DVB Logo
Home
မြန်မာသတင်း
ပဲခူးအကြမ်းဖက်သတ်ဖြတ်မှု လူမျိုးတုံးသတ်ဖြတ်မှုဟု အေအေပီပီထုတ်ပြန်၊ နိုင်ငံတဝန်း ကျဆုံး ပြည်သူ ၇၀၀ ကျော်ရှိလာ
DVB
·
April 11, 2021
ပဲခူးအကြမ်းဖက်သတ်ဖြတ်မှု လူမျိုးတုံးသတ်ဖြတ်မှုဟု အေအေပီပီထုတ်ပြန်၊ နိုင်ငံတဝန်း ကျဆုံး ပြည်သူ ၇၀၀ ကျော်ရှိလာ
Donate to DVB

စစ်တပ်နဲ့ ရဲတွေ အကြမ်းဖက်ဖြိုခွင်းမှုကြောင့် ပဲခူးမြို့က ကျဆုံးရသူ ၈၂ ဦးအပါအ ဝင် မတရားစစ်အာဏာသိမ်းမှုကာလ ၂ လကျော်အကြာ ကျဆုံးပြည်သူပေါင်း ၇၀၁ ယောက်ထိ ရှိလာခဲ့ပြီလို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ) က ထုတ်ပြန်ပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်မှ ဧပြီ ၁၀ ရက်အထိ မှတ်တမ်း ပြုစုထား တာဖြစ်ပြီး ဒီအရေအတွက်ဟာ အေအေပီပီမှ ကောက်ယူရရှိထားတဲ့ အရေအတွက်ဖြစ်ပြီး အမှန်တကယ်ကျဆုံးသူတွေဟာ ဒီ့ထက် ပိုများနေနိုင်ကြောင်းလည်း ဖော်ပြထားပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ပြည်သူ ၃၀၁၂ ယောက်ကတော့ ချုပ်နှောင်ခံ ထားရဆဲ ဖြစ်ကာ  အဲဒီထဲက ၆၃ ယောက်ကတော့ ထောင်ဒဏ်ချမှတ် ခံထားရပါတယ်။ အမှုဖွင့်ခံထားရပြီး ဖမ်းဝရမ်း ထုတ်ခံထားရတဲ့အတွက် တိမ်းရှောင်နေသူအရေအတွက်ကတော့ ၆၅၆ လောက်ရှိနေပြီး သူတို့ထဲက ၁၇ ယောက်ကတော့ မျက်ကွယ် သေဒဏ်ချမှတ်ခံထားရသူတွေဖြစ်တယ်လို့ ဆိုပါတယ်။

ဧပြီ ၉ ရက်နေ့က ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ပဲခူးမြို့ကို အကြမ်းဖက်စစ်အုပ်စု က မနက်အစောပိုင်းအချိန်က စတင်ကာ ညအချိန်ထိတိုင် စစ်တလင်းသဖွယ်၊ လူသတ် ကွင်းတွေသဖွယ် အပြင်းအထန် ပစ်ခတ်သတ်ဖြတ်ခဲ့တာကြောင့် ပြည်သူ ၈၂ ယောက် ကျ ဆုံးခဲ့ကြောင်း အတည်ပြုနိုင်ခဲ့ပေမယ့် အဲဒီထက်ပိုပြီး ကျဆုံးသူတွေ ရှိနိုင်တယ်လို့ အေ အေပီပီက ဆိုပါတယ်။

ပြည်သူတချို့ဟာ ထိခိုက်ဒဏ်ရာတွေ ရရှိထားတဲ့အတွက် ဆေးကုသခွင့်ပေးဖို့ တောင်းဆိုခဲ့ကြပေမယ့် ခွင့်မပြုတဲ့အတွက် သွေးထွက်လွန်ကာ ကျဆုံးသွား ခဲ့သူတွေ လည်းရှိတယ်လို့ သိရှိရပါတယ်။ ဒါ့အပြင် မြို့ပေါ်ရပ်ကွက်နေပြည်သူတချို့ဟာ အနီးနား ကျေးရွာတွေဆီ ထွက်ပြေးတိမ်းရှောင်နေကြရတာတွေလည်း ရှိတယ်လို့ ဆိုပါတယ်။

     ဧပြီ ၁၀ ရက်မှာလည်း  အကြမ်းဖက်စစ်အုပ်စုရဲ့ လက်ပါးစေ ရဲနဲ့ စစ်သားတွေဟာ  ရပ်ကွက်တွေ၊ အိမ်တွေထဲထိ ရှာဖွေတာ၊ ပစ်ခတ်တာတွေ ပြုလုပ်နေကြတယ်လို့ ဆိုပါတယ်။

တရက်အတွင်း ဒေသတခုတည်းမှာ လူပေါင်း ၈၂ ယောက်ထက်မနည်းကို အင် အားသုံး အကြမ်းဖက် သတ်ဖြတ်ခဲ့တာဟာ လူမျိုးတုံးသတ်ဖြတ်မှုဖြစ်ပြီး လူသားမျိုး နွယ်ကို ဆန့်ကျင်တဲ့ ရာဇဝတ်မှုဖြစ်တယ်လို့ အေအေပီပီရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြ ထားပါတယ်။

ဧပြီ ၉ ရက်နေ့ညက ကုလသမဂ္ဂ လုံခြုံရေးကောင်စီ သီးသန့်အစည်းအဝေး(Arria Formula Meeting)မှာ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြု ကော်မတီ (CRPH) က တက်ရောက်ဆွေးနွေးမှုမပြုမီ အပြင်းအထန် ပစ်ခတ်သတ်ဖြတ်မှုပြုတာ၊ ပြည်သူတွေ စိတ်ပါဝင်စားမှု၊ စိတ်အားတက်ကြွမှုတွေ လျော့နည်းစေရန်နဲ့ အကြောက်တရားတွေ စိမ့် ဝင်လာစေဖို့ ခုလိုလုပ်တာဖြစ်ကြောင်းလည်း အေအေပီပီက ဆိုပါတယ်။

ဧပြီ ၁၀ ရက်မှာတော့ “လုံးဝ အုပ်ချုပ်ခွင့် မရစေရ” ဆိုတဲ့ “Red Movement Campaign” အပါအဝင် ဆန္ဒထုတ်ဖော်ပွဲတွေကို ပြည်သူတွေက ဆက်လက် ပြုလုပ်ခဲ့ကြ ပြီး  မန္တလေးမြို့မှာတော့ ရက်မပျက်ချီတက်နေကြတဲ့ မြတောင် သပိတ်စစ်ကြောင်းကို အ ရပ်ဝတ်နဲ့ အကြမ်းဖက် လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဖြိုခွင်းခဲ့ကြပြီး ပြည်သူ ၁၅ ယောက်ကို ဖမ်းဆီးသွားခဲ့ကြတယ်လို့ ဆိုပါတယ်။

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ကသန်းကျေးရွာမှာတော့ ကရင်လူငယ် တယောက်ကို  ပစ်သတ်သွားခဲ့တယ်လို့ သိရှိရပေမယ့် သီးခြားအတည်ပြုချက် မရရှိသေးဘူးလို့ အေအေပီပီ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြပါတယ်။ ဒါ့အပြင် ဧပြီ ၁၀ ရက် နေ့လယ် ၁၂ နာရီလောက်က စတင်ကာ အကြမ်းဖက်စစ်အုပ်စုတပ်ဖွဲ့တွေဟာ စစ်ကိုင်းကိုင်းဒေသကြီး၊ တမူးမြို့က ရပ်ကွက်တချို့ကို စတင်ပစ်ခတ်ခဲ့ပြီး ပြည်သူတွေ အတားအဆီး ပြုလုပ်ထားတဲ့ သပိတ်ခံတပ်တွေကို ဝင်ရောက် ပစ်ခတ်ဖြိုခွင်းခဲ့ကြပြီး ဆိုင်ကယ်တစီးကို အကြောင်းမဲ့ပစ်ခတ်ခဲ့တာကြောင့် ပြည်သူ ၁ ယောက် ကျဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဧပြီ ၉ ရက်နေ့ ညအချိန်မှာလည်း စစ်အုပ်စု အာဘော်တွေကိုသာ ထုတ်လွှင့်နေတဲ့ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားကနေ မြောက်ဥက္ကလာပမြို့နယ်က ပြည်သူ ၁၉ ယောက်ကို သေဒဏ်ချမှတ်ခဲ့ပြီး ၆ ယောက်ကို ထောင်ဒဏ် အသီးသီး ချမှတ်ခဲ့တယ်လို့ ကြေညာထားခဲ့ပါတယ်။

အေအေပီပီ အနေနဲ့ လက်ရှိအခြေအနေတွေကို နေ့စဉ် စောင့်ကြည့်မှတ်တမ်းတင် နေတာဖြစ်ပြီး စစ်အာဏာသိမ်းမှုနဲ့ပတ်သက်ပြီး ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ် ချမှတ်ခံ ထားရသူတွေစာရင်းကို နေ့စဉ် ထုတ်ပြန်သွားမယ်လို့ ဆိုပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ် ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေစတဲ့ နယ်ပယ်အသီး သီးက ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာကို သိရှိပါက ဆက်သွယ် အသိပေး၊ အကြောင်းကြားဖို့လည်း အသိပေးထားပါတယ်။

ဒါ့အပြင် ဥပဒေပိုင်းဆိုင်ရာအကူအညီလိုအပ်ပါကလည်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ) မှ  ကိုအောင်ကြီး၊ ဖုန်း - ၀၉၄၅၁၅၂၉၀၀၀ နဲ့ တရားလွှတ်တော်ရှေ့နေ ဒေါ်ခင်သီတာလဲ့လဲ့ထွန်း၊ ဖုန်း -  ၀၉၇၇၄၀၈၁၅၈၅ တို့ကို  ဆက်သွယ်နိုင်ကြောင်းလည်း ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013