DVB Logo
Home
မြန်မာသတင်း
မိုးရွာသွန်းမှုကြောင့် ပဲခူးနှင့် မကွေးတိုင်းတွေမှာ ရေကြီးရေလျှံမှုဖြစ်
DVB
·
October 29, 2013
မိုးရွာသွန်းမှုကြောင့် ပဲခူးနှင့် မကွေးတိုင်းတွေမှာ ရေကြီးရေလျှံမှုဖြစ်
Donate to DVB

ပဲခူးတိုင်းအရှေ့ပိုင်း တောင်ငူ၊ ရေတာရှည်နဲ့ ဆွာမြို့တွေမှာ မိုးအဆက်မပြတ် ရွာသွန်းပြီး ဆည်ရေ လွှတ်မှုကြောင့် ကျေးရွာတွေအပြင် မြို့တွင်းရပ်ကွက်တချို့မှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပွားနေပြီး အသေအပျောက် ရှိနေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းက မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ပဲခူးတိုင်း တောင်ငူ၊ ဆွာနဲ့ ရေတာရှည်မြို့နယ်တွေမှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပွားနေတာ ဖြစ်ပါတယ်။

မနေ့ညကစပြီး ဆွာချောင်းရေး ရုတ်တရက်ကြီးလာပြီး ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့တာဖြစ်ပြီး ဆွာမြို့နယ် ဆွာမကြီး၊ ဆွာတောင်ခန်းနဲ့ ရေနှီးသရက်တော အစရှိတဲ့ ကျေးရွာတွေက ရွာသူရွာသားတွေ ဆွာမြို့ပေါ်ကို တက်လာပြီး ရေဘေးခိုလှုံကြတယ်လို့ ဆွာမြို့ခံတဦးက ဒီဗွီဘီကို ပြောပါတယ်။

ဒါ့အပြင် ဆွာမကြီးအနောက်ကုန်းရွာက ရွာသား ၂ ဦး ရေနစ်သေဆုံးသွားတယ်လို့လည်း အဲဒီဒေသခံက ဒီဗွီဘီကို အခုလို ပြောပါတယ်။
“ရေကတော့ ကြီးနေတုန်းပဲ။ ရွာတွေက ရေမြှုပ်တဲ့ အိမ်ထောင်စုတွေ မြို့ပေါ်တက်လာတယ်။ ရွာ ၄ ရွာလောက်က အိမ်ခြေ ၇၀၀ လောက်ရှိတဲ့ အိမ်ထောင်စုတွေ မြို့ပေါ်တက်လာတယ်။ လက်ရှိကြားတာကတော့ လူနှစ်ယောက်သေတယ်။ နွားတွေကို ကုန်းပေါ်မောင်းရာကနေ နွားချည်ထားတဲ့ ကြိုးနဲ့ ခြေထောက်တွေကို ငြိပြီး သေတယ်ပြောတယ်။ ဖအေလုပ်တဲ့အလောင်းကိုတွေ့ပြီတဲ့ သားလုပ်တဲ့ အလောင်းကိုတော့ မတွေ့သေးဘူးတဲ့ လိုက်ရှာတုန်းပေါ့။”

ဒီလို ရေကြီးမှုကြောင့် ဆွာမြို့ရဲ့ ၃ ပုံ ၁ ပုံ ရေနစ်မြုပ်နေပြီး ရွာတွေကို သွားတဲ့ လမ်းပန်း ဆက်သွယ်မှုတွေ ပြတ်တောက်မှု တွေ ရှိနေပါတယ်။ တခြားမြို့ကိုသွားတဲ့ လမ်းတွေမှာတော့ အနည်းငယ် အခက်အခဲရှိပေမယ့် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်သွားတာမရှိဘူးလို့ တခြားမြို့တဦးဖြစ်တဲ့ ဦးလင်းက ပြောပါတယ်။

အလားတူ တောင်ငူမြို့မှာလည်း အနီးအနားက ဆည် ၄ ခုက ရေလွှတ်လိုက်တဲ့အတွက် တောင်ငူမြို့ရဲ့ အနိမ့်ပိုင်းရပ်ကွက်တွေဖြစ်တဲ့ ကြက်လျှာစွန်း၊ မိုးကောင်း၊ ၉နဲ့ ၁၀ ရပ်ကွက်တွေမှာ ရေ၀င်ပြီး ကယ်ဆယ်ရေး လုပ်ဆောင်ထားရတယ်လို့ မြို့ခံတဦးဖြစ်တဲ့ ဦးအောင်ဇေယျက ပြောပါတယ်။

“ဘုန်းကြီးကျောင်းတွေမှာ တချို့နေကြတာရှိတယ်။ အိမ်ပေါ်မှာ စင့်ထိုးပြီးနေကြတာရှိတယ်။ မိုးကတော့ ဒီနေ့ပဲမရွာတာ။ အရင်နေ့ကတွေက သုံးရက် လေးရက်လောက် ဆက်တိုက်ရွာတာ။ မနေ့ကနဲ့ ဒီနေ့ နေပူပြီးတော့ ရေတက်လာတော့ ဆည်တွေကနေ ရေလွှတ်တယ်လို့ပြောတယ်။ ”

နေပြည်တော် ဇေယျာသီရိမြို့နယ်မှာလည်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ကျေးရွာတချို့ ရေနစ်မြှုပ်မှုတွေဖြစ်သလို လယ်ကွင်းတချို့လည်း ရေနစ်မြှုပ်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

အလားတူ မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့ကမှာလည်း အောက်တိုဘာ ၂၅ ရက်နေ့ကနေ ၂၈ ရက်အထိ ဆက်တိုက် မိုးရွာသွန်းပြီးနောက် ရေမြောင်းတွေ ပိတ်ဆို့နေတဲ့အတွက် တောင်ပြင် ၁ ရပ်ကွက်၊ ၂ ရပ်ကွက်နဲ့ အုန်းတော ၁ ရပ်ကွက်တွေမှာ ရေကြီးရေလျှံမှု ဖြစ်ပွားနေပါတယ်။

အဲဒီရပ်ကွက်တွေမှာ နှစ်စဉ် မိုးများတဲ့ကာလရောက်တိုင်း ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ် တတ်ပြီး ရေပြန်ကျဖို့ ကြာနေတတ်တာကြောင့် ရေမြောင်းတွေမှာ ရေစီးရေလာ ကောင်းအောင် တာဝန်ရှိသူတွေက ပြုပြင်ပေးဖို့ ဒေသခံတွေ လိုလားနေပါတယ်။

လောလောဆယ်မှာတော့ အိမ်ခြေ ရာနဲ့ချီ နစ်မြုပ်နေပြီး လူဦးရေ ထောင်နဲ့ချီ ရေဘေးဒုက္ခ ကြုံတွေ့နေရပါတယ်။ ရေဘေးဒုက္ခ ကြုံတွေနေရတဲ့ ဒေသခံတွေအတွက် နေထိုင်စားသောက်ဖို့ အကူအညီတွေလည်း လိုအပ်နေပါတယ်လို့ ပြည်တွင်းက ဒီဗွီဘီသတင်းထောက်ရဲ့ သတင်းပေးပို့ချက်အရ သိရပါတယ်။
အလားတူ နွားကူးချောင်းရေကြောင့် မင်းဘူး-စကု ကားလမ်းမမှာ တနင်္ဂနွေနေ့ ညနေပိုင်းကစပြီး ရေနစ်မြုပ်နေတာကြောင့် ယာဉ်ကြီးတွေသာ သွားလာနိုင်ပြီး ယာဉ်ငယ်တွေ သွားလို့မရ ဖြစ်ခဲ့ပါတယ်။ ဆိုင်ကယ်တွေကိုတော့ နွားလှည်းတွေက ၁ စီး ၂၀၀၀ ကျပ်နှုန်းနဲ့ လှည်းပေါ်တင်ပြီး ပို့ပေးပါတယ်။ စကုမြို့ အမှတ် ၁၊ ၂နဲ့ ၃ ရပ်ကွက်တွေ ရေနစ်မြုပ်နေသလို စကုမြို့နယ် ပြည်သူ့ဆေးရုံပါ ရေနစ်မြုပ်နေတဲ့အတွက် ဆေးရုံက လူနာတွေကို စကုမြို့ လွတ်လပ်ရေးပန်းခြံထဲက အဆောက်အဦး တခုထဲ ပြောင်းရွှေ့ထားပါတယ်။

ယခုနှစ် ရေနစ်လို့ ဆေးရုံက လူနာတွေ ပြောင်းရတာ ၃ ကြိမ် ရှိသွားပြီလို့ စကုဆေးရုံက တာဝန်ခံဆရာဝန်က ပြောပါတယ်။

အိမ်နစ်မြှုပ်နေသူတွေကို ဘုရားတွေနဲ့ ဓမ္မာရုံတွေမှာ ကယ်ဆယ်ရေးစခန်း ၃ ခု ဖွင့်ပေးထားပြီး မြို့ခံတွေက ထမင်းထုပ်တွေ ဝေပေးတယ်လို့ ဆိုပါတယ်။ စကုမြို့ အထက ၁ ကျောင်း အပါအ၀င် မူလတန်းကျောင်းတွေ ပိတ်ထားခဲ့ရပြီး ရေပြန်ကျမှ ပြန်ဖွင့်မယ်လို့ သိရပါတယ်။

အခုရေကြီးမှုဟာ သာမန်မိုးများပြီး ရေကြီးမှုထက် ကျောက်နသိုးဆည်နဲ့ အိုင်းမဆည်တွေက ရေလွှတ်ချလိုက်တာကြောင့် အခုလို ဆိုးဆိုးဝါးဝါး ရေကြီးတာ ဖြစ်နိုင်တယ်လို့ ဒေသခံတွေက ပြောဆိုနေကြတဲ့အပြင် နအဖစစ်အစိုးရလက်ထက် ရထားလမ်းအတွက် မန်းချောင်းကို ဖြတ်ဖောက်ခဲ့တဲ့ တံတားဟာ ရေထွက်ပေါက် မကောင်းတဲ့ အတွက် စကုမြို့ကို တာရိုးပိတ်ထားသလို ဖြစ်နေတာကြောင့် မိုးရွာလာတိုင်း ရေကြီးရေလျှံမှုတွေ ဖြစ်နေတာလို့ ဒေသခံတွေက ဆိုပါတယ်။

ရေကြီးမှုကြောင့် ရိတ်သိမ်းဆဲ စပါးပင်တွေလည်း ရေနစ်မြုပ်ခဲ့တာကြောင့် ဒီနှစ် စပါးအထွက် လျော့နည်းနိုင်တယ်လို့ တောင်သူတွေက ပြောဆိုနေကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013