
မြန်မာနိုင်ငံမှာ မတရားစစ်အာဏာသိမ်းမှုကာလ ၂ လအကြာ စစ်တပ်နဲ့ ရဲတွေက အကြမ်းဖက်ဖြိုခွင်းမှုတွေကြောင့် ကျဆုံးပြည်သူပေါင်း ၅၈၁ ယောက်ထိ ရှိလာခဲ့ပြီလို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ)က ထုတ်ပြန်ပါတယ်။
ဒီစာရင်းဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်မှ ဧပြီ ၆ ရက်အထိ မှတ်တမ်း ပြုစုထား တာဖြစ်ပြီး ဒီအရေအတွက်ဟာ အေအေပီပီမှ ကောက်ယူရရှိထားတဲ့ အရေအတွက်ဖြစ်ပြီး အမှန်တကယ်ကျဆုံးသူတွေဟာ ဒီ့ထက် ပိုများနေနိုင်ကြောင်းလည်း ဖော်ပြထားပါတယ်။
နွေဦးတော်လှန်ရေးကာလအတွင်း ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်းကတော့ ၃၄၇၈ ယောက်ထိ ရှိခဲ့ပြီး ၂၇၅၀ ယောက်ကတော့ ချုပ်နှောင်ခံထားရဆဲ ဖြစ်ကာ အဲဒီထဲက ၃၈ ယောက်ကတော့ ထောင်ဒဏ်ချမှတ် ခံထားရပါတယ်။ အမှုဖွင့်ခံထားရပြီး ဖမ်းဝရမ်း ထုတ်ခံထားရတဲ့အတွက် တိမ်းရှောင်နေသူအရေအတွက်ကတော့ ၄၆၃ ယောက် ရှိနေ တယ်လို့ ဆိုပါတယ်။
ဧပြီ ၆ ရက်နေ့မှာတော့ အကြမ်းဖက် စစ်အုပ်စု လက်ပါးစေ ရဲနဲ့ စစ်သားတွေဟာ မန္တလေး ကျန်းမာရေးမိသားစု သပိတ်စစ်ကြောင်းကို လူစုနေချိန်မှာ ဖြိုခွင်းခဲ့တဲ့အတွက် ၁ ယောက် ကျည်ထိမှန် ဒဏ်ရာရရှိခဲ့ပြီး ဆရာဝန် ၄ ယောက် ဖမ်းဆီးခံခဲ့ရတယ်လို့ အေ အေပီပီက ဆိုပါတယ်။ ဒါ့အပြင် ရှမ်းပြည်နယ်၊ ကျောက်မဲမြို့ ထိုင်သပိတ်မှာတော့ ဆန္ဒပြ နေကြတဲ့ လူထုအတွင်း မျက်ရည်ယိုဗုံး၊ မီးခိုးဗုံးအလုံး ၂၀ ကျော် ပစ်သွင်းပြီး ဖြိုခွင်းခဲ့ တယ်လို့ သိရပါတယ်။ ကချင်ပြည်နယ်၊ မိုးကောင်းမြို့မှာလည်း ဆန္ဒထုတ်ဖော်နေကြသူ တွေကို သေနတ်နဲ့ ပစ်ခတ်ကာ အကြမ်းဖက် ဖြိုခွင်းခဲ့ကြတယ်လို့ ဆိုပါတယ်။
စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့မှာတော့ ညအချိန်ထိတိုင် ဆက်တိုက်ပစ်ခတ်ခဲ့တဲ့ အတွက် ပြည်သူ ၂ ယောက် ထပ်မံကျဆုံးသွားခဲ့တယ်လို့ သိရပါတယ်။
ဖမ်းဆီးမယ့်သူကို ရှာဖွေတွေ့တဲ့အတွက် မိသားစုဝင်တွေကို ဓားစာခံအနေနဲ့ ပြန် ပေးဆွဲသလို ဖမ်းဆီးတာမျိုးတွေကိုလည်း အကြမ်းဖက် စစ်အုပ်စုက ပြုလုပ်လာကြတယ် လို့ အေအေပီပီက ဆိုပါတယ်။ စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ နတ်လူထိပ္ပန် ရပ်ကွက်ထဲမှာတော့ အစ်ကိုဖြစ်သူကို မဖမ်းဆီးနိုင်တဲ့အတွက် ညီဖြစ်သူကို ဓားစာခံအနေနဲ့ ဖမ်းဆီးသွားခဲ့ကြ တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီသပိတ်စစ်ကြောင်းမှာ ဦး ဆောင်သူအနေဖြင့် ပါဝင်ခဲ့တဲ့အတွက် ဖမ်းဝရမ်းထုတ်ခံထားရတဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD)ရဲ့ သာယာဝတီမြို့နယ် ပြန်ကြားရေးတာဝန်ခံကို မဖမ်းဆီးနိုင်တဲ့ အ တွက် အသက် ၂ နှစ် နဲ့ ၁၃ နှစ်အရွယ် ကလေး ၂ ယောက်အပါအဝင် မိသားစုဝင် ၆ ယောက်ကို ဓားစာခံအနေနဲ့ ဖမ်းဆီးသွားခဲ့တယ်လို့လည်း သိရပါတယ်။
အကြမ်းဖက် စစ်အုပ်စုဟာ ပါတီ၊ သတင်းဌာန၊ ပရဟိတ ရုံးခန်းတွေနဲ့ ဆေးရုံတွေ ပါမကျန် ဝင်ရောက်စီးနင်း ဖျက်ဆီးတာတွေ ပြုခဲ့ကြပြီး ခုတခါ ဘာသာရေးအဆောက် အဦးတွေ၊ ဆေးပေးခန်းတွေကိုပါ ဝင်ရောက် ရှာဖွေဖမ်းဆီးတာတွေလည်း ပြုလုပ်လာခဲ့ ကြတယ်လို့ အေအေပီပီက ဆိုပါတယ်။ ပြီးခဲ့တဲ့ ရက်တုန်းက ရန်ကုန်တိုင်း၊ စမ်းချောင်း မြို့နယ်၊ ညောင်တုန်းလမ်းကို စစ်သားအလုံးအရင်းနဲ့ ဝင်ရောက် ရှာဖွေခဲ့ပြီး ပရဟိတ ဆေးခန်းက ဆရာဝန်တွေအပါအဝင် လူ ၉ ယောက်ကို ဖမ်းဆီးသွားခဲ့ကြပြီး အရေးပေါ် ဆိုင်ရာ ဆေးပစ္စည်းကိရိယာတွေ၊ လမ်းလုံခြုံရေးအတွက် တပ်ဆင်ထားတဲ့ CCTV ဆက်စပ်ပစ္စည်းတွေနဲ့ တခြားပစ္စည်းတွေကိုပါ သယ်ယူသွားခဲ့ကြတယ်လို့ သိရပါတယ်။
အေအေပီပီ အနေနဲ့ လက်ရှိအခြေအနေတွေကို နေ့စဉ် စောင့်ကြည့်မှတ်တမ်းတင် နေတာဖြစ်ပြီး စစ်အာဏာသိမ်းမှုနဲ့ပတ်သက်ပြီး ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ် ချမှတ်ခံ ထားရသူတွေစာရင်းကို နေ့စဉ် ထုတ်ပြန်သွားမယ်လို့ ဆိုပါတယ်။
အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ် ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေစတဲ့ နယ်ပယ်အသီး သီးက ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာကို သိရှိပါက ဆက်သွယ် အသိပေး၊ အကြောင်းကြားဖို့လည်း အသိပေးထားပါတယ်။
ဒါ့အပြင် ဥပဒေပိုင်းဆိုင်ရာအကူအညီလိုအပ်ပါကလည်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ) မှ ကိုအောင်ကြီး၊ ဖုန်း - ၀၉၄၅၁၅၂၉၀၀၀ နဲ့ တရားလွှတ်တော်ရှေ့နေ ဒေါ်ခင်သီတာလဲ့လဲ့ထွန်း၊ ဖုန်း - ၀၉၇၇၄၀၈၁၅၈၅ တို့ကို ဆက်သွယ်နိုင်ကြောင်းလည်း ဖော်ပြထားပါတယ်။
Photo Credit- AAPP











