
မန္တလေးတိုင်း ကျောက်ဆည်မြို့မှာ ဧပြီ ၇ ရက်မနက်က ငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့ ဒေါင်းစစ်သည် သပိတ်စစ်ကြောင်းကို ရဲနဲ့စစ်တပ်က အကြမ်းဖက် ဖြိုခွင်းခဲ့ပြီး ကျောင်းသား ၂ ယောက်ထက်မနည်း ရိုက်နှက်ဖမ်းဆီးခံရပါတယ်။
ဒီနေ့မနက် ၉ နာရီမှာ ကျောက်ဆည်မြို့ ဒေါင်းစစ်သည်သပိတ်စစ်ကြောင်း ထွက်ခဲ့ပြီး အထက၁ ရှေ့မှာ တရားဟောနေစဉ်မှာဘဲ အိမ်စီးကားတွေနဲ့ အရပ်ဝတ်ရဲစစ်သားတွေက သေနတ် ပစ်ဖောက်လာရောက်ဖြိုခွင်းခဲ့ပါတယ်။
ပစ်ခတ်မှုကြောင့် ကျောင်းနားက ဆိုင်တစ်ဆိုင်မှာ ဝပ်နေတဲ့ ဒီဗွီဘီ သတင်းထောက်အပါအဝင် ကျောင်းသားတွေ မိန်းကလေးတွေကို ခြေထောက်နဲ့ကန်ပြီး သေနတ်ထောက် ဆဲဆိုခဲ့ပါတယ်။
လက်ဖက်ရည်ဆိုင်အတွင်းက ကျောက်ဆည်နည်းပညာတက္ကသိုလ်ကျောင်းသားဟောင်း ကိုဂျပန်ကြီး ခေါ် ကိုဇာနည်ဘုန်းနိုင်ကိုတော့ ဆောင့်ဆွဲခေါ်ယူ ဖမ်းဆီးသွားခဲ့ပါတယ်။
ဒါ့အပြင် တခြားတစ်နေရာမှာ ပုန်းနေတဲ့ ကျောက်ဆည်နည်းပညာတက္ကသိုလ်ကျောင်းသား ကိုအောင်ကျော်ကျော်ကိုလည်း ဖမ်းဆီးခံခဲ့ရပါတယ်။ ဆိုင်ကယ် ၅ စီးလောက်ကိုလည်း ရဲနဲ့ စစ်တပ်က မတရားယူဆောင်သွားခဲ့ပါတယ်။
တခြားဖမ်းဆီးခံရတဲ့ လူငယ်တွေရှိသေးတယ်လို့ ပြောကြပေမဲ့ ဘယ်သူဘယ်ဝါမှန်း အတည်မပြုနိုင်သေးပါဘူး။
လူငယ်တွေအဖမ်းခံရပြီး မကြာခင် ကျောက်ဆည် မြို့ထဲမှာလည်း သေနတ် အကြိမ်ကြိမ်ဖောက်ပြီး သက်သေခံပစ္စည်းတွေရှိနိုင်တဲ့ နေရာတွေကိုလိုက်လံရှာဖွေတာတွေ ပြုလုပ်ခဲ့တယ်လို့လည်း သိရပါတယ်။











