
တရုတ်နိုင်ငံမှာ မေ ၁၉ ရက်နဲ့ ၂၀ ရက်တွေက မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး ဟူနန်၊ ဟူဘေး၊ ကွေ့ကျိုး၊ ကွမ်းရှီး၊ ကျန်းရှီး၊ အန်းဟွေနဲ့ ကွမ်တုံ အပါအဝင် ပြည်နယ်တွေမှာ ထိခိုက် ပျက်စီးခဲ့ ပါတယ်။
ရေကြီးမှုနဲ့ ပြင်းထန်တဲ့ ရာသီဥတုဆိုင်ရာ သီးခြားဖြစ်ရပ်တွေအတွင်း လူ ၂၁ ယောက်ထက်မနည်း သေဆုံးပြီး တခြားလူတွေ အများကြီး ပျောက်ဆုံးနေတုန်းပဲလို့ တရုတ်နိုင်ငံပိုင် မီဒီယာတွေက သတင်းထုတ်ပါတယ်။
ဟူနန်ပြည်နယ်မှာ မိုးသည်းပြီးတဲ့နောက် ရှီမန်းခရိုင်မှာ လူ ၅ ယောက်သေဆုံးပြီး ၁၁ ယောက် ပျောက်နေတယ်လို့ နိုင်ငံပိုင် ရုပ်သံ CCTV က ပြောပါတယ်။
အင်္ဂါနေ့ ညနေပိုင်းမှာ ဒေသခံ ၁၉,၀၀၀ ကျော်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့တယ်လို့ ဆင်ဟွာသတင်းမှာ ဖော်ပြပါတယ်။
ရှီမန်းမှာ တနင်္လာနေ့ အစောပိုင်းက ရွာတဲ့မိုးက ၂၄ နာရီအတွင်း မိုးရေချိန် ၃၃၉ မီလီမီတာ ရှိပြီး မြို့တမြို့မှာ နာရီနည်းနည်းအတွင်း မိုးရေချိန် ၂၄၀ မီလီမီတာ ရွာသွန်းခဲ့လို့ သမိုင်းဝင် မှတ်တမ်း တွေကို စံချိန်ချိုးခဲ့တယ်လို့ ဆင်ဟွာသတင်းမှာ ရေးပါတယ်။
အိမ်နီးချင်း ဟူဘေးပြည်နယ်မှာ ရေကြီးလို့ လမ်းတွေ ရေမြုပ်ခဲ့တဲ့အတွက် ကယ်ဆယ်ရေးသမား တွေက ပိတ်မိနေတဲ့ ဒေသခံတွေဆီ ရောက်ဖို့ လေမှုတ်လှေတွေကို သုံးခဲ့ရပါတယ်။
အန်ရှီး၊ တူဂျာနဲ့ မြောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုက ရွှန်အန်မြို့နယ်မှာလဲ ရေကြီးလို့ လူ ၃ ယောက် သေဆုံးပြီး ၄ ယောက် ပျောက်ဆုံးနေပါတယ်။
Source:Reuters











