DVB Logo
Home
မေးမြန်းခန်း
ဖွဲ့စည်းပုံကို ပြည်သူတွေ ပိုနားလည်အောင် လိုက်ရှင်းပြတာပါ – ဦးဌေးဦး
DVB
·
October 30, 2013
ဖွဲ့စည်းပုံကို ပြည်သူတွေ ပိုနားလည်အောင် လိုက်ရှင်းပြတာပါ – ဦးဌေးဦး
Donate to DVB

ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွဲ့ဖြိုးရေးပါတီဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပတ်သက်ပြီး ပြည်သူတွေ ပိုပြီးရှင်းလင်းအောင် လိုက်လံရှင်းပြနေတာဖြစ်ပြီး ပြည်သူ့ဆန္ဒယူနေတာ မဟုတ်ဘူးလို့ ပါတီဒုတိယဥက္ကဌ ဦးဌေးဦးက ပြောပါတယ်။

ပြည်နယ်တိုင်း မြို့နယ်တချို့မှာ ပြည်ခိုင်ဖြိုးပါတီက အခြေခံဥပဒေလေ့လာ သုံးသပ်ဆွေးနွေးပွဲတွေ ပြုလုပ်နေတာနဲ့ ပတ်သက်ပြီး မေးမြန်းရာမှာ ဦးဌေးဦးက အခုလို ပြောလိုက်တာဖြစ်ပါတယ်။

[caption id="attachment_23735" align="alignleft" width="300" caption="ဦး​​ဌေး​ဦး​"][/caption]၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မ ဘယ်နှခုလာက်ကို ပါတီအနေနဲ့ ပြင်ဖို့ ရှိသလဲဆိုတာကိုတော့ ထုတ်ဖော်ပြောဆိုခြင်း မရှိသေးဘူးလို့ ဆိုပါတယ်။
ဦးဌေးဦးကို ဆက်သွယ်မေးမြန်းထားပါတယ်။

ပြည်ခိုင်ဖြိုးပါတီက အခုရက်ပိုင်း မြို့နယ်မှာ အခြေခံဥပဒေ လေ့လာသုံးသပ်ဆွေးနွေးပွဲတွေ လုပ်တာတွေ့ရပါတယ်။ အန်အယ်လ်ဒီ လုပ်သလိုမျိုး ပြည်သူ့ဆန္ဒ လိုက်ခံယူတာပါလားခင်ဗျ။

“ကျနော်တို့က ပြည်သူ့ဆန္ဒခံယူတာထက်စာရင် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ပတ်သက်ပြီး ပြည်သူတွေ ပိုပြီးနားလည်အောင် လိုက်ပြီးရှင်းလင်းပြတာပါ။”
ဆိုလိုတာက ဖွဲ့စည်းပုံကို ပြည်သူတွေ နားလည်အောင် လိုက်ရှင်းပြတဲ့သဘောလား။
“ပိုပြီးနားလည်လာအောင် ဘယ်လိုအချက်အလက်တွေက ကောင်းတယ်။ ဘယ်လိုအချက်အလက်တွေက စဉ်းစားဖို့လိုတယ်။ ဒါလေးတွေကျနော်တို့ လျှောက်ပြောတာပါခင်ဗျ။”

အန်ကယ်တို့ ပါတီအနေနဲ့က ဖွဲ့စည်းပုံပြင်ဖို့ကို ဘယ်လို လုပ်ဖို့ ရှိပါသလဲဗျ။ လွှတ်တော်ကော်မတီနဲ့ ပူးပေါင်းပြီး ဆောင်ရွက်ဖို့ရှိပါသလားဗျ။

“မှန်ပါတယ်ခင်ဗျ။ လောလောဆယ် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပတ်သက်လို့ လွှတ်တော် ကော်မတီနဲ့ပဲ ပေါင်းရမှာပေါ့။ အဲဒီမှာ ကျနော်တို့ ကိုယ်စားလှယ်တွေ ပါတာပဲလေ။ အဲဒီတော့ လွှတ်တော်ကော်မတီကိုပဲ တင်ပြရမှာပေါ့။”

အန်ကယ်တို့ ပါတီရဲ့ ဖွဲ့စည်းပုံအပေါ် ထားတဲ့ မူဝါဒကော ထုတ်ပြောပါပြီလား။

“ဖွဲ့စည်းပုံအပေါ် ထားတဲ့ မူဝါဒကတော့ ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုတာ တနိုင်ငံလုံးနဲ့ဆိုင်တယ်။ တမျိုးသားလုံးနဲ့ ဆိုင်တယ်။ ပြည်သူအားလုံးနဲ့ ဆိုင်တယ်။ ဒါကြောင့် တနိုင်လုံး ပြည်သူအားလုံးအတွက် အကျိုးရှိတဲ့ ကိစ္စရပ်တွေ စဉ်းစားမှာပေါ့။ ဒါတော့ အခြေခံမူပါပဲ။ လက်ရှိသွားနေတဲ့ ဒီမိုကရေစီလမ်းကြောင်းကိုလည်း အနှောင့်အယှက် မဖြစ်ရဘူးပေါ့။ ဒါက ပြောထားပါတယ်။ ကျနော်တို့ သဘောထားလည်း ထုတ်ထားပါတယ်။”

ဖွဲ့စည်းပုံနဲ့ ပတ်သက်ပြီးတော့ အန်အယ်လ်ဒီက ပုဒ်မ ရာနဲ့ချီပြီး ပြင်ဖို့ရှိတယ်လို့ သူတို့ သဘောထားထုတ်ထားတာရှိပါတယ်။ အန်ကယ်တို့ ပါတီအနေနဲ့က ဘယ်လောက်လောက် ပြင်ဖို့ ရှိလဲဗျ။

“ကျနော်တို့ မပြောသေးပါဘူးခင်ဗျ။ ထုတ်ဖော်မပြောသေးပါဘူး။”

လွှတ်တော်ကော်မတီကိုရော အန်ကယ်တို့ပါတီ ဘယ်တော့ သဘောထားပေးပို့မှာပါလဲ။

“ကျနော်တို့ မပေးရသေးပါဘူး။ သူသတ်မှတ်တဲ့အချိန်မတိုင်ခင် ပေးပါ့မယ်။”

ပြည်သူကို ထုတ်ပြန်ဖို့ကော ရှိပါသလားဗျ။

“ပေးရင်တော့ ထုတ်ပြန်မှာပေါ့နော်။ ဖွဲ့စည်းပုံအခြေခံဥပဒေက တကယ်တမ်းပြောရင် လွှတ်တော်တခုတည်းနဲ့တင် ပြီးတဲ့ကိစ္စမဟုတ်ဘူးလေ။ ပြည်သူပါ ပါရဦးမှာကိုး။ နောက်တခါ တပ်မတော်လည်း ပါရမယ်။ နိုင်ငံတော်အစိုးရလည်း ပါရမယ်။ ပြည်သူအားလုံး လက်ခံတဲ့ ကိစ္စဖြစ်အောင် လုပ်ဖို့လိုတာပေါ့။ အသိပေးရမယ်။”

အန်အယ်လ်ဒီ လုပ်နေတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပတ်သက်ပြီး ပြည်သူ့ဆန္ဒယူနေတဲ့အပေါ် အန်ကယ်တို့ ဘယ်လို သဘောထားပါသလဲ။

“ကျနော့်အမြင်ပြောရရင်တော့ သူတို့တွေသွားပြီး ဆန္ဒယူကြတာပေါ့။ သို့သော်လည်းပဲ ပြည်သူတရပ်လုံးတော့ မဟုတ်သေးပါဘူး။ သူတို့လည်း ဒီလောက်အချိန်အတွင်းမှာ ပြည်သူတရပ်လုံးဆိုတာ မဖြစ်နိုင်ပါဘူး။ ခန်းမတွင်းရှိတဲ့လူတွေတော့ ဖြစ်နိုင်တာပေါ့။”

အန်ကယ်တို့ ပါတီအနေနဲ့ကော ပြည်သူအားလုံး လက်ခံပါဝင်လာအောင် လှုံ့ဆော်စည်းရုံးသွားဖို့ပဲ ဖြစ်ဖြစ် ဒါမှမဟုတ် လိုက်ပြီး တင်ပြဖို့ပဲဖြစ်ဖြစ် ပြုလုပ်နေပါပြီလား။

“ကျနော်တို့လည်းပဲ နဂိုကတည်းက လုပ်ခဲ့တယ်လေ။ ဟိုး ၂၀၀၈ ကတည်းက လုပ်ခဲ့ပါတယ်။ သို့သော်လည်းပဲ အခုကျတော့ အခြေအနေလေးတွေ ပြောင်းလဲလာတဲ့အပေါ်မူတည်ပြီးတော့မှ ပိုပြီးကောင်းမယ့် ဟာလေးတွေကို ကျနော်တို့ ပြောဖို့ ရှိပါတယ်။”

၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင်မှာ ဖွဲ့စည်းပုံကိစ္စက ပြေလည်မှုရသွားနိုင်ပါ့မလား။ အန်ကယ် ဘယ်လိုမြင်ပါသလဲ။ အန်ကယ့်အမြင်လေး သိပါရစေဗျ။

“ပြေလည်တယ်။ မပြေလည်ဘူးဆိုတာက ကိုယ့်ရဲ့ဆန္ဒအပေါ်မူတည်သေးတာကိုး။ ကိုယ်ရဲ့ ဆန္ဒနဲ့ မတိုက်ဆိုင်ရင် မပြေလည်ဘူး ပြောကြမှာပဲလေ။ တိုက်ဆိုင်တယ်ဆိုရင်တော့ ပြေလည်တယ်လို့ ပြောကြမှာလေ။ ကျနော်တို့အနေနဲ့ကတော့ နိုင်ငံနဲ့ ပြည်သူအတွက် တကယ်အကျိုးရှိတယ်ဆိုတဲ့ ကိစ္စတွေ ဖြစ်ဖို့ပဲလိုပါတယ်။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013