DVB Logo
Home
မြန်မာသတင်း
မီတာခတိုးမြှင့်ပါက အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းရှင်များ ထိခိုက်နိုင်
DVB
·
October 31, 2013
မီတာခတိုးမြှင့်ပါက အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းရှင်များ ထိခိုက်နိုင်
Donate to DVB

အစိုးရက နိုဝင်ဘာလကစပြီး လျှပ်စစ်မီတာခ တိုးမြှင့်ကောက်ခံမယ်လို့ ကြေညာထားပြီး အကယ်လို့ မီတာခတွေ တိုးမြှင့်ကောက်ခံမယ်ဆိုရင် စက်မှုဇုန်အသေးစားနဲ့ အလတ်စားတွေ ထိခိုက်နိုင်ပြီး လုပ်ငန်းရပ်ဆိုင်းရတဲ့အထိ ဖြစ်နိုင်တယ်လို့ ပြောဆိုနေကြပါတယ်။

[caption id="attachment_45743" align="alignright" width="300" caption="သံရည်ကျိုလုပ်ငန်းခွင် အားတွေ့မြင်ရစဉ်"][/caption]အာရှမြန်မာ သံရည်ကျို သံနန်းဆွဲလုပ်ငန်းရှင် ဦးအောင်မိုးက “အခြေအနေအရ ကွင်းဆင်းပြီး လေ့လာပါ။ ၁၅၀ တိုးလိုက်တော့ အသေးစားနဲ့ အလတ်စားတွေ လုံးဝ မလုပ်နိုင်ပါဘူး။ ၇၅ ကနေ ၁၅၀ တိုးလိုက်တယ်ဆိုပေမယ့် ကျနော်တို့ ပစ္စည်းတွေ ၁ တန် ၅ သိန်းကနေ ၆ သိန်း ၆ သိန်းခွဲနဲ့ တင်ရောင်းလို့ မရပါဘူး။ နိုင်ငံခြားကနေ တန် ၁ သောင်း ၂ သောင်း သင်္ဘောနဲ့ လာတာတွေ ရှိပါတယ်။ အဲ့တော့ ဈေးလိုက်တက်လို့ မရပါဘူး” လို့ ပြောပါတယ်။
လုပ်ငန်းသုံး မီတာတွေကို ယူနစ် ၅၀၀၀ အောက်ကို ၁ ယူနစ် ၁၀၀ ကျပ်နှုန်း၊ ယူနစ် ၅၀၀၁ အထက်ကို ၁ ယူနစ် ၁၅၀ ကျပ် တိုးမြှင့်ကောက်ခံမယ်လို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက အသိပေး ကြေညာထားတာ ဖြစ်ပါတယ်။
မန္တလေးစက်မှုဇုန်တွေမှာတော့ ယခု လက်ရှိ ကောက်ခံနေတဲ့ ၁ ယူနစ် ၇၅ ကျပ်နှုန်းနဲ့ တောင် လုပ်ငန်းလည်ပတ်နိုင်ဖို့ အခက်အခဲရှိတယ်လို့ ပြောပါတယ်။

အောင်မိသားစု သံရည်ကျိုလုပ်ငန်းပိုင်ရှင် ဦးမြင့်အောင်က “တွင်ခုံတခုံနဲ့ ပါဝါမီတာနဲ့ လုပ်နေတဲ့ လုပ်ငန်းရှင်တွေက ၇၅ ရခိုင်နှုန်းနဲ့တောင် ပြိုလဲနေတဲ့ လုပ်ငန်းတွေလည်း ပြိုလဲနေတယ်။ ၁၅၀ မကောက်သေးဘူး။ ၁၅၀ ကောက်လိုက်မယ်ဆိုရင် ဒီထက်ပိုပြီး ပြိုလဲရုံပဲ ရှိပါတယ်” လို့ ပြောပါတယ်။
အသေးစားလုပ်ငန်းများအတွက် အစိုးရက ထုတ်ချေးပေးတဲ့ ချေးငွေတွေဟာလည်း အသေးစားလုပ်ငန်းရှင်တိုင်း မရရှိဘူးလို့ ပြောပါတယ်။

အခု လက်ရှိမှာ လုပ်ငန်း မလည်ပတ်နိုင်တော့လို့ ရပ်နားထားရတဲ့ စက်မှုလုပ်ငန်းနဲ့ ကားဘော်ဒီလုပ်ငန်းပေါင်း ၁၀၀ ကျော်ရှိပြီး မီတာခ တိုးမြှင့်ကောက်ခံမယ်ဆိုရင် ကျန်ရှိနေတဲ့ အသေးစားနဲ့ အလတ်စား စက်မှုလုပ်ငန်းတွေဟာ ၂၀၁၅ မတိုင်ခင် အားလုံးရပ်ဆိုင်းရနိုင်တယ်လို့ ပြောပါတယ်။
လုပ်ငန်းရှင်တွေကတော့ ရေရှည်အတွက် စဉ်စားပြီး တိုးသင့်သလောက်ပဲ သင့်တယ်လို့လည်း ပြောဆိုနေကြပါတယ်။

မန္တလေးစက်မှုဇုန် စီမံခန့်ခွဲရေးကော်မတီ ဥက္ကဋ္ဌ ဦးအောင်ဝင်းခိုင်က “လျှပ်စစ်ဆိုတာက လုပ်ငန်းရှင်တွေအတွက် အသက်ပဲလေ။ နောက် လမ်းပန်းဆက်သွယ်ရေး လိုအပ်တယ်။ ဘဏ်စနစ် လိုအပ်တယ်။ ဘဏ်အတိုးနှုန်း အဘက်ဘက်ကို ကြည့် ပေါင်းစပ်ပြီးတော့ သဟဇာတ ဖြစ်အောင်လုပ်မှ လုပ်ငန်းရှင်တွေအတွက် အဆင်ပြေနိုင်မှာပါ။ တခုလိုအပ်တာ ရှိရင်လည်း အဆင်မပြေပါဘူး။ ဒါက တကယ့် စိန်ခေါ်မှုတွေပါ” လို့ ပြောပါတယ်။

အစိုးရအနေနဲ့ မီတာခကို ယူနစ် ၅၀၀၁ အထက်ကို ၁ ယူနစ် ၁၅၀ နှုန်းနဲ့ ကောက်ခံမယ် ဆိုရင် မီတာအများဆုံးသုံးတဲ့ သံရည်ကျိုလုပ်ငန်းလုပ်ကိုင်သူတွေ အများဆုံး ထိခိုက်နစ်နာဆုံးရှုံးနိုင်တယ်လို့လည်း သိရပါတယ်။

ပြည်နယ်နဲ့ တိုင်းအလိုက် လျှပ်စစ်သုံးစွဲမှုကို စစ်တမ်းကောက်ယူပြီးမှ အခုလို တိုးမြှင့်ကောက်ခံတာဖြစ်ပြီး နောက်ပိုင်းမှာ ဂက်စ်နဲ့လည်တဲ့ လျှပ်စစ်တာဘိုင်တွေ တည်ဆောင်ပြီးရင် လျော့ချသွားမယ်လို့ လျှပ်စစ်ဝန်ကြီးက ပြောကြားသွားပါတယ်။

ပြည်သူတွေရဲ့ ၇၀ ရာခိုင်နှုန်းဟာ မီတာ ယူနစ် ၁၀၀ အောက် သုံးတဲ့ ပြည်သူတွေ ဖြစ်တာကြောင့် နဂို မူလအတိုင်း ဘာမှ ထိခိုက်မှုရှိမှာ မဟုတ်ကြောင်းလည်း လျှပ်စစ်ဝန်ကြီး ဦးခင်မောင်စိုးက ပြောဆိုပါတယ်။
မြန်မာ့လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး လုပ်ငန်း ညွှန်မှူး ဦးမြင့်အောင်ကတော့ ရေခဲသေတ္တာနဲ့ အဲကွန်းသုံးတဲ့သူတွေသာ မီတာ ယူနစ် ၁၀၀ ကျော်သုံးတဲ့အတွက် အဲဒီ ပြည်သူတွေပဲ မီတာခ ပိုပေးရမယ်လို့ ပြောပါတယ်။

လက်ရှိ အစိုးရက အသစ်သတ်မှတ်လိုက်တဲ့ မီတာခနှုန်းထားသစ်အရ ပြည်သူတချို့ဟာ မီတာခ ၃၀ ရာခိုင်နှုန်း၊ စက်မှုလုပ်ငန်းငယ်လေးတွေဟာ မီတာခ ၃၃ ရာခိုင်နှုန်း၊ စက်မှုလုပ်ငန်းကြီးတွေနဲ့ ဟိုတယ်၊ ပုဂ္ဂလိက ဆေးခန်းတွေ၊ ရုပ်ရှင်ရုံတွေကတော့ နဂိုမီတာခရဲ့ ၂ ဆ ပိုမိုကုန်ကျကြမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013