DVB Logo
Home
အာရှဒေသ
တရုတ်ပြည်ရဲ့ ဗိုက်သားအက ရူးသွပ်မှု
DVB
·
October 31, 2013
တရုတ်ပြည်ရဲ့ ဗိုက်သားအက ရူးသွပ်မှု
Donate to DVB

တရုတ်နိုင်ငံတ၀ှမ်းမှာ ဗိုက်သားအကပွဲတွေ၊ ပြိုင်ပွဲတွေနဲ့ ကျောင်းတွေ ပေါ်ပေါက်လာတာနဲ့အတူ အကြီးအကျယ် လူသိများလာနေပါပြီ။ ဗိုက်သားအကဟာ အရှေ့အလယ်ပိုင်းဒေသနဲ့ ကာလရှည်ကြာ တွဲပြီး သိလာခဲ့ကြတာပါ။ ဒါပေမယ့် သူရဲ့ အနာဂတ်ကတော့ အခု တရုတ်ပြည် ဖြစ်လာနိုင်ပါတယ်။

[caption id="attachment_45746" align="alignright" width="300" caption="Photo by Xinhuanet"][/caption]

မကြာခင်က ပေကျင်းမှာ ကျင်းပခဲ့တဲ့ ဗိုက်သားအကညီလာခံမှာ ကမ္ဘာအနှံ့က ဗိုက်သားအက ထင်ရှားသူတွေ တက်ရောက်လာကြပြီး ၁ ပတ်ကြာ အလုပ်ရုံဆွေးနွေးပွဲနဲ့ ကပြ ပွဲတွေ ပြုလုပ်ခဲ့ပါတယ်။
ကချေသည် ၂၄ ယောက်က ၀င်ကီရှင်း ဗိုက်သားအကကျောင်းမှာ သူတို့ရဲ့ သူတို့ရဲ့ ကကြိုးကကွက်တွေကို နေ့လယ်ပိုင်းသင်တန်းတွေမှာ ကပြခဲ့ကြပါတယ်။

 

ကျောင်းက ပေကျင်းအရှေ့ပိုင်းက ခမ်းနားတဲ့ ကူးသန်းရောင်းဝယ်ရေး အဆောက်အဦ သစ် တခုမှာပါ။
အသက် ၂၅ နှစ်အရွယ် ကျောင်းသူ တယောက် ဖြစ်တဲ့ ဖန်ဟွေမီက အဲဒီက ဘဏ္ဍာရေး ၀န်ဆောင်မှုလုပ်ငန်းတခုက ရုံးအလုပ်ကို စွန့်လွှတ်ပြီး သူရဲ့ မိဘတွေရဲ့ ကန့်ကွက်မှုတွေ ကြားကပဲ ဗိုက်သားအက အချိန်ပြည့်ဆရာမတယောက်အဖြစ် လုပ်ကိုင် ဆောင်ရွက်နေတာပါ။

“သူတို့က ကျမ ဗိုက်သားအက စကတာကို တကယ်ပဲ ကန့်ကွက်ခဲ့ကြတာရှင့်။ ဘာလို့လဲဆိုတော့ အ၀တ်အစားတွေက တရုတ် အမျိုးသမီးငယ်တွေနဲ့ မသင့်လျော်ဘူးပေါ့ရှင်။ ဒါပေမယ့် နောက်တော့ အကရဲ့ အနုပညာမြောက်တာနဲ့ လှပမှုကို သူတို့ တွေ့သွားခဲ့ပြီး တဖြည်းဖြည်း သူတို့ စိတ်ပြောင်းသွားကြပါတယ်။ နောက် သူတို့ ကျမတို့ရဲ့ကပြ ဖြေဖျော်မှုကို တီဗွီမှာ တွေ့သွားခဲ့တယ်လေ။ ကျမက ထင်ရှားတဲ့ တီဗွီရှိုးတခုမှာ ကပြခဲ့ရတဲ့အတွက် ကျမ အမေက ဂုဏ်ယူမယ်ဆိုတာကို သိပါတယ်။”

ဒီ ဗိုက်သားအကကျောင်းက အဆိုတော်ဟောင်း ၀င်ကီရှင်းက တည်ထောင်ထားတာပါ။ သူက သူ အီဂျစ်မှာ တေးဂီတ ဗွီဒီယိုတခု သွားရိုက်ခဲ့တဲ့အချိန်မှာ ဗိုက်သားအကကို သင်ယူခဲ့တာပါ။ နောက်ပိုင်းမှာ သူက ပေကျင်းရဲ့ ပထမဆုံး ဗိုက်သားအကကျောင်းနဲ့ ကလပ်ကို စတင်တည်ထောင်ခဲ့ပြီး ၂၀၀၄ ခုနှစ် မှာတော့ ၀က်ဘ်ဆိုက်တခု တင်ထားခဲ့ပါတယ်။

ဒီကနေ့တော့ သူ့မှာ တရုတ်နိုင်ငံတ၀ှမ်း ဗိုက်သားအက လိုင်စင်ရ ကျောင်းပေါင်း ၆၃ ကျောင်းနဲ့ ကျောင်းသား ၁ သိန်း ကျော်ရှိနေပါပြီလို့ ပြောပါတယ်။

“ကျမတို့ဆီမှာ ဗိုက်သားအက သင်ယူတဲ့သူတွေက ၃ မျိုး ၃ စား ရှိပါတယ်။ တော်တော်များများကတော့ ဗိုက်သားအက က ခု သိပ်လူကြိုက်များလာတော့ ဗိုက်သားအက သင်ဆရာတွေ ဖြစ်လာဖို့ ကျောင်းထောင်ဖို့ လာသင်ကြတာပါ။ ဒုတိယကတော့ ဗိုက်သားအကမှာ ထင်ရှားကျော်ကြားတဲ့ ကချေသည်တွေ ဖြစ်ချင်လို့ လာသင်ကြတဲ့ ကျောင်းသူ တွေပါ။ သူတို့က ဘားတွေနဲ့ အာရပ် စားသောက်ဆိုင်တွေမှာ မကချင်ကြပဲ တရုတ်ပြည်မှာ လူကြိုက်များလာတဲ့ အားကစားရုံတွေနဲ့ ကဇာတ်ရုံတွေမှာ ကပြဖြေဖျော်ကြတဲ့ ကဇာတ်အဖွဲ့တွေမှာ ပါဝင် ကပြချင်တဲ့သူတွေပါ။ တော်တော်များများကတော့ ကျမရဲ့ အက အဖွဲ့နဲ့ တရုတ်ဗိုက်သားက အကျော်ကြားဆုံးသူများလို့ ခေါ်တဲ့အဖွဲ့မှာ ကချင်ကြတာပါ။ နောက်တော့လည်း ကျမတို့မှာ ၀ါသနာအရရော ကျန်းမာရေးကောင်းဖို့ပါ လာကကြတဲ့ ကျောင်းသားတွေ အများကြီး ရှိလာပါပြီ။”

အသက် ၃၀ ရှိပြီဖြစ်တဲ့ တောင်ဆွီလီက တရုတ်ပြည်အလယ်ပိုင်းက သူရဲ့ ဇာတိမြို့ ဖြစ်တဲ့ ရှင်ဇူးက စီးပွားရေးဘွဲ့ရ တယောက်ပါ။ သူက ဗိုက်သားအက ကို ၂၀၀၇ ခုနှစ်က သင်ယူခဲ့တာပါ။

"ကျမ စသင်တဲ့အချိန်မှာ အဲဒါက အတော်ကြီး ခက်ပါတယ်ရှင်။ ဒါပေမယ့် ကျောင်းသား အားလုံးကတော့ အစမှာ အဲဒီလို ခက်ခဲတာကို ကြုံရတာချည်းပါပဲ။ ကျမမှာ သိပ် အကူအညီ ပေးတတ်တဲ့ ဆရာမတယောက် ရှိခဲ့တယ်လေ။ သူက ကျမကို အားပေးပါတယ်။ သူက အမြဲ ဆက်လုပ်စမ်းပါကွာ၊ စိတ်မပူပါနဲ့ တချိန်မှာ တလှမ်းပဲ။ ပြန်လုပ်စမ်းပါအုန်းလို့ အမြဲ အားပေးခဲ့ပါတယ်။ နောက် တဖြည်းဖြည်း ကျမ ယုံကြည်မှု ရှိလာပြီး ပိုကောင်းလာတာပဲပေါ့ရှင်။"

သူက အခုတော့ ပေကျင်းမှာ လုပ်တဲ့ ၁ ပတ် အထူး သင်တန်းပြီးတဲ့အချိန်မှာ ဗိုက်သားက အကဆရာမ တယောက် ဖြစ်လာဖို့ အနာဂတ်ကို မြင်နေရပါပြီ။ သူက တောင်ပိုင်း ဟိုင်နန်ကျွန်း ပြည်နယ်မှာ ၀င်ကီရှင်း အကယ်ဒမီအသစ် တခု စတင်ဖို့ အဆင်သင့် ဖြစ်နေပါပြီ။

“ဟိုင်နန်မှာ အခုဆို ဗိုက်သားအကကို သင်ယူချင်တဲ့သူတွေ အများကြီး ရှိနေပါပြီ။ အထူးသဖြင့် ကျမတို့က ပြည်နယ် တီဗွီ ထုတ်လွှင့်ရေးဌာနတခုကနေ ကပြတဲ့ အစီအစဉ် တခု လုပ်ပြီးတဲ့ အချိန်မှာ ပေါ့ရှင်။”

တရုတ်နိုင်ငံမှာတော့ အဲဒါကို စလုပ်လာသူတွေက အမျိုးသမီးတွေချည်း မဟုတ်ပါဘူး။ အသက် ၃၂ ရှိပြီ ဖြစ်တဲ့ ယောင်ပင်ဘူးကတော့ ပေကျင်းက သူရဲ့ ကိုယ်ပိုင်ကျောင်းမှာ အမျိုးသား ဗိုက်သားအက စူပါစတားတယောက် ဖြစ်ပြီး သူရဲ့ ဖျော်ဖြေ တင်ဆက်မှုတွေနဲ့ အလုပ်များလှပါတယ်။

သူက အရှေ့အလယ်ပိုင်းနဲ့ အာရှတခွင်က အလုပ်ရုံဆွေးနွေးပွဲတွေနဲ့ သရုပ်ဆောင် ကပြမှု တွေမှာ ပါဝင်ဖို့ အဲဒီဒေသကို ခရီးသွားလေ့ ရှိပါတယ်။

“ဗိုက်သားအကအကြောင်းကို သိတဲ့သူတွေက အရင်ကထက် ပိုပြီး များလာနေပါတယ်။ ကျနော်က ထင်ရှားကျော်ကြားတဲ့ ဗိုက်သားအက ညွှန်ကြားပြသသူတယောက်နဲ့ စကားပြောဖြစ်ခဲ့ တော့ သူက ကျနော်တို့ဆီက ဗိုက်သားအက တင်ဆက်မှုပွဲတွေဟာ ကမ္ဘာပေါ်မှာ ပရိသတ် အများဆုံးပဲလို့ ပြောခဲ့ပါတယ်။ သူက အဲဒီပွဲတွေကို ကမ္ဘာအနှံ့ တက်ရောက်နေသူပါ။ ကျနော် တခြားနိုင်ငံတွေကို ရောက်ဖူးပါတယ်။ ကျနော်တို့ရဲ့ ဗိုက်သားအက က သိပ်ပြီး အနုပညာ အရည်အသွေး မြင့်မားပါတယ်။ ဒီမှာက အကြောင်းတွေက ရှိနေတယ်လေ။ အနောက် နိုင်ငံတွေမှာတော့ ၀န်ထမ်းတွေနဲ့ နေရာ အဆောက်အဦတွေက သိပ် ဈေးမြင့်နေတော့ သူတို့က အဲဒါတွေကို လုပ်ဆောင်တဲ့နေရာမှာ တရုတ်နိုင်ငံနဲ့ယှဉ်ရင် အငယ်စား အဆင့်လောက်ပဲ လုပ်နိုင်ကြတယ်ဗျ။”

တရုတ် ဗိုက်သားကချေသည်တွေအတွက်ကတော့ အောင်မြင်နေတဲ့အချိန်ပဲ ဖြစ်ပါတယ်။
ဝင်ကီရှင်းအကယ်ဒမီကျောင်းဟာ တရုတ်နိုင်ငံမှာ ဗိုက်သားအကကို ဒီထက် ဖွံဖြိုးအောင်မြင်လာအောင် လုပ်ဖို့ အစီအစဉ်တွေ ရှိတယ်လို့ တောင်ဆွီလီက ပြောပါတယ်။

“နောက်နှစ်မှာတော့ ကျမတို့က ဒေသမြို့ကြီးတွေမှာ နောက်ထပ် ၀င်ကီရှင်း အကယ်ဒမီ ၅ ခုကနေ ၈ ခု အထိ တိုးဖွင့်မှာပါ။ နောက် ကျမတို့ ကြီးမားတဲ့ အီဂျစ်ပွဲတော်တခု လုပ်ဖို့ စီစဉ်နေပါတယ်။ ကျမက တချို့ အကျော်ကြားဆုံး ဗိုက်သားကချေသည်တွေကို ဖျော်ဖြေ တင်ဆက်မှုတွေနဲ့ အလုပ်ရုံ ဆွေးနွေးပွဲတွေ လုပ်ဖို့ တရုတ်နိုင်ငံကို ခေါ်ဆောင်လာဖို့ အစီအစဉ် ရှိပါတယ်ရှင်။”

မတ်ခ်ဂေါ့ဖရေးက အာရှဒေသ သတင်းဆောင်းပါးကဏ္ဍအတွက် တရုတ်နိုင်ငံ ပေကျင်း ကနေ သတင်းပေးပို့ ထားတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013