DVB Logo
Home
Lead Story
အထူးအရေးပေါ်အစည်းအဝေး (Emergency Special Session) ဆိုတာဘာလဲ
DVB
·
April 6, 2021
အထူးအရေးပေါ်အစည်းအဝေး (Emergency Special Session) ဆိုတာဘာလဲ
Donate to DVB

အထူးအရေးပေါ်အစည်းအဝေးဆိုတာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာလုပ်ဖို့ အစည်းအဝေးခေါ်တာ မဟုတ်ပါဘူး။ အဖွဲ့ဝင်နိုင်ငံတွေအားလုံး တက်ရောက်ပြီး ကျင်းပလေ့ရှိတဲ့အထွေထွေညီလာခံ (General Assembly) ကို အထူးအခြေအနေမျိုးမှာ ခေါ်ယူတာဖြစ်ပါတယ်။

အထူးအရေးပေါ်အစည်းအဝေးကို ဘယ်တုန်းက ပေါ်ခဲ့တာလဲ။

အထွေထွေညီလာခံမှာ လိုအပ်ရင် အထူးအစည်းအဝေးခေါ်နိုင်တယ်ဆိုတဲ့ လမ်းကြောင်းဟာ ၁၉၅၀  နိုဝင်ဘာလ ၃ ရက်နေ့က အတည်ပြုခဲ့တဲ့ ကုလသမဂ္ဂအထွေထွေညီလာခံရဲ့ ဆုံးဖြတ်ချက်အမှတ် ၃၇၇(က) (၅) (UN General Assembly Resolution 377A(V) အရပေါ်ပေါက်ခဲ့တာဖြစ်ပါတယ်။ ဒီဆုံးဖြတ်ချက်ကို  Uniting For Peace လို့လည်း ခေါ်ကြပါသေးတယ်။ 

ပထမဆုံးအကြိမ်ကတော့ ၁၉၅၆ ခုနှစ်က အရှေ့အလယ်ပိုင်းပြဿနာအကြောင်းဖြစ်ပါတယ်။ နောက်ဆုံးအကြိမ်ကတော့ ၁၉၉၇ ခုနှစ် ပါလက်စတိုင်းအရေးဖြစ်ပါတယ်။ အရှေ့အလယ်ပိုင်းအ‌ရေးနဲ့ ပတ်သက်လို့ (၃) ကြိမ်၊ ပါလက်စတိုင်းအရေး (၂) ကြိမ်နဲ့ ဟန်ဂေရီ၊ ကွန်ဂို၊ အာဖဂန်နစ္စတန်၊ နမီးဘီယားနဲ့ သိမ်းပိုက်ခံ အာရပ်နယ်မြေများအရေး (၁) ကြိမ်စီ စုစုပေါင်း (၁၀) ကြိမ်သာ ခေါ်ခဲ့ဘူးပါတယ်။

ဘယ်လိုအခြေအနေမျိုးမှာခေါ်နိုင်သလဲ 

ကုလသမဂ္ဂအတွက် အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေကို ကိုင်တွယ်ဆောင်ရွက်ပြီး ဆုံးဖြတ်ချက်ချလေ့ရှိတဲ့ လုံခြုံရေးကောင်စီမှာ ဗီတိုအာဏာရှိတဲ့ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံတွေ အကြားမှာ တညီတညွတ်တည်း သဘောမတူနိုင်တဲ့အတွက်ကြောင့် ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို မထိန်းသိမ်းတဲ့အခြေအနေမျိုးမှာ ခေါ်ယူနိုင်ပါတယ်။ အခုမြန်မာနိုင်ငံအရေးလို ကိစ္စမျိုးမှာ ဗီတိုသုံးပြီး ကန့်ကွက်နိုင်တဲ့နိုင်ငံတွေရှိလို့ ရှေ့ဆက်တိုးလို့ရတဲ့မရတဲ့အခြေအနေမျိုးကို ဆိုလိုတာပါ။ 

ထောက်ပြစရာနှစ်ခုတော့ရှိပါတယ်။ 

တစ်အချက်က တရုတ်နဲ့ ရုရှားက မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး အရေးယူဆောင်ရွက်ဖို့ အခုထိ ဗီတိုအာဏာမသုံးသေးပါဘူး။ ဗီတိုအာဏာမသုံးဘဲ စကားလုံးတွေကို လေသံပျော့အောင် လုပ်ဆောင်နေဆဲပဲ ရှိပါသေးတယ်။ ဒါကြောင့် အထွေထွေညီလာခံမှာ အထူးအစည်းအဝေး ခေါ်စရာမလိုသေးဘူးလို့ ဆင်ခြေပေးနိုင်ပါတယ်။ ဒါကြောင့် မြန်မာအရေးကို နောက်တခါဆွေးနွေးရင် မဲခွဲဆုံးဖြတ်သင့်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးစုံစမ်းစစ်ဆေးရေးအရာရှိက တိုက်တွန်းတာ ဖြစ်နိုင်ပါတယ်။

နှစ်အချက်ကတော့ မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေက ဆုံးဖြတ်ချက်မှာဖော်ပြထားတဲ့ ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို မထိန်းသိမ်းနိုင်တဲ့အခြေအနေမျိုးနဲ့ ငြိမ်းချမ်းရေးကို ထိပါးနိုင်တဲ့အခြေအနေမျိုးကို မရောက်သေးဘူးလို့လည်း ထောက်ပြနိုင်ပါသေးတယ်။ တရုတ်က အခုကတည်းက ပြည်တွင်းရေးဖြစ်တယ် သူတို့ဘာသာဖြေရှင်းနိုင်တယ်လို့ လေသံစပစ်နေတဲ့အတွက် သတိထားရမယ့် အချက်ဖြစ်ပါတယ်။ 

ဘယ်သူတွေက ခေါ်နိုင်သလဲ။

ခေါ်နိုင်တဲ့သူ နှစ်မျိုးရှိပါတယ်။ ပထမတမျိုးကတော့ လုံခြုံရေးကောင်စီအဖွဲ့ဝင် စုစုပေါင်း (၁၅) နိုင်ငံထဲက (၇) နိုင်ငံက ခေါ်ဖို့ဆုံးဖြတ်ရင် ခေါ်နိုင်ပါတယ်။  ဗီတိုအာဏာနဲ့ မဆိုင်တော့ပါဘူး။ အမြဲတမ်းအဖွဲ့ဝင် ဗီတိုအာဏာရှင်တွေကတော့ အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ ရုရှားနဲ့ တရုတ်တို့ဖြစ်ပါတယ်။ လက်ရှိအလှည့်ကျအဖွဲ့ဝင်နိုင်ငံ (၁၀) နိုင်ငံကတော့ အက်စတိုနီးယား၊ အိန္ဒိယ၊ အိုင်ယာလန်၊ ကင်ညာ၊ မက္ကစီကို၊ နိုင်ဂျာ၊ နော်ဝေး၊ စိန့်ဗင်ဆင့်နှင့် ဂရီးနာဒင်း၊ တူနီးရှားနဲ့ ဗီယက်နမ်နိုင်ငံတို့ဖြစ်ပါတယ်။

သတိပြုရမယ့် ပထမအချက်ကတော့ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ ပြင်းထန်တဲ့ဆုံးဖြတ်ချက်တွေကို မချနိုင်အောင် ကန့်လန့်လုပ်နေတဲ့လက်ရှိနိုင်ငံတွေက တရုတ်၊ ရုရှား၊ အိန္ဒိယနဲ့ ဗီယက်နမ်နိုင်ငံတို့ ရှိနေတာပါပဲ။ လုံခြုံရေးကောင်စီလမ်းကြောင်းကသွားမယ်ဆိုရင် ထောက်ခံမယ့်နိုင်ငံ အနည်းဆုံး (၇) နိုင်ငံက ဘယ်သူတွေဖြစ်မလဲ ဘယ်သူတွေကို ချဉ်းကပ်ပြီးအသင်းထဲ ထည့်ကစားမလဲဆိုတာ ပြင်ဆင်ရပါမယ်။ 

ဒုတိယတမျိုးကတော့ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံအများစုက ခေါ်ယူဖို့ဆုံးဖြတ်ရင် ခေါ်နိုင်ပါတယ်။ လက်ရှိအဖွဲ့ဝင် (၁၉၅) နိုင်ငံရဲ့ ထက်ဝက်ကျော်ရင် ခေါ်နိုင်ပါတယ်။ ဒီလမ်းကြောင်းရွေးမယ်ဆိုရင်လည်း အများဆုံးက ထောက်ခံနိုင်တဲ့ အရှိန်တက်ချိန်မှာ ရွေးသင့်ပါတယ်။ အခြေအနေဆိုးတွေက တနေ့တမျိုးဖြစ်နေတတ်တဲ့ ဒီနေ့ကမ္ဘာအခြေအနေမျိုးမှာ စိတ်ဝင်စားမှုမြင့် ရေချိန်မြင့်နေတဲ့အချိန်မျိုးမှာ ဖြစ်ဖို့လိုပါတယ်။ သွေးအေးသွားတဲ့အချိန်မျိုးနဲ့ တခြားပိုဆိုးတဲ့အခြေအနေတွေဖြစ်လာတဲ့အချိန်မျိုးဆိုရင် ထက်ဝက်မဲရဖို့ ခက်ခဲသွားနိုင်ပါလိမ့်မယ်။

ဘယ်အချိန်မှာ ခေါ်နိုင်လဲ

အထက်မှာပါတဲ့နည်းလမ်း နှစ်မျိုးထဲက တနည်းနည်းအရ တောင်းဆိုလာရင် တောင်းဆိုပြီး (၂၄) နာရီအတွင်းမှာ ခေါ်ပေးရမှာဖြစ်ပါတယ်။

ကုလသမဂ္ဂအထွေထွေညီလာခံကို ပုံမှန်ကျင်းပနေကျ အောက်တိုဘာလလယ်ကနေ ဒီဇင်ဘာလဆန်းအတွင်းဆိုရင် အာဂျင်တာထဲ ထည့်သွင်းပြီး ခေါ်နိုင်ပါတယ်။ ကျင်းပနေချိန်မဟုတ်ရင်တော့ သီးသန့်ရက်သတ်မှတ်ပြီးခေါ်ရပါတယ်။

အခုအချိန်မှာတော့ အဖွဲ့ဝင်နိုင်ငံတွေဟာ အွန်လိုင်းကို အသုံးပြုပြီး အစည်းအဝေးတွေကျင်းပနေတာဖြစ်နေတဲ့အတွက် နယူးယောက်ကို ငွေကုန်ကြေးကျခံပြီး လာရောက်စုဝေးစရာမလိုတော့ပါဘူး။ အွန်လိုင်းနဲ့ဆွေးနွေးနိုင်တာ အားသာချက်ဖြစ်နေပါပြီ။ 

အချိန်က တိုတောင်းပါတယ်။ ဘာအကြောင်းတွေဆွေး‌နွေးမှာလဲ။ ဘာဆုံးဖြတ်ချက်တွေ ထွက်စေချင်တာလဲ။ ထောက်ခံဖို့ ဘယ်နိုင်ငံကို အဓိကထားစည်းရုံးမလဲဆိုတာ အစည်းအဝေးစပြီး ပြင်ဆင်လုပ်ဆောင်လို့ မရနိုင်ပါဘူး။ ဒါကြောင့် အထူးအစည်းအဝေးခေါ်နိုင်ဖို့အတွက် ထောက်ခံဖို့ တနိုင်ငံချင်းကို စည်းရုံးရသလို ကိုယ်လိုလားတဲ့ဆုံးဖြတ်ချက်တွေချနိုင်ဖို့ ကြိုတင်ပြီး တပြိုင်နက်စည်းရုံးရလေ့ရှိပါတယ်။

တချို့ကတော့ ‌ဒေသအလိုက်အဖွဲ့အစည်းတွေကို ဦးစားပေးစည်းရုံးပါတယ်။ ‌ဒေသလိုက်အဖွဲ့ကိုစည်းရုံးခြင်းအားဖြင့် ထောက်ခံတဲ့ နိုင်ငံတွေပိုများနိုင်လို့ပါ။ ဥပမာ - အီးယူ (European Union) (၂၇ နိုင်ငံ)၊ အာဖရိက (African Union -AU) (၅၃ နိုင်ငံ)  အစ္စလာမ်နိုင်ငံများ (Organization of Islamic Countries- OCI) (၅၇ နိုင်ငံ) အာဆီယံ (ASEAN) (၁၀ နိုင်ငံ) ကျွန်းငယ်နိုင်ငံများ (Alliance of Small Island States -AOSIS) ( ၄၂ နိုင်ငံ) ၊ လက်တင်ရီယိုနိုင်ငံများ (Rio Group) (၂၃ နိုင်ငံ) စသည်ဖြင့်ပေါ့။ 

ခေါ်ခဲ့ရင် မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး ဘာဖြစ်နိုင်မလဲ

အမှန်တော့ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး အထွေထွေညီလာခံမှာ ဆွေးနွေးလာခဲ့ပြီးသားပါ။ ဆုံးဖြတ်ချက်တွေလည်း ချမှတ်ပြီးသားပါ။ ဒါပေမဲ့ အခုလိုမျိုး လုံခြုံရေးကောင်စီမှာ‌ ရှေ့မတိုးနိုင်ဘဲ တန့်နေတဲ့အတွက် အထူးအစည်းအဝေးခေါ်ရတယ်ဆိုတာ နိုင်ငံရေးအရ ပြင်းထန်တဲ့ ထိုးနှက်မှု ဖြစ်နိုင်ပါတယ်။ သာမန်အခြေအထားမျိုးထက်မရတော့ဘဲ အထူးလုပ်ဆောင်ကိုင်တွယ်ဖြေရှင်း ဖို့လိုအပ်နေပြီဆိုတဲ့ အခြေအနေကို မီးမောင်းထိုးပြရာရောက်ပါတယ်။ ပြည်တွင်းရေးအခြေအနေ မျိုးမကတော့ဘဲ နိုင်ငံတကာက ဝိုင်းဝန်းဖြေရှင်းရတဲ့ အခြေအနေမျိုးဆိုက်ရောက်နေပြီဆိုတာကို ထင်ရှားစေနိုင်ပါတယ်။ 

အခုထက်ပြင်းထန်တဲ့စကားလုံးတွေပါပြီး ကုလသမဂ္ဂတဖွဲ့လုံးကို ကိုယ်စားပြုတဲ့ ဆုံးဖြတ်ချက်တွေ ထွက်လာနိုင်ပါတယ်။ မြန်မာနိုင်ငံရဲ့အာဏာသိမ်းစစ်အုပ်စုကို မဖြစ်မနေလိုက်ကို လိုက်နာရမယ်လို့ မသက်ရောက်ပေမဲ့ တနိုင်ငံချင်းစီပြစ်တင်ရူတ်ချမှုထက် နိုင်ငံအားလုံးက ပြစ်တင်ရူတ်ချမှုကို အန်တုဖို့ ခက်ခဲလာနိုင်ပါတယ်။

တကယ်လို့များ အထွေထွေညီလာခံရဲ့ဆုံးဖြတ်ချက်ထဲမှာ လုံခြုံကောင်စီအနေနဲ့ မြန်မာနိုင်ငံကို ပစ်မှတ်ထားပိတ်ဆို့မှု။ လက်နက်တင်ပို့ရောင်းချမှုကို ပိတ်ဆို့မှုတွေလုပ်ဖို့ တောင်းဆိုလာနိုင်ရင် လုံခြုံရေးကောင်စီမှာ မြန်မာနိုင်ငံကို  အရေးယူဖို့လက်တွန့်နေတဲ့နိုင်ငံတွေအနေနဲ့ ဆက်လက်လက် တွန့်ဆုတ်နေဖို့ ခက်ခဲလာနိုင်ပါတယ်။ ဒီလိုတောင်းဆိုချက်ကို အဖွဲ့ဝင်နိုင်ငံတွေက လုပ်ဆောင်ဖို့လည်း တိုက်တွန်းနိုင်ပါသေးတယ်။

ဖြစ်နိုင်တဲ့နည်းတွေကို စဉ်းစား ကြည့်တာပါ။

ပြိုင်တူတွန်းလျှင် ရွေ့နိုင်ပါသည်။

ပြည်တွင်းအားသည်သာ အဓိကဖြစ်ပါသည်။

အောင်မျိုးမင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013