DVB Logo
Home
မြန်မာသတင်း
ဒုက္ခသည်စခန်းများတွင် သန်းခေါင်စာရင်းကောက်မည်
DVB
·
October 31, 2013
ဒုက္ခသည်စခန်းများတွင် သန်းခေါင်စာရင်းကောက်မည်
Donate to DVB

၂၀၁၄  ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူမှုမှာ   ပြည်ပ ဒုက္ခသည်စခန်းတွေက လူဦးရေစာရင်းတွေလည်း ပါနိုင်အောင် ဒေသခံ အစိုးရအာဏာပိုင်တွေနဲ့ ပူးပေါင်းပြီး သန်းခေါင်စာရင်း ကောက်သွားမယ်လို့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဦးစီးဌာနက ပြောပါတယ်။

[caption id="attachment_26876" align="alignright" width="300" caption="မယ်လဒုက္ခသည်စခန်း (ဓာတ်ပုံ - ရိုက်တာ)"][/caption]

မြန်မာနိုင်ငံမှာ လက်ရှိ လူဦးရေ ဘယ်လောက်ရှိနေပြီးလဲဆိုတာ သိရဖို့  ၂၀၁၄ ခုနှစ် မတ်လမှာ ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူမယ့် အစီအစဉ်တွေထဲမှာ ပြည်ပရောက် မြန်မာနိုင်ငံသားတွေအပြင် ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေတဲ့  ဒုက္ခသည်တွေစာရင်းပါ ထည့်သွင်း ကောက်ယူသွားမယ်လို့  လူဝင်မူကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဦးစီးဌာနက ပြောပါတယ်။

ပြည်ပဒုက္ခသည်စခန်းတွေမှာ သန်းခေါင်စာရင်း ကောက်မယ့် အစီအစဉ်နဲ့ ပတ်သက်ပြီး နေပြည်တော် ပြည်သူ့အင်အားဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ကြိုင် အခုလို ပြောပါတယ်။

“ပြည်ပမှာရောက်နေတဲ့ မြန်မာနိုင်ငံသား ဒုက္ခသည်တွေကို ၂ နည်း ၂ လမ်းနဲ့ ကောက်မယ်။ ပြည်တွင်းမှာ သူတို့ရဲ့ မိသားစုတွေ သန်းခေါင်စာရင်းကောက်တဲ့အခါမှာလည်း အဲဒါတွေကို ဖော်ထုတ်ပြီး ကောက်သွားပါ့မယ်။ နောက်တခုက နိုင်ငံခြားမှာ ရှိတဲ့ သက်ဆိုင်ရာ သံရုံးတွေကတဆင့် သက်ဆိုင်ရာနိုင်ငံတွေနဲ့ ညှိနှိုင်းပြီး စာရင်းကောက်သွားမယ်။ အဲဒီစာရင်းတွေကို နောက်ပိုင်း ပြန်ပြီး ကွဲပြားမှုရှိမရှိ ဖြေရှင်းပြီး ထုတ်ပြန်မှာပါ။ ပြည်တွင်းဒုက္ခသည်စခန်းတွေကိုတော့ ပြည်တွင်းမှာပဲ ကောက်မှာပေါ့။ ပြည်ပဒုက္ခသည်တွေကိုတော့ သက်ဆိုင်ရာနိုင်ငံ တာဝန်ရှိသူတွေနဲ့ ညှိနှိုင်းပြီး ကောက်မှာပါ။”

ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူမယ့် ရက်ကိုတော့  ၂၀၁၄ ခုနှစ် မတ် ၂၉ ရက်ည သန်းခေါင်ယံအချိန်ကနေ စတင်မှာ ဖြစ်ပြီး  ဧပြီ ၁၀ ရက်နေ့အထိ ၁၁ ရက်ကြာ ပြုလုပ်ဖို့ ရှိနေတာ ဖြစ်ပါတယ်။

အဲဒီကာလအတွင်း  မြန်မာနိုင်ငံအတွင်း ရောက်ရှိနေတဲ့ မည်သူကိုမဆို သန်းခေါင်စာရင်း ကောက်ခံသွားမယ်လို့ဆိုပါတယ်။

“အဲဒီအချိန်အတွင်း မြန်မာနိုင်ငံမှာရှိတဲ့ တိုင်းရင်းသားလူမျိုးတွေရော၊ နိုင်ငံခြားသားတွေရော၊ မည်သည့်လူမျိုး လူတန်းစားမဆို မှတ်ပုံတင် ရှိရှိမရှိရှိ၊ စာရင်းရှိရှိ မရှိရှိ၊ ပတ်စပို့နဲ့လာလာ ဗီဇာနဲ့လာလာ ဘယ်လိုလူမျိုးကိုမဆို မြန်မာနိုင်ငံမှာရှိသူ တယောက်မကျန် ကောက်ယူသွားမှာ ဖြစ်ပါတယ်။”

ပြည်ပရောက် မြန်မာတွေအတွက်တော့ သက်ဆိုင်ရာနိုင်ငံမှာ ရှိတဲ့ မြန်မာသံရုံးတွေက ဆောင်ရွက်သွားမှာ ဖြစ်ပြီး မြန်မာနိုင်ငံကို ပြန်လာစရာမလိုဘဲ စာရင်းပေးနိုင်အောင် စီစဉ်ထားတယ်လို့လည်း ဆိုပါတယ်။

ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူမှုကို ကုလသမဂ္ဂရဲ့ အကူအညီနဲ့ ဆောင်ရွက်မှာ ဖြစ်ပြီး  တနိုင်ငံလုံးအတိုင်းအတာနဲ့ ဖြန့်ကြက်ကောက်နိုင်ဖို့အတွက် မူလတန်းပြဆရာမ ၁ သိန်းနဲ့ ဦးစီးကြီးကြပ်သူ ၂ သောင်းလောက်ကိုလည်း  လေ့ကျင့်ထားပြီး ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူမှုကို  ၁၉၇၃မှာ ၁ ကြိမ်၊ ၁၉၈၃ ခုနှစ်မှာ ၁ ကြိမ် နောက်ဆုံး ကောက်ယူခဲ့ဖူးပါတယ်။ ၁၉၇၃ ခုနှစ် သန်းခေါင်စာရင်းအရ မြန်မာပြည်ရဲ့ လူဦးရေ ၂၈ သန်းလောက်ရှိပြီး  ၁၉၈၃ ခုနှစ်မှာတော့  ၃၈ ရှိသန်းနဲ့ လက်ရှိ လူဦးရေ သန်း ၆၀ လောက် ရှိမယ်လို့ ခန့်မှန်းထားတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013