယ်ရေးမှာလည်း ထုတ်ကုန်သွင်းကုန် လိုင်စင် လျှောက်လို့ရတယ်။ ”

အောက်တိုဘာ ၂၉ ရက်နေ့က ထုတ်ပြန်တဲ့ ကမ္ဘာဘဏ်ရဲ့ "Doing Business 2014” အစီရင်ခံစာအရ အရှေ့တောင် အာရှဒေသတွင်း နိုင်ငံတွေထဲမှာ မြန်မာနဲ့ ကမ္ဘောဒီးယား နိုင်ငံတွေက စီးပွားရေး စလုပ်ဖို့ အဆိုးရွားဆုံး နိုင်ငံစာရင်းမှာ ပါနေပါတယ်။

စင်ကာပူနိုင်ငံကတော့ စီးပွားရေး လုပ်ဖို့ အကောင်းဆုံးနိုင်ငံ ၁၀ နိုင်ငံ စာရင်းမှာပါဝင်ပြီး မလေးရှားနဲ့ ထိုင်းနိုင်ငံတွေကတော့ စီးပွားရေးလုပ်ဖို့ အကောင်းဆုံး နိုင်ငံ ၂၀ စာရင်းမှာ ပါဝင်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013