DVB Logo
Home
မေးမြန်းခန်း
အပစ်ရပ်စဲရေး ဘုံသဘောတူညီချက် ရမယ်လို့ ယုံကြည်တယ် – ခွန်ဥက္ကာ
DVB
·
October 31, 2013
အပစ်ရပ်စဲရေး ဘုံသဘောတူညီချက် ရမယ်လို့ ယုံကြည်တယ် – ခွန်ဥက္ကာ
Donate to DVB

တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ တတိုင်းပြည်လုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ဘုံသဘောထားရပ်တည်ချက်ကို ဒီ ညနေပိုင်းမှာ ထွက်ရှိမယ်လို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ကွန်ဖရင့် ပြောခွင့်ရသူ ဗိုလ်မှူးကြီးခွန်ဥက္ကာက ဒီဗွီဘီကို ပြောပါတယ်။
တရုတ်မြန်မာနယ်စပ် ကေအိုင်အို ဌာနချုပ် လိုင်ဇာမြို့က ပဒန်ခန်းမမှာ အောက်တိုဘာ ၃၀ ရက်နေ့ကနေ ၃၁ ရက်နေ့ထိ ကွန်ဖရင့် ကျင်းပနေတာ ဖြစ်ပါတယ်။ လိုင်ဇာမြို့ကို ရောက်ရှိ သတင်းရယူနေတဲ့ ဦးအေးနိုင်က အောက်တိုဘာ ၃၁ ရက်နေ့ မနက်ပိုင်း ကွန်ဖရင့် မစတင်ခင်မှာ ဗိုလ်မှူးကြီးခွန်ဥက္ကာကို မေးမြန်းထားပါတယ်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ညီလာခံကနေ ဘာတွေဆွေးနွေးမလဲခင်ဗျ။ ဘာတွေ အလားအလာကောင်းနေပြီလဲဗျ။

“ဒီနေ့ကတော့ ညီညွတ်ရေးကို လက်တွေ့အချက်အလက်နဲ့ တည်ဆောက်ရမယ့်နေ့ ဖြစ်တာပေါ့ဗျာ။ မနေ့က အခြေခံအယူအဆတွေ ပွင့်ပွင့်လင်းလင်း သူ့အမြင်ကိုယ့်အမြင် ဖလှယ်ပြီး တော်တော်လေး ဆွေးနွေးကြတယ်။ ဒီနေ့က မနေ့က ရရှိတဲ့အမြင်တွေအပေါ်မှာ စုစည်းညီညွတ် နိုင်မယ့် နည်းလမ်း အချက်အလက်ကို ဒီနေ့မှာတော့ ရရှိမယ်လို့ မျှော်လင့်တယ်။ ဘာကြောင့်လည်းဆိုတော့ ကြီးကြီးကျယ်ကျယ် ကွဲလွဲမှု ပေါ်လစီမတူတာတွေ မရှိပါဘူး။ ဒါကြောင့် ညီညွှတ်ရေးအတွက် အခြေခံသဘောတူညီချက်တွေ ဒီညနေ မွန်းလွဲပိုင်းမှာ ရရှိမယ်လို့ ကျနော်အပြည့်အ၀ ယုံကြည်တယ်ခင်ဗျ။”

အန်ကယ်တို့ရဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးနဲ့ ပတ်သက်ပြီး ဒီညနေပိုင်းမှာ ထွက်နိုင်မယ်လို့ ပြောနိုင်ပါသလား။

“ဟုတ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ယူအန်အက်ဖ်စီ တပ်ပေါင်းစုအနေနဲ့ကတော့ ဘုံသဘောထားအချို့ အခြေခံ အကြမ်းဖျင်းတော့ ရထားပြီ။ ဒါကို မနေ့က တင်ပြတယ်။ ဒီနေ့ဆက်လက်တင်ပြမယ်။ တင်ပြပြီးတော့ ယူအန်အက်ဖ်စီ အဖွဲ့ဝင် မဟုတ်သော အဖွဲ့အစည်းတွေရဲ့ သဘောထားကို ထပ်မံစုဆောင်းလိုက်ရင် ကျနော်တို့ အနိမ့်ဆုံး ဘုံသဘောတူညီချက် မူကြမ်းတခုတော့ ထွက်နိုင်တာပေါ့။”

အစိုးရဘက်ကနေပြီး အခုညီလာခံကို ပေးပို့ထားတဲ့ မူကြမ်းနဲ့ ပတ်သက်လို့ ဆွေးနွေးမှာလား။

“အဲဒါကိုလည်း ထည့်သွင်းဆွေးနွေးမှာဖြစ်တယ်။ အဲဒီမူကြမ်းအပေါ်မှာလည်း ကျနော်တို့ ခွဲခြမ်းစိတ်ဖြာမှု လုပ်ပါတယ်။”

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ အပစ်အခတ်ရပ်စဲရေး ဘုံသဘောထားက ကြိုတင်ကန့်သတ်ချက်တချို့ပါသလား။

“ယူအန်အက်ဖ်စီ တပ်ပေါင်းစုက ရရှိထားတာတော့ ကြိုတင် စည်းကမ်းချက် ၆ ချက် ၇ ချက်ရှိတယ်။ နောက်ပြီးတော့ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးမယ်ဆိုရင် လက်မှတ်ထိုးရမယ့် စာချုပ်စာတမ်းမှာ ပါရမယ့် အချက်တွေ ရှိတယ်။ နောက်ဆုံးတခုက လက်မှတ်ထိုးတဲ့ပွဲရဲ့ အပြုအမူ၊ ပါဝင်သင့်တဲ့ ပုဂ္ဂိုလ်တွေ အဲဒါတွေထား။ အပိုင်း ၃ ပိုင်းပေါ့။ တင်ကြိုရရှိ ရမယ့် အချက်အလက်ကတပိုင်း လက်မှတ်ထိုးတဲ့စာချုပ်ထဲမှာ ပါတဲ့ အချက်အလက်က တပိုင်း နောက်ဆုံး ထိုးတဲ့အချိန်မှာ ပါဝင်ပတ်သက်ရမယ့် ခေါင်းဆောင်တွေ အပြုအမူက တပိုင်း အဲဒီ သုံးပိုင်းရှိပါတယ်။ ဒါကို ဆုံးဖြတ်ချက်အနေနဲ့ ဒီညီလာခံက ထွက်ဖို့မျှော်လင့်ပါတယ်။”

ကေအန်ယူ (ကရင်အမျိုးသားအစည်းအရုံး) နဲ့ အာရ်စီအက်စ်အက်စ် (ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ) ရဲ့ တာဝန်ရှိသူတွေက မြန်မာအစိုးရကိုယ်စားတွေနဲ့ နိုင်ငံရေးမူဘောင်တွေနဲ့ ပတ်သက်ပြီးတော့ ဆွေးနွေးခဲ့တာတွေရှိတယ်။ အဲဒါကို ညီလာခံမှာ ချပြမယ်ပြောတယ်။ အဲဒါတွေကော ဘယ်လိုရှိလဲ။

“သူတို့ကို ဦးစားပေးပြီး ဖိတ်ခေါ်တဲ့အတွက် မနေ့က သူတို့ အတွေ့အကြုံတွေကို ချပြပြီးပါပြီ။ သူတို့ရဲ့ ကြိုးပမ်းမှုတွေလည်း ကောင်းတယ်။ ကျနော်တို့ တိုင်းရင်းသားတွေရဲ့ကိုယ်စား နေပြည်တော်သွားတယ်။ ရန်ကုန်သွားပြီးတော့ အကြိမ်ပေါင်းများစွာ ရှင်းလင်းချပြတော့ အဲဒီအပေါ်မှာ ဖြစ်လာတဲ့ အခြေအနေကို ကျနော်တို့ သိခွင့်ရတော့ ကျေးဇူးတင်ရပါတယ်။ ရှေ့ဆက်ပြီး တကယ်ဆုံးဖြတ်မယ့် အချိန်မှာလည်း တန်ဖိုးရှိတဲ့ အတွေ့အကြုံတွေ ဖြစ်ပါတယ်။ ဒါကြောင့် ဒီခေါင်းဆောင်တွေကို မနေ့က အချိန်ဦးစားပေးပြီး အရင်တင်ပြ။ သူတို့ အတွေ့အကြုံတွေကို ကျနော်တို့က ပြန်ယူပြီး အားလုံးလက်ခံနိုင်တဲ့ ဘုံသဘောထားကို ရရှိမှာဖြစ်ပါတယ်။ ဒီနေ့ကတော့ မျှော်လင့်ချက်ရှိတယ်လို့ ပြောနိုင်ပါတယ်။”

တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဘုံသဘောတူညီချက်တရပ် ရရှိရေးက ရာခိုင်နှုန်းအားဖြင့် ဘယ်လောက်အထိ မျှော်လင့်ချက် မြင်နေပြီလဲ။

“ကျနော်ထင်တာကတော့ တက်လာတဲ့ ခေါင်းဆောင်တွေရဲ့ အမျှော်အမြင်ကြီးမှု စိတ်ရှည်မှု သည်းခံမှု ညီညွတ်ရေးကိုလည်း မဖြစ်မနေ တည်ဆောက်ချင်တဲ့ ဆန္ဒရှိတယ်ဆိုရင်တော့ တပြည်လုံးအတိုင်းအတာဆောင်တဲ့ အပစ်အခတ်ရပ်စဲရေးဖို့ ဘုံသဘောတူညီချက်က ရာခိုင်နှုန်းတော်တော်များများက ဖြစ်နိုင်တယ်လို့ ကျနော်တော့ ယုံကြည်တယ်။”

ဒီကိစ္စနဲ့ ပတ်သက်ပြီး မဲခွဲမှာလားခင်ဗျ။

“မဲခွဲဖို့ မရှိပါဘူး။ ကျနော်တို့ဆီမှာ မဲခွဲစနစ်နဲ့ အများစု အနိုင်ယူတဲ့ စနစ်မရှိပါဘူး။”

ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော်က ပုဂ္ဂိုလ်တွေ တက်ရောက်လာခြင်းမရှိတော့ ဘယ်လိုမျိုးသက်ရောက်မှု ရှိနိုင်မလဲခင်ဗျ။

“ကျနော်ထင်တာက သူတို့လာချင်မှာပါ။ အခက်အခဲအကြောင်း အမျိုးမျိုးကြောင့် မလာဖြစ်တာ ဖြစ်မယ်။ သို့သော် ကျနော်တို့ တာဝန်က မလာဖြစ်သော်လည်း စုပေါင်းတာဝန်ခံရမှာ ဖြစ်တဲ့ အတွက် ဖြစ်နိုင်ရင် ညီလာခံမှာ ရရှိတဲ့ အခြေခံအချက်တွေကို သူတို့မလာဖြစ်သူ သူတို့ဆီ သွားရှင်းရမှာပေါ့။ ကျနော်တို့ ညီလာခံတာဝန်ပေးချက်အရ ကိုယ်စားလှယ်ရွေးပြီးတော့ ၀ခေါင်းဆောင်တွေကို သွားရောက်တွေ့ဆုံပြီး ရရှိထားတဲ့ အချက်အလက်တွေ ရှင်းပြဖို့ ဒါက ကျနော်တို့ ဘက်က စိတ်ရှည်ရှည်နဲ့ လုပ်ရမယ့်ကိစ္စပါ။ မလာဖြစ်လို့ ကျန်တာတော့ မရှိပါဘူး။”

နိုဝင်ဘာ ၃ ရက် ၄ ရက်မှာ ကချင်ပြည်နယ် မြစ်ကြီးနားမှာ ဦးအောင်မင်း ခေါင်းဆောင်တဲ့ ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းအဖွဲ့က ခေါင်းဆောင်တွေနဲ့ တွေ့မယ့်အခါမှာ ဆွေးနွေးပွဲ အလားအလာက ကောင်းမယ်ဆိုတဲ့ သဘောပေါ့။

“အဲဒါက တပိုင်းဗျ။ အစိုးရကိုယ်စားလှယ်တွေနဲ့ တွေ့မယ့်ကိစ္စ ဆွေးနွေးမယ့် ကိစ္စကတော့ တပိုင်းဖြစ်တယ်။ ဘာကြောင့်လည်းဆိုတော့ ကျနော်တို့ အချင်းချင်းက အရင် ကျစ်ကျစ်လစ်လစ် ဖြစ်ဖို့လိုတယ်။ ဒါကြောင့် ၀နဲ့ ခေါင်းဆောင်တွေ တွေ့ဆုံပြီးတော့ ပါဝင်ပတ်သက်မှုရှိအောင် အကြုံးဝင်အောင်တော့ ကြိုးစားရမှာပဲ။ ဒါက အရေးကြီးပါတယ်။ သို့သော် ပြည်ထောင်စု အစိုးရ ဘက်က ငြိမ်းချမ်းရေးအဖွဲ့တွေနဲ့ ဆွေးနွေးမယ်ဆိုရင်တော့ အပြန်အလှန် အပေးအယူတော့ လုပ်ရမယ့်ကိစ္စတွေရှိပါတယ်။ ကျနော် အဲဒီလိုမြင်တယ်။ ညီလာခံမှာ ဒီလို အခြေခံတွေ ရှိပါတယ်ဆိုတာ အသိပေးအကြောင်းကြားတဲ့ ပွဲလောက်ပဲ ဖြစ်မယ်လို့ ထင်တယ်။”

လိုင်ဇာမြို့မှာ ကျင်းပနေတဲ့ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများ ကွန်ဖရင့်မှာ တနိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး ဘုံသဘောထားတရပ် ချမှတ်နိုင်တော့မယ့် အကြောင်း ကွန်ဖရင့်ပြောခွင့်ရသူနဲ့ မေးမြန်းခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013