DVB Logo
Home
Lead Story
ပြည်မြို့က ဖမ်းဆီးခံ ဒီဗွီဘီသတင်းထောက် ကိုမင်းညို၏ဇနီး ဒေါ်မိုးမိုးနှင့် မေးမြန်းချက်
DVB
·
April 8, 2021
ပြည်မြို့က ဖမ်းဆီးခံ ဒီဗွီဘီသတင်းထောက်    ကိုမင်းညို၏ဇနီး ဒေါ်မိုးမိုးနှင့် မေးမြန်းချက်
Donate to DVB

ပဲခူးတိုင်း ပြည်မြို့မှာ ဒီဗွီဘီသတင်းထောက် ကိုမင်းညိုဟာ မတ်လ ၃ ရက်နေ့ ဆန္ဒပြပွဲမှာ သတင်းယူရင်း ရိုက်နှက်ဖမ်းဆီးခံရပြီး ရာဇသတ်ကြီး  ပုဒ်မ ၅၀၅ (က) နဲ့ တရားစွဲဆိုခံထားရပါတယ်။

သတင်းထောက် ကိုမင်းညိုကို စစ်အုပ်စုက အကြမ်းဖက်ရိုက်နှက်ဖမ်းဆီးခဲ့တဲ့ ဖြစ်စဉ်နဲ့ လက်ရှိ ပြည်မြို့အကျဉ်းထောင်ထဲမှာ တရားစွဲအမှုရင်ဆိုင်နေရတဲ့ အခြေအနေကိုသိရဖို့ ကိုမင်းညိုရဲ့  ဇနီးဖြစ်သူ ဒေါ်မိုးမိုးကို ဆက်သွယ်မေးမြန်းထားပါတယ်။

မေး။ ပထမဆုံး ကိုမင်းညို ဖမ်းဆီးခံရမှုအခြေအနေ ဘယ်နေ့က၊ ဘယ်နေရာမှာ၊ ဘာကြောင့် ဘယ်လို ဖမ်းဆီးခံရတယ်ဆိုတာ ပြောပြပါ။

ဖြေ- “မတ်လ ၃ ရက်နေ့ မနက် ၁၀ နာရီခွဲလောက်က ကျောင်းသားတွေဆန္ဒပြတော့ ဘုရားကြီးရှေ့၊ ရွှေဆံတော်ရှေ့မှာ ဆန္ဒပြတော့ သတင်းသွားရိုက်ရင်းကနေ အဲဒီမှာ စစ်တပ်ကစဖြိုခွင်းတယ်။ ရာဘာကျည်ဆန်နဲ့ပစ်တယ်၊ နံပတ်တုတ်နဲ့လည်းရိုက်တယ်၊ သေနတ်ဒင်နဲ့လည်း ရိုက်တယ်။ အဲဒီမှာ ထွက်ပြေးတာ၊ သူလည်း ပြေးရတာပေါ့၊ ပြေးရင်းကနေ သူလည်း ကလေးတွေနဲ့အတူ ထွက်ပြေးတော့ ဆိုင်တဆိုင်အထဲကို ၀င်ပြေးရတယ်။ အဲဒီဆိုင်တံခါးကို ဖွင့်ပြီးတော့ ၀င်ရိုက်တာ။ ၀င်ရိုက်တာမှာ  သေနတ်ဒင်နဲ့လည်း အထုခံရတယ်၊ နံပါတ်တုတ်နဲ့လည်း ရိုက်ခံရတယ်၊ ခေါင်းကွဲပြီးတော့ ပါသွားတယ်၊ သူတို့ အဖမ်းခံလိုက်ရတယ်။”

မေး။ ဒဏ်ရာများလား

ဖြေ။ “နောက်စေ့လည်း အရိုက်ခံရတယ်၊ နဖူးလည်း အရိုက်ခံရတယ်။ ကွဲသွားတယ်၊ နောက်စေ့ကို သုံးချက်ချုပ်ရတယ်လို့ ပြောတယ်။”

မေး။ ဖမ်းဆီးခံရပြီးတဲ့နောက် သူ့ကို ဘယ်ကိုခေါ်သွားလဲ။

ဖြေ။ “ကျမတို့ ပြည်မြို့အထွက်က ဒေသကွပ်ကဲရေးစစ်ဌာနဆိုတာရှိတယ်။ ဒကစ ဆိုတဲ့နေရာကို ခေါ်သွားတယ်။ ဒေသကွပ်ကဲရေးဌာနချုပ်ပေါ့ အဲဒီကိုခေါ်သွားတယ်။ ခေါ်သွားပြီးတော့ သူတို့ကို အဲဒီမှာ စစ်ကြောရေးစခန်းဆိုမှာပေါ့ စစ်ကြောရေးလုပ်တယ်။ မနက် ၁၁ နာရီလောက်က အဖမ်းခံရလိုက်တာ အဲဒီနေ့တညလုံးထားတယ်၊ ဒုတိယနေ့ည ၈ နာရီ  မာရှယ်လောအချိန်ကျမှ အဲဒီကနေပြီးတော့မှ ပြည်ထောင်ကိုပို့တာ။”

မေး။ သူ့ကိုစွဲဆိုတဲ့ပုဒ်မကရော

ဖြေ။  “ပုဒ်မ ၅၀၅ (က) ပါ။”

မေး။  သူ့ကျန်းမာရေးအခြေအနေက ဘယ်လိုရှိလဲ။ မိသားစုက တွေ့ရပြီလား။

ဖြေ- “တွေ့လို့မရသေးဘူး။ ကျမတို့ ရှေ့နေနဲ့လည်း ပေးမတွေ့ဘူး။ ကျမတို့ ပြည်ထောင်ကို ရောက်တဲ့အချိန် ရှေ့နေက ပါဝါလွှဲစာတင်တော့ ပါဝါလွှဲစာ လက်ခံတယ်။ ကိုမင်းညိုက လက်မှတ်ထိုးပေးလိုက်တယ်။ အဲဒီတော့ ညီမတို့က အစားအသောက်တွေ ပို့လို့ရတယ်ဆိုတော့ အစားအသောက်တို့၊ အဝတ်အစားတို့၊ ဆေးဝါးတို့၊ အကုန်လုံးပို့လိုက်တယ်ပေါ့။ စားဖို့သောက်ဖို့ ပန်းကန်တို့ဘာတို့ညာတို့ကအစ အကုန်ပို့ပေါ့။”

 “ပို့လိုလည်းရပြီးရော သူ့ကို ၃ ရက်နေ့က အဖမ်းခံရတာ ၁၄ ရက်နေ့မှာ ရုံးချိန်းသူ့ကိုထုတ်တယ်။ ရုံးချိန်းထုတ်တော့လည်း သူတို့ VIDEO CONFERENCING နဲ့လို့ပြောတယ်။ အဲဒီတုန်းက ရှေ့နေတွေကို ခွင့်မပေးဘူး။ ရှေ့နေတွေက အပြင်မှာပဲ နေရတယ်။ အမှုစစ်လည်းပြီးတော့မှ နောက်ရုံးချိန်းကို မတ်လ ၃၀ ရက်နေ့ကို ရွှေ့ချိန်းလိုက်တယ်လို့ပြောတယ်၊ ပြောတဲ့အချိန်မှာ အဲဒါပဲ သိခွင့်ရတယ် ရှေ့နေလည်း တွေ့ခွင့်မပေးဘူး။ ညီမတို့လည်း တွေ့ခွင့်မရဘူး။ အဲဒီ ၃၀ ရက်နေ့ ရုံးချိန်းထုတ်တဲ့ရက်ကျတော့ ရှေ့နေတွေ တွေ့ခွင့်ရတယ်ဆိုပြီး ရှေ့နေတွေ ၀င်လို့ရတယ်။  ရပေမယ့် မေးချင်တဲ့ မေးခွန်းတိုင်း မေးလို့မရဘူး။ ဒဏ်ရာအခြေအနေမေးတော့လည်းပဲ မေးခွင့်မရှိဘူး၊ မေးလို့မရဘူး အဲဒီလိုမျိုးတွေ ပြောတယ်။ အဲဒီတော့ လူချင်းတော့တွေ့ရတယ်၊ ကျန်းမာရေးကောင်းတယ်ဆိုတာတော့ သိတယ်။ ဒါပေမဲ့ ကျန်တဲ့ တချို့မေးခွန်းတွေက တားမြစ်တာတွေ မေးခွင့်မရဘူး။”

မေး။ ရှေ့နေတွေက ပြည်မြို့ကပဲလား

ဖြေ။ “ဟုတ်ပါတယ်။”

မေး။ ကိုမင်းညိုက အရင်တုန်းကလည်း တက်ကြွလှုပ်ရှားဆောင်ရွက်လို့ ထောင်ကျခဲ့ဖူးတယ် မဟုတ်လား

ဖြေ။ “ဟုတ်ပါတယ် ၉၇ တုန်းကလည်း ၇ နှစ်ကျခဲ့ဖူးပါတယ်။”

မေး။ ခင်ပွန်းသည်ကို ရိုက်နှက်ဖမ်းဆီးတရားစွဲဆိုခံရတဲ့အပေါ် ပြောကြားလိုတာရှိရင် ပြောပြပါ။

ဖြေ။  “ဟုတ်တယ်၊ သူတို့တွေက ကလေးတွေကိုလည်း ရိုက်တယ်၊ သတင်းထောက်တွေလည်း ရိုက်တယ်၊ အဲဒီနေ့က ပစ်လည်းပစ်တယ်၊ ရိုက်လည်းရိုက်တယ်။ သူတို့က အနီးကပ်ဆိုတော့ ရိုက်ပြီးတော့ပဲ ရဲကားပေါ် တန်းခေါ်သွားတာလေ။ ဒီမှာက ကိုယ်တွေက အခုက ဘာမှလည်း လုပ်လို့မရဘူး။ ဘယ်လိုခေါ်မလဲဆိုတော့ ရှေ့နေတွေတောင်မှပဲ သူတို့ရဲ့ လုပ်ပိုင်ခွင့်တွေတောင်မှပဲ ဘယ်လိုမှ လုပ်ခွင့်မရဘူး၊ လုပ်ခွင့်မရတော့ သူတို့က တရားသူကြီးကိုလည်းပဲ သူတို့က သူတို့ပြောတဲ့အတိုင်းပဲ အမိန့်ပဲချ၊ တရားသူကြီးက ဘာမှ ဘောင်ကျော်ပြီး လုပ်လို့မရတဲ့အနေအထားတွေ ဒီမှာတွေ့နေရတာ မြင်နေရတယ်ပေါ့နော်၊ အခုကြားနေတာတွေက။ အဲလိုတွေဆိုတော့ ဒီတရားခံက ဘာမှလည်း လုပ်ပိုင်ခွင့်မရှိဘူး။ ဘာမှ ညီမတို့ဘက်က ကြိုးစားပိုင်ခွင့်လည်းမရှိဘူး။ နောက်ပြီးတော့ ရှေ့နေတွေကြိုးစားတာလည်း ကြိုးစားတာ အလကားပဲ။ ဘာမှ လုပ်လို့ကို မရဘူးဖြစ်နေတယ်”။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013