DVB Logo
Home
မြန်မာသတင်း
နမ္မတူမြို့နယ်က ရွာသား ၅၀၀ ခန့် စစ်ဘေးတိမ်းရှောင်လာ
DVB
·
April 6, 2021
နမ္မတူမြို့နယ်က ရွာသား ၅၀၀ ခန့် စစ်ဘေးတိမ်းရှောင်လာ
1 / 7
Donate to DVB

ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် နမ္မတူမြို့နယ်ထဲမှာ RCSS/SSA ရှမ်းပြည် တပ်မတော်နဲ့ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ဝင်တွေအကြား  စစ်ရေးတင်းမာမှုရှိနေလို့ မန်လီ ကျေးရွာက ရွာသားတွေဟာ ဧပြီ ၆ ရက် ဒီကနေ့ နေ့ခင်းပိုင်းက သီပေါမြို့ကို ထွက်ပြေး တိမ်းရှောင်လာကြပါတယ်။

ရွာထဲမှာ လက်နက်ကိုင်တပ်ဖွဲ့တွေ ရောက်နေသလို သူတို့ကိုလည်း ရွာကနေ ထွက်သွား ခိုင်းတာကြောင့် ထော်လာဂျီကားတွေနဲ့ သီပေါမြို့ အောင်မင်္ဂလာဘိုးတော်ကျောင်းကို ရောက်လာ ကြတာလို့ ရွာသားတွေကို သွားရောက်တွေ့ဆုံအားပေးခဲ့တဲ့ ကျောက်မဲမြို့နယ် SNLD ပါတီမှ ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ ကိုယ်စားလှယ်လောင်း နန်းမွှမ်းမွှမ်းပေါင်းက ဒီဗွီဘီကို ပြောပါတယ်။ 

“အောင်မင်္ဂလာဘိုးတော်ကျောင်းမှာ စစ်ပြေးရှောင်ရွာသားတွေရောက်နေတယ်ဆိုလို့ လိုအပ်တာတွေ အကူအညီပေးဖို့ သွားကြည့်ခဲ့ပါတယ်၊ နေ့လယ် ၁၂ နာရီထိရောက်လာတာ ကတော့ အိမ်ထောင်စု ၁၁၅ စု မိသားစုဝင်ပေါင်း ၄၆၈ ဦးရှိပါတယ်။ လောလောဆယ် စားရေး သောက်ရေးအတွက်တော့ အလှူရှင်က ဆန် ၃ အိတ် နဲ့ ဆီ ၁ ပုံးလာလှူထားတာရှိတယ်။ နောက်ရက်တွေတော့ မသိသေးဘူး။ ဘာဖြစ်လို့ ထွက်ပြေးလာလဲမေးတော့ တချို့က ရွာထဲမှာ စစ်သားတွေအများကြီးရောက်နေတာကြောက်လို့တဲ့။ တချို့ကတော့ စစ်သားတွေက သူတို့ကို ရှောင်ခိုင်းတယ်လို့လည်းပြောတယ်။ ဘယ်အဖွဲ့ဆိုတာတော့ မသိဘူးလို့ ပြောပါတယ်။ မပြော ရဲတာ လည်းဖြစ်နိုင်ပါတယ်။” 

ဒီကိစ္စနဲ့ ပတ်သက်ပြီး ရွှေဖီမြေသတင်းမှာတော့ ဧပြီ ၆ ရက် ညနေ ၃ နာရီမှာ RCSS နဲ့ TNLA၊ SSPP ပူးပေါင်းတပ်ဖွဲ့တို့ကြားတိုက်ပွဲဖြစ်ပြီး မီးလောင်မှုအချို့လည်းရှိနေကြောင်း၊ ရွာစောင့်အဖြစ်ကျန်ခဲ့သူတွေကိုလည်း RCSS တပ်ဖွဲ့က ရွာထဲကနေ ထွက်ခွာခိုင်းနေတယ်လို့ ဖော်ပြထားပါတယ်။ 

RCSS ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးခမ်းစံကတော့ သူတို့တပ်တွေဟာ ရွာအနောက်ဘက်က တောအုပ်ထဲမှာပဲရှိနေတာဖြစ်လို့ ရွာထဲဝင်ရောက်ခြင်းမရှိသလို ရွာသားတွေကိုလည်း ထွက်ခွာ ခိုင်းတာမရှိဘူးလို့ ဒီဗွီဘီကို ပြောပါတယ်။ 

“ကျနော်တို့ တပ်ဖွဲ့ဝင်တွေက ဝမ်လီရွာအနောက်ဘက် တောတောင်ထဲမှာပါခင်ဗျာ၊ တ ဘက်ကတော့ ရွာပတ်လည်ကနေ ကျနော်တို့ဘက်ကို လှမ်းပစ်တယ်။ လက်နက်ကြီးတွေလည်း ပါ တယ်၊  မီးလောင်တာတော့ လက်နက်ကြီးထိလို့လည်း ဖြစ်နိုင်ပါတယ်”။

နမ္မတူမြို့နယ် ပန်လုံ ၊ မန်စံနဲ့ မန်လီ အုပ်စုထဲမှာ  RCSS နဲ့ TNLA၊ SSPP ပူး ပေါင်းတပ်ဖွဲ့တို့ကြားတိုက်ပွဲဖြစ်နေတာ တစ်ပတ်ကျော်ပြီဖြစ်ပြီး နေ့တိုင်းလိုလို ထိတွေ့ပစ်ခတ်မှုရှိနေတယ်လို့ ဆိုပါတယ်။ 

RCSS အနေနဲ့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၇ ရက်နေ့က တိုင်းရင်းသားလက်နက်ကိုင်အ ဖွဲ့ချင်းကြား တိုက်ပွဲတွေကို ရပ်တံ့ပြီး ဆွေးနွေးညှိနိုင်းခြင်းနဲ့ ပြဿနာအဖြေရှာမယ်လို့ ကြေညာခဲ့ပေမဲ့ အတိုက်ခံနေရလို့ ပြန်ခုခံနေတာလို့ သူ က ဆက်ပြောပါတယ်။ ပြီးခဲ့တဲ့ ဧပြီ ၄ ရက်က RCSS နဲ့TNLA၊ SSPP ပူးပေါင်းတပ်ဖွဲ့တို့ကြား တိုက်ပွဲကြောင့် နမ္မတူမြို့နယ် ပန်လုံကျေးရွာမှာ နေအိမ် ၂၈ လုံး မီးလောင်ခဲ့ပြီး ရွာသားပေါင်း ၁၀၀၀ ကျော် နီး စပ်ရာကျေးရွာတွေမှာ သွားရောက်ခိုလှုံနေကြရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013