DVB Logo
Home
အာရှဒေသ
ဘလူချစ်စတန် က အကဲစမ်းလာနေတဲ့ ငလျင်ကယ်ဆယ်ရေး လုပ်ငန်း
DVB
·
October 30, 2013
ဘလူချစ်စတန် က အကဲစမ်းလာနေတဲ့ ငလျင်ကယ်ဆယ်ရေး လုပ်ငန်း
Donate to DVB

၇ ဒဿမ ၈ ပြင်းအားရှိတဲ့ အားကောင်းတဲ့ငလျင် တခုဟာ လွန်ခဲ့တဲ့လက မတည်ငြိမ်လှတဲ့ ပါကစ္စတန်ရဲ့ ဘလူချစ်စတန် ပြည်နယ်မှာ လှုပ်သွားခဲ့ပါတယ်။ လူပေါင်း ၇၀၀ ကျော် သေဆုံးပြီး ထောင်နဲ့ချီ ဒဏ်ရာရခဲ့ကြ၊ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ကြရပါတယ်။

ဘလူချစ်စတန်မှာ ရှိတဲ့တောင်တွေက သဘာဝဓာတ်သတ္ထုတွေနဲ့ ကြွယ်ဝလှပေမယ့် အဲဒီက ပြည်သူလူထုတွေကတော့ ပါကစ္စတန်မှာ အဆင်းရဲဆုံး ဖြစ်နေကြပါတယ်။ ငလျင် မလှုပ်ခင်ကတောင်မှ အဲဒီမှာ လျှပ်စစ်မီး မရှိသလို ရေးပေးစနစ် လည်းမရှိပါဘူး။

လွန်ခဲ့တဲ့လက ငလျင်က သူတို့ ဘ၀တွေကို ပိုပြီး ခက်ခဲကြမ်းတမ်းသွားစေပါတယ်။
ကရာချီမြို့နဲ့ ကီလိုမီတာ ၆၀၀ ဝေးတဲ့ အ၀ရန်ခရိုင်မှာ ငလျင်ဒဏ် ခံခဲ့ရတဲ့သူတွေဟာ လောင်မြိုက်နေတဲ့ အပူဒဏ်အောက်မှာ ဒေသ အကူအညီပေးရေး အဖွဲ့တဖွဲ့က ကယ်ဆယ်ရေး အကူအညီတွေကို ရယူဖို့ စောင့်ဆိုင်းနေကြပါတယ်။

ဟဲလ်ပင်းဟင်း ကယ်ဆယ်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ရဲ့ ဒေသဒါရိုက်တာ ဖိုင်ဇယ်လ်ရေးမန်က
“ဒီရွာကတော့ လုံးလုံး ပျက်စီးသွားပါတယ်။ အိမ်တွေ အားလုံး ပျက်စီးနေတာကို ခင်ဗျားတို့ တွေ့နိုင်တာပဲဗျာ။ ကျနော်တို့ရဲ့ ပထမ ဦးစားပေးအလုပ်ကတော့ သူတို့ကို နေစရာ ပေးဖို့ပါပဲ’’ လို့ ပြောပါတယ်။

ဒီမှာရှိတဲ့ တခြားသူတွေလိုပဲ အသက် ၇၀ ရှိပြီဖြစ်တဲ့ ခရင်းမ်ဒက်က အမျိုးသားစကား ဖြစ်
တဲ့ အူရဒူဘာသာကို မပြောတတ်ပါဘူး။ ဘလူချီ ဘာသာစကားနဲ့က လက်ဟန်ခြေဟန် ဘာသာစကားကို သုံးပြီး သူ့ရဲ့မိသားစုက ကလေးတယောက် ဆုံးရှုံသွားတယ်လို့ ပြောပါတယ်။

ဒေသက ဈေးသည် အိုမစ်ဒ်အလီရဲ့ ကလေးတွေကတော့ ငလျင်မှာ ဒဏ်ရာရ ခဲ့ကြပါတယ်။

“အကူအညီပေးဖို့ ဘယ်သူမှ ရောက်မလာပါဘူးဗျာ။ ကျနော် သူတို့ကို ကရာချီအထိ တလျှောက်လုံး သယ်လာခဲ့ရတာပါ။ ကျနော်တို့က ဆင်းရဲသားတွေပါဗျာ။ နဂိုကတည်းက ကျနော်တို့ ပြောတာကို ဘယ်သူမှ နားထောင်ကြတာ မဟုတ်ပါဘူး။ ကပ်ဘေးသင့်တဲ့ကာလ မှာတောင် နားမထောင်ကြဘူးဗျ။”

ဒီကျိုးပျက်နေတဲ့ နံရံတွေပေါ်မှာ ပြင်းထန်တဲ့ ပါကစ္စတန် ဆန့်ကျင်ရေး ကြွေးကြော်သံတွေ ရှိ နေပါတယ်။

ကြွယ်ဝတဲ့ သဘာဝသယံဇာတတွေကို ထိန်းချုပ်မှု လုပ်နိုင်ဖို့ ဒီဒေသတခုလုံးမှာ ခွဲထွက်ရေး လက်နက်ကိုင်လှုပ်ရှားမှုတခု ဖြစ်ပွားပြီး တိုက်ခိုက်နေခဲ့ကြတာ အခုဆို ဆယ်စုနှစ် ၁ ခု ကျော်လွန်လာခဲ့ပါပြီ။

ဆက်လက် ဖြစ်ပွားနေတဲ့ တိုက်ခိုက်မှုတွေက အကူအညီ ရယူနိုင်ရေးမှာ စိန်ခေါ် အကဲစမ်းမှုကို ပိုပြီး ကြီးမားလာစေခဲ့ပါတယ်။

ဒီဒေသကို ပထမဆုံး ရောက်ရှိခဲ့တဲ့အဖွဲ့တွေထဲက တဖွဲ့ဖြစ်တဲ့ အယ်လ်ခစ်မတ် လူမှုစောင့်ရှောက်ရေးအဖွဲ့ရဲ့ ဦးစီးအရာရှိ အဘ်ဒူလ်အဇစ်က “လုံခြုံရေးတပ်တွေနဲ့ အစိုးရက ကျနော်တို့ကို တားထားပြီး စစ်သွေးကြွတွေက တိုက်ခိုက်လိမ့်မယ်လို့ သတိပေးခဲ့ပါတယ်။ ဒါပေမယ့် ကျနော်တို့က အတင်း ဆက်ပြီး ထွက်ခဲ့ကြတာပါ။ တချို့ဒေသခံ ဘလူခ့်ျတွေကတောင် ကျနော်တို့ကို ရပ်ခိုင်းပြီး စစ်ဆေးခဲ့ကြပါသေးတယ်” လို့ ပြောပါတယ်။

လက်နက်ကိုင်အုပ်စုတွေက လွန်ခဲ့တဲ့လ ငလျင်လှုပ်ခဲ့တဲ့အချိန်ကစပြီး လုံခြုံရေးတပ်ဖွဲ့တွေကို ၂ ကြိမ်မက တိုက်ခိုက်ခဲ့ကြပါတယ်။

နိုင်ငံခြားကူညီပေးရေးအေဂျင်စီတွေကိုလည်း လုံခြုံရေးအကြောင်းပြချက်နဲ့ အဲဒီဒေသကို မသွားကြဖို့ အစိုးရက အကြံပေးခဲ့ပါတယ်။

အဲဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး ဒေသအကူအညီ လုပ်သား အက်ဘ်ဒူလ်ဟာကင်းမ်က “’အကူအညီပေးရေးအေဂျင်စီတွေက ရှုပ်ထွေးကုန်တယ်ဗျ။ သူတို့က အစိုးရ လုံခြုံရေး တပ်ဖွဲ့တွေကို သူတို့နဲ့ ခေါ်သွားရင်လည်း သူတို့ကို အပစ်ခံရမှာ ကြောက်ကြတယ်လေ။ တကယ်လို့ လုံခြုံရေးတပ်ဖွဲ့တွေ မပါဘဲ သွားပြန်ရင်လည်း သူတို့ကို တိုက်ခိုက်လာမှာ ကြောက်ကြတာပါပဲ” လို့ ပြောပါတယ်။

ပြည်နယ်ဒေသ အစိုးရကတော့ ငလျင်ကြောင့် ထိခိုက်ခံစားခဲ့ကြရသူတွေကို ဖြစ်နိုင်သမျှ အမြန်ဆုံး အကူအညီပေးဖို့ သူတို့ အကောင်းဆုံး ဆောင်ရွက်နေကြတယ်လို့ အခိုင်အမာ ပြောနေပါတယ်။

ဒေသရဲ့ ခရိုင် ကော်မရှင်နာမင်းကြီး မိုဟာမက်အက်ခ်ဘာက “အဲဒီမှာ အဖြစ်အပျက်တချို့ ဖြစ်ခဲ့တယ်ဆိုတာကို ကျနော် ၀န်ခံပါတယ်။ ပြီးပြည့်စုံမှုတော့ မရှိပါဘူး။ ဒါပေမယ့် ကျနော်တို့က ထိခိုက် ခံစားခဲ့ရသူတွေကို အကူအညီပေးရေးကို စွန့်လွှတ်လိမ့်မယ် မဟုတ်ဘူးဆိုတာကိုတော့ အာမခံ ပါတယ်ဗျာ’’ လို့ ပြောပါတယ်။

နောက်တခုကတော့ ချည်းကပ်လာနေပြီဖြစ်တဲ့ ဆောင်းရာသီက ဘလူချစ်စတန်က ထောင်နဲ့ချီနေတဲ့ အိုးမဲ့အိမ်မဲ့တွေကို အကဲစမ်း စိန်ခေါ်မှုအသစ်တွေ သယ်ဆောင် လာဦးမယ်ဆိုတာပါပဲ။

ရှာဒီ ခန်ဆိုင်အိဖ်က အာရှဒေသ သတင်းဆောင်းပါးကဏ္ဍအတွက် အ၀ရန် ဘလူချစ်စတန်က သတင်းပေးပို့ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013