DVB Logo
Home
မြန်မာသတင်း
တပြည်လုံးအပစ်ရပ်ရေး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ဆွေးနွေးပွဲစတင်
DVB
·
October 30, 2013
တပြည်လုံးအပစ်ရပ်ရေး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ဆွေးနွေးပွဲစတင်
Donate to DVB

အစိုးရအဆက်ဆက်ကို နှစ်ပေါင်းများစွာ လက်နက်ကိုင် တော်လှန်တိုက်ခိုက်ခဲ့ကြတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ ခေါင်းဆောင်တွေ တရုတ်မြန်မာနယ်စပ် လိုင်ဇာမြို့မှာ စုဝေးပြီး တပြည်လုံး အတိုင်းအတာ အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ဘုံသဘောထားတရပ် ရရှိဖို့အတွက် ၃ ရက်ကြာဆွေးနွေးပွဲကို ဒီနေ့ စတင်လိုက်ပါတယ်။

ဒီဆွေးနွေးပွဲဟာ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးကို လာမယ့် နိုဝင်ဘာလကျရင် သဘောတူ လက်မှတ်ထိုးဖို့ ကမ်းလှမ်းထားချိန်မှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း တွေရဲ့ ဘုံသဘောထားရဖို့ ဖြစ်ပါတယ်။

ဒီ ကွန်ဖရင့်ရဲ့ အကျိုးဆောင်လည်းဖြစ်တဲ့ မွန်ပြည်သစ်ပါတီ အထွေထွေအတွင်းရေးမှူး နိုင်ဟံသာက ဖတ်ကြားတဲ့ ဆွေးနွေးပွဲ အစီအစဉ်ထဲမှာ “တပြည်လုံးအတိုင်းအတာ အပစ်အခတ် ရပ်စဲရေးကိစ္စနဲ့ ပတ်သက်လို့ အဖွဲ့လိုက် အမြင်သဘောထား သုံးသပ်တင်ပြခြင်း၊ ယူအန်အက်ဖ်စီက ချမှတ်ထားတဲ့ ဘုံသဘောထားကို ရှင်းလင်းတင်ပြ ချမှတ်ခြင်း၊ အစိုးရက ပေးပို့ထားတဲ့ လက်မှတ်ရေးထိုးရန် သဘောထားစာတမ်းမူကြမ်းကို သုံးသပ်ခြင်း၊ သဘောထား ဆုံးဖြတ်ချက် ချမှတ်ခြင်း၊ နိုင်ငံရေးဆွေးနွေးရေး မူဘောင်ကိစ္စကို ကေအန်ယူ၊ အာရ်စီအက်စ်အက်စ်နဲ့
အစိုးရကိုယ်စားလှယ်တွေ ဆွေးနွေးထားတဲ့အပေါ် ရှင်းလင်းတင်ပြခြင်း” စတာတွေ ပါရှိပါတယ်။

ဒီ ဆွေးနွေးပွဲ ရည်ရွယ်ချက်ကို ကေအိုင်အိုဥက္ကဋ္ဌ ဦးဇောင်းခရားက နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပနိုင်ဖို့အတွက် ဒီကွန်ဖရင့်ကို ကျင်းပတာပါလို့ သဘာပတိမိန့်ခွန်းမှာ ပြောပါတယ်။

“ကွန်ဖရင့် ကျင်းပရခြင်း ရည်ရွယ်ချက်ဟာ နိုင်ငံရေးဆွေးနွေးမှုများ ကျင်းပနိုင်ရန်  အစပြုသည့် လုပ်ငန်းစဉ်များ ချမှတ်နိုင်ရန် ဖြစ်ပါတယ်။ ဒီနေ့ စတင်ကျင်းပသောကွန်ဖရင့်တွင် တိုင်းရင်းသားများရဲ့ လိုလားချက်များနဲ့ အမြင်သဘောထားများကို စုစည်းကာဆွေးနွေးခြင်းဖြင့် တူညီသော သဘောတူညီချက်များ ဖော်ထုတ်နိုင်မည်ဟု မျှော်လင့်ပါတယ်။ တော်လှန်ရေး အဖွဲ့အစည်း အသီးသီးမှာ အတွေ့အကြုံပေါင်းများစွာ ရရှိပြီးဖြစ်သည်သာမက သက်ဆိုင်ရာ တိုင်းရင်းသားများရဲ့ ဆန္ဒသဘောထားများကိုလည်း အစဉ်မပြတ် ထိတွေ့ လက်ခံရရှိနေသည် ဖြစ်သောကြောင့် မှန်ကန်သောဆုံးဖြတ်ချက်များကို ဆုံးဖြတ်နိုင်မည်ဟု ယုံကြည်ပါတယ်။ ဒါကြောင့် ကွန်ဖရင့်တွင် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးတိုင်ပင်ကြရန် တိုက်တွန်းအပ်ပါတယ်။”

သဘာပတိအဖွဲ့ဝင်တဦးဖြစ်တဲ့ ကေအန်ယူဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုးကလည်း နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးနည်းလမ်းနဲ့သာ ဖြေရှင်းရမယ်ဆိုတာ ကိုင်စွဲထားတယ်လို့ ပြောပါတယ်။

သူက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ့ရဲ့ မတူကွဲပြားမှုတွေနဲ့ ညီညွတ်မှုတွေကို ပေါင်းရုံးစုစည်းနိုင်မယ်ဆိုရင် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းတဲ့အခါ  အင်အားကြီးတရပ် ဖြစ်လိမ့်မယ်လို့ ပြောပါတယ်။

“ကျနော်တို့ ညီညွတ်ရေး တည်ဆောက်တဲ့အခါမှာ၊ ဖော်ဆောင်တဲ့နေရာမှာ တိုင်းရင်းသားအားလုံးဟာ တန်းတူရည်တူ အဆင့်နဲ့ ဖော်ဆောင်သွားရမှာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ဒီညီလာခံကနေပြီးတော့ ရည်မှန်းထားတဲ့ ပန်းတိုင်ကို ညီညီညွတ်ညွတ်နဲ့ ဆွေးနွေးတိုင်ပင်ပြီးတော့ အဖြေပေါ်နိုင်မယ်လို့ ကျနော် ယုံကြည်ပါတယ်။”

သဘာပတိအဖွဲ့ဝင် နောက်တဦးဖြစ်တဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ (ယူအန်အက်ဖ်စီ)  ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အန်ဘာလက တိုင်းရင်းသားခေါင်းဆောင်တွေရဲ့ တွေ့ဆုံမှုဟာ မြန်မာပြည်နိုင်ငံရေး တောင်းဆိုမှုနဲ့ ကိုက်ညီနေတယ်လို့ ပြောပါတယ်။

“ပြည်ထောင်စု အတုအယောင်ခေတ်ကုန်ခဲ့ပြီ။ နောက်ထပ်လည်း ဖက်ဒရယ်အတုအယောင်နဲ့ စခန်းသွားဖို့ကလည်း မဖြစ်နိုင်တော့ပြီ။ တန်းတူရည်တူ ဖက်ဒရယ်ပြည်ထောင်စုမူကသာ ပြည်ထောင်စု သမ္မတနိုင်ငံအသစ် တည်ဆောက်ဖို့ အခြေခံမူ ဖြစ်နေပါပြီ။
“တနိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး၊ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးရေး၊ တမျိုးသားလုံးအတိုင်းအတာအရ ဆွေးနွေးအဖြေရှာရေး၊ ပြည်ထောင်စုဆိုင်ရာ သဘောတူညီချက်မှတဆင့် ဖက်ဒရယ်ပြည်ထောင်စုကြီးကို တပ်မတော်သားများအပါအ၀င် အင်အားစုအားလုံး တက်ညီလက်ညီ ၀ိုင်းဝန်းတည်ဆောက်ကြပါစို့။”

ဒီကနေ့ စတင်ဖွင့်aဆွးနွေးပွဲကို တက်လာတဲ့ တိုင်းရင်းသားတော်လှန်ရေးခေါင်းဆောင်တွေကို ကချင်ရိုးရာအက အဆိုအတီးအမှုတ်တွေနဲ့ ခမ်းခမ်းနားနားကြိုဆိုကြပါတယ်။

Read more

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013