
ဒုတိယကမ္ဘာစစ်မှာ နာဇီဂျာမနီ ရှုံးနိမ့်မှု နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် ရုရှားသမ္မတ ဗလာဒီမာပူတင်က ယူကရိန်းနဲ့ ပဋိပက္ခမှာ ၂ ရက်ကြာ အပစ်အခတ်ရပ်စဲရေး ကြေညာခဲ့တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနကို ကိုးကားပြီး ရုရှားသတင်းတွေမှာ ဖော်ပြပါတယ်။
ပြီးခဲ့တဲ့အပတ်က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်နဲ့ ဖုန်းခေါ်ဆိုရာမှာ ပူတင်က လာမဲ့လမှာ ဒုတိယကမ္ဘာစစ် ပြီးဆုံးမှု နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် ယူကရိန်းမှာ ယာယီအပစ်အခတ်ရပ်စဲရေး ထပ်လုပ်ဖို့ အဆိုပြုခဲ့တယ်လို့ ပူတင်ရဲ့ လက်ထောက် ယူရီ ယူရှာကော့ဗ်က ပြောပါတယ်။
ပူတင်ဟာ ပြီးခဲ့တဲ့နှစ်ကလည်း အလားတူ အပစ်အခတ်ရပ်စဲရေး ကြေညာခဲ့ပြီး ၃ ရက်ကြာခဲ့ပေမဲ့ ယူကရိန်းအစိုးရနဲ့ သဘောတူညီချက် မရခဲ့ပါဘူး။
ယူကရိန်းဟာ သတ်မှတ်ထားတဲ့ ကာလအတွင်း ရုရှားအစိုးရကို တိုက်ခိုက်မယ်ဆိုရင် ကိယက်ဗ်မြို့လယ်ကို ဒုံးကျည်ကြီးတွေနဲ့ ပစ်ခတ်မှာဖြစ်ပြီး အပစ်အခတ်ရပ်စဲရေးကို မလိုက်နာရင် ရုရှားက အကြီးအကျယ် ပစ်ခတ်မယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန် ပြောဆိုပါတယ်။
တနင်္လာနေ့ အစောပိုင်းမှာ ယူကရိန်းသမ္မတ ဇယ်လန်စကီးက ရုရှား-ယူကရိန်းစစ်ပွဲမှာ တရက်ကြာ အပစ်အခတ်ရပ်စဲရေး အယူအဆကို အတည်မဟုတ်ဘူးလို့ ပြောဆို ပယ်ချခဲ့ပြီး ယူကရိန်းအစိုးရက တရားဝင် အဆိုပြုချက် တစုံတရာမရသေးဘူးလို့ အလေးပေးပြောပါတယ်။
ရုရှားနဲ့ အမေရိကန်သမ္မတတွေ ဆွေးနွေးခဲ့တဲ့ ဖြစ်နိုင်ခြေရှိတဲ့ အပစ်အခတ်ရပ်စဲရေးဟာ ဒုတိယကမ္ဘာစစ်မှာ နာဇီဂျာမနီကို အနိုင်ရခဲ့တဲ့ ဆိုဗီယက် နှစ်ပတ်လည်နေ့ဖြစ်တဲ့ မေ ၉ ရက်ကို လွှမ်းခြုံမယ်လို့ ရုရှားသမ္မတနန်းတော် ကရင်မလင်က ပြောကြားခဲ့ပြီး စစ်ရေးပြအခမ်းအနားလည်း ကျင်းပမှာ ဖြစ်ပါတယ်။










