
ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့မှာ ဧပြီလ ၆ ရက် ဒီကနေ့မနက်က စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်စစ်ကြောင်း၊ ဆိုင်ကယ်စီးပြောက်ကျားသပိတ်နဲ့ မြို့လယ်မှာ ထိုင်သပိတ်တို့ ပြုလုပ်ရာမှာ ရဲနဲ့စစ်တပ်က အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းခဲ့ပါတယ်။
ထိုင်သပိတ်ကို ပြည်သူပေါင်း ၄၀၀ ကျော်လောက်နဲ့ ဒီမနက် ၉ နာရီကတည်းက စတင်ပြုလုပ်နေရာမှာ မနက် ၁၀ နာရီလောက်မှာတော့ စစ်တပ်နဲ့ရဲတွေက မျက်ရည်ယိုဗုံး၊ မီးခိုးဗုံးတွေနဲ့ လာရောက်ပစ်ခတ်ခြောက်လှန့်ခဲ့ပေမဲ့ ပြည်သူတွေက ထွက်မပြေးဘဲ ထိုင်ပြီးရင်ဆိုင်နေကြတယ်လို့ ကျောက်မဲဒေသခံ ဦးစိုင်းကူးက ဒီဗွီဘီကို ပြောပါတယ်။
“ကနေ့ သပိတ်အဖွဲ့ ၂ ဖွဲ့ရှိတယ်။ ဆိုင်ကယ်အစီး ၄၀ ကျော်ကတဖွဲ့ သူတို့က ပြောက်ကျားပုံစံနဲ့ ထွက်တယ်ပေါ့။ နောက်တဖွဲ့က မြို့လည်ခေါင် အောင်ဆန်းလမ်း ဈေးကြီး နားမှာ မနက် ၉ နာရီကတည်းက ထိုင်သပိတ်လုပ်နေတာ၊ စစ်တပ်နဲ့ရဲအင်အားလေး ငါးဆယ်ကလည်း မျက်ရည်ယိုဗုံးတွေ မီးခိုးဗုံးတွေနဲ့ပစ်တယ်။ မနက် ၁၀ နာရီကျော်ထိတော့ လူကြားထဲ မပစ်သေးဘူး။ လူအုပ်အနီးတဝိုက်ကို ခြောက်လှန့်တဲ့သဘောနဲ့ ပစ်နေတာ ၃ ခါ လောက်ရှိပြီ ။ လောလောဆယ် နှစ်ဘက် ဆိုင်နေတဲ့အနေအထားပါခင်ဗျ။ ဘာဆက်ဖြစ်မလဲတော့ မသိဘူး။”
ကျောက်မဲမှာ ည ၈ နာရီမှ မနက် ၄ နာရီထိ လမ်းပေါ်မထွက်ရ အမိန့်ထုတ်ထားပြီး စစ်တပ်က မထင်ရင် မထင်သလို ပစ်ခတ်တာကြောင့် ပြီးခဲ့တဲ့ ဧပြီလ ၄ ရက်နေ့ညကလည်း ပင်လုံလမ်းမကြီးပေါ်က ပြည်သူ ၂ ဦး သေနတ်ထိမှန် ဒဏ်ရာရခဲ့ပါတယ်။
အခုလိုမတည်ငြိမ်မှုတွေ ရှိနေပေမယ့် ကျောက်မဲပြည်သူတွေက စစ်အာဏာရှင်ဆန့်ကျင် တော်လှန်ရေး သပိတ်စစ်ကြောင်းကိုလည်း နေ့စဉ်မပျက်ဆက်လက်ဆင်နွှဲနေကြတာပါ။
ကျောက်မဲမှာ စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်စစ်ကြောင်းကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၈ ရက်နေ့က စတင်ပြီး ဒီကနေ့ထိ နေ့စဉ်မပျက် ဆောင်ရွက်ရာမှာ စစ်ကြောင်းဖြိုခွဲခံရတာ၊ ဆန္ဒပြ သူတွေ ဖမ်းဆီးခံရတာတွေလည်း ရှိခဲ့ပါတယ်။
ဖမ်းဆီးခံရသူတွေတွေကို ပြန်လွတ်ပေးဖို့ ရပ်မိရပ်ဖတွေ လွှတ်တော်ကိုယ်စားလှယ်တွေ သွားရောက်အာမခံညှိနှိုင်းပေးတာကြောင့် အားလုံးပြန်လွှတ်လာပြီ ဖြစ်ပါတယ်။











