DVB Logo
Home
မြန်မာသတင်း
မြို့ပတ်ရထားတွေကို အဆင့်မြှင့်တင် ပြောင်းလဲပြေးဆွဲရန် စီစဉ်
DVB
·
October 31, 2013
မြို့ပတ်ရထားတွေကို အဆင့်မြှင့်တင် ပြောင်းလဲပြေးဆွဲရန် စီစဉ်
Donate to DVB

ရန်ကုန်မြို့တွင်း ခရီးသွားတွေ  အချိန်တိုတွင်း လိုရာခရီး အဆင်ပြေပြေ သွားလာနိုင်ဖို့ အတွက် မြို့ပတ်ရထားတွေကို  နိုဝင်ဘာ ၁၇ ရက်နေ့က စလို့ ပန်ကာတပ် အဆင့်မြင့် တွဲဆိုင်းရထားတွေအဖြစ် ပြောင်းလဲပြေးဆွဲဖို့  မြန်မာ့မီးရထားဌာနက စီစဉ်နေပါတယ်။

ရန်ကုန်မြို့တွင်း မူလပြေးဆွဲနေတဲ့  ဇ အက္ခရာ တွဲဆိုင်းမြို့ပတ်ရထားတွေနေရာမှာ  ခရီးသည် ၆၀၀ ကျော် စီးနင်း လိုက်ပါနိုင်တဲ့  ၆ တွဲပါ  အဆင့်မြင့်တွဲဆိုင်းသစ်တွေနဲ့  ဇ အက္ခရာ အထူးရထားခရီးစဉ်အဖြစ် အစားထိုးပြေးဆွဲမှာ ဖြစ်ပါတယ်။

ရထားစီနင်းခအဖြစ် ၁ ယောက်ကို ကျပ်ငွေ  ၃၀၀ ကောက်ခံမှာ ဖြစ်ပြီး   နိုင်ငံခြားသားတွေကိုတော့ အမေရိကန်ဒေါ်လာ ၁ ဒေါ်လာ ကျသင့်မှာ ဖြစ်တယ်လို့  မြန်မာ့မီးရထားဌာန အောက်မြန်မာပြည်ရုံးမှ အထွေထွေမန်နေဂျာ ဦးထွန်းအောင်သင်းက ခုလို ပြောပါတယ်။

“၃၀၀ ကို ဘာလို့ သတ်မှတ်လည်းလို့ မေးစရာရှိပါတယ်။ ဒီတွဲတွေဟာ ကျန်တဲ့ တွဲတွေနဲ့ မတူပါဘူး။ သီးသီးသန့်သန့်လည်း ဖြစ်ပါတယ်။ အထူးသဖြင့် အဆင့်မြင့်အောင် စီစဉ်ခြင်းဖြစ်ပါတယ်။ နောင်လည်း ဒီထက်အဆင့်မြင့်နိုင်အောင် စီစဉ်ဖို့ဖြစ်ပါတယ်။ မြို့ထဲကို သွားတဲ့ ကားတွေရဲ့ နှုန်းထားကို မူတည်ပြီး ချိန်ဆပြီးမှ ခရီးသည်တွေရဲ့ ဆန္ဒကို ယူပါတယ်။  ဒီတွဲဆိုင်းကိုတော့ ၃၀၀ နဲ့ စီစဉ်ခြင်းဖြစ်ပါတယ်။ ဒါကလည်း ခရီးသွားပြည်သူတွေရဲ့ဆန္ဒကို ယူပါတယ်။ မေးမြန်းပါတယ်။ ”

ရထားတွဲသစ်တွေဟာ  မျက်နှာချင်းဆိုင် ဖိုင်ဘာခုံတွေကို အသုံးပြုထားပြီး  ပန်ကာ တပ်ဆင်ထားတာကြောင့်  တခြား၂၀၀ တန်ရထားတွေနဲ့ မတူတဲ့ အပြင်အဆင်တွေမို့  ခရီးသွားတွေ အဆင့်မြင့်မြင့် စီးနင်းနိုင်တယ်လို့လည်း ဆိုပါတယ်။

ရထားခရီးစဉ်ကို နေ့စဉ် မနက်၅ နာရီက စတင်ပြီး  ရန်ကုန် - အင်းစိန်- လှော်ကား ခရီးစဉ်တွေအဖြစ် တနေ့ကို ၄ ပတ် ပြေးဆွဲမှာပါ။ မြို့တပတ်ကို ၁ နာရီဝန်းကျင်ခန့် ကြာမှာဖြစ်ပြီး ဘူတာအားလုံး ရပ်ပေးသွားမှာလည်း ဖြစ်ပါတယ်။

မြန်မာ့မီးရထားဌာနဟာ ရထားစီးခရီးသည်တွေအတွက် ကျိုက်ထို အဲယားကွန်းရထားနဲ့ ၊ရန်ကုန်မြို့ပတ် အဲကွန်းရထားတွေကို မကြာသေးခင်ကပဲ တိုးချဲ့ပြေးဆွဲခဲ့ပြီး ခု ပန်ကာတပ် အဆင့်မြင့် မြို့ပတ်ရထားကို တိုးချဲ့လိုက်တာလည်း ဖြစ်ပါတယ်။

လတ်တလော မြို့တွင်းပြေးဆွဲနေတဲ့ အဲကွန်းရထားရထားဟာ  ၁ ရက်ကို  ကျပ်ငွေ သိန်း ၂၀ ကျော်လောက် အရှုံးပေါ်နေတယ်လို့လည်း သတင်းတွေ ထွက်နေပါတယ်။ မြန်မာ့ မီးရထားဌာနကတော့ အသစ် ပြေးဆွဲတဲ့ ရထားခရီးစဉ်တွေကြောင့် စက်သုံးဆီဖိုး တနေ့ ဂါလံ ၁၀၀ ကျော်အတွက် မြန်မာကျပ်ငွေ ၃ သိန်း ၇ သောင်းကျော် ကုန်ကျပြီး အရှုံးခံပြေးဆွဲပေးနေတာဖြစ်တယ်လို့ ဒီနေ့ထုတ် နိုင်ငံပိုင်သတင်းစာတွေမှာ ဖော်ပြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013