DVB Logo
Home
Lead Story
သတင်းစီးဆင်းမှု ရပ်တန့်သွားသောအခါ
DVB
·
April 5, 2021
သတင်းစီးဆင်းမှု ရပ်တန့်သွားသောအခါ
Donate to DVB

စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး လူထုလှုပ်ရှားမှုများတွင်  ဖိနှိပ်ဖမ်းဆီးခံရသော သတင်းထောက်များ၏ သတင်းအချက်အလက်များကို မှတ်တမ်းတင်ထားသည့် Detained Journalists Information Myanmar ၏ စာရင်းများအရ ဖေဖော်ဝါရီ ၁ ရက်မှ မတ်လ ၃၁ ရက်အထိ နှစ်လတာကာလအတွင်း ဖမ်းဆီးထိန်းသိမ်းခံရသူ သတင်းသမား ၅၆ ဦး၊ လိုင်စင်ပိတ်သိမ်းခံရသည့် မီဒီယာ ၅ ခု၊ ပြန်လည်လွတ်မြောက်လာသူ ၂၈ ဦး ၊ ထိန်းသိမ်းထားဆဲ ၂၈ ဦး ၊ တရားစွဲခံထားရသူ ၁၅ ဦး နှင့် တရားစွဲခံထားရသည့် မီဒီယာ ၁ ခု ရှိနေပြီဖြစ်သည်။

ပြည်သူလူထု၏ နား ၊ မျက်စိဖြစ်သော မီဒီယာများ၏ သတင်းရယူခွင့် ၊ သတင်းလွတ်လပ်ခွင့်  နှင့် ပတ်သက်လာလျှင် လုံး၀ပိတ်ပင်ခံထားရသည့် အနေအထားဖြစ်သည်။ သတင်းမီဒီယာများအတွက် အခြေခံကျဆုံး လုပ်ငန်းတစ်ရပ် ဖြစ်သော သတင်းအချက်အလက် သိပိုင်ခွင့်နှင့် သတင်းရယူပိုင်ခွင့် အဟန့်အတားများ၊ သတင်းမီဒီယာသမားများအပေါ် ပြင်းထန်သည့် ပုဒ်မများဖြင့် ယခုကဲ့သို့ အရေးယူမှုများမှာ စာနယ်ဇင်းလွတ်လပ်ခွင့်ကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်သည့် ကိစ္စရပ်များဖြစ်သည်။

နိုင်ငံတစ်ခု၏ စာနယ်ဇင်းလွတ်လပ်ခွင့်ကို တိုင်းတာရာတွင် သက်ဆိုင်ရာနိုင်ငံ၏ ဥပဒေနှင့် လုပ်ထုံးလုပ်နည်းများ၊ အမိန့်ညွှန်ကြားချက်များ သတင်းမီဒီယာလုပ်ငန်းများအပေါ် လွှမ်းမိုးမှု၊ သတင်းမီဒီယာများ အမှီအခိုကင်းမှု၊ သတင်းအချက်အလက်များ ရယူပိုင်ပိုင်ခွင့်ရှိမှုနှင့် ဒီဂျစ်တယ်လွတ်လပ်မှုတို့မှာ အရေးကြီးသည့်  အချက်များဖြစ်သည်။ ထို့ကြောင့် စာနယ်ဇင်းလွတ်လပ်ခွင့်သည် နိုင်ငံရေးသတင်းများ လွတ်လပ်စွာရယူခွင့်ရှိမှု၊ သတင်းသမားများ လုံခြုံမှုတွက် အာမခံနိုင်မှု၊ မီဒီယာကိစ္စများတွင် အစိုးရက ဝင်ရောက်စွက်ဖက်မှု အနည်းဆုံးဖြစ်မှု၊ ဥပဒေကြောင်းအရဖြစ်စေ၊ စီးပွားရေးအရဖြစ်စေ ဖိအားပေးမှု မရှိသည့် အခြေအနေအောက်တွင်သာ ရှင်သန်နိုင်မည်ဖြစ်သည်။

အထူးသဖြင့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်းပါ အပိုဒ် ၁၉ တွင်ဖော်ပြထားသည့် “လူတိုင်းတွင် လွတ်လပ်စွာ ထင်မြင်ချက်ပေးပိုင်ခွင့်နှင့် လွတ်လပ်စွာ ထုတ်ဖော်ပြသခွင့်ရှိသည်၊ ယင်းအခွင့်အလန်း၌ အနှောင့်အယှက် အတားအဆီးမရှိ၊ မိမိထင်မြင်ချက်များကို ဆုတ်ကိုင်ထားပိုင်ခွင့်၊ မည်သည့်မီဒီယာ သို့မဟုတ် မည်သည့် စာမျက်နှာများမှ တစ်ဆင့်မဆို သတင်းအချက်အလက်များနှင့် စိတ်ကူးစိတ်သန်းများကို ရှာဖွေခွင့်၊ ရယူခွင့်နှင့် ထုတ်ပြန်ဖော်ပြခွင့်တို့လည်း ပါဝင်သည်” ဟူသည့်အချက်အပေါ် အစိုးရတိုင်းက လေးစား လိုက်နာရန်ဖြစ်ရာ စာနယ်ဇင်းလွတ်လပ်ခွင့်သည် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ရရှိရေးနှင့် တိုက်ရိုက်အချိုးကျ လျက်ရှိသည်။

သတင်းမီဒီယာများသည် အစိုးရကို စောင့်ကြည့်သူ အိမ်စောင့်ခွေးဟု တင်စားခေါ် ဝေါ်ကြသကဲ့သို့ ယင်းမီဒီယာများကိုယ်နှိုက်ကလည်း ယင်းတာဝန်ကိုကျေပွန်အောင် ကြိုးပမ်းအားထုတ်ကြရသည်။ အစိုးရတစ်ရပ်၏ လုပ်ဆောင်မှုများကို စောင့်ကြည့်ကာ အာဏာ အလွဲသုံးမှုများကို စုံစမ်းဖော်ထုတ် ရေးသားကြသကဲ့သို့ အများပြည်သူနှင့် သက်ဆိုင်သည့် ကိစ္စအ၀၀ ကိုလည်း ဓမ္မဓိဋ္ဌာန်ကျကျဖြင့် ဘက်လိုက်မှု ကင်းရှင်းရေးကို ဦးတည်ကာ ရေး သားဖော်ပြကြသည်။

ထို့ကြောင့် ဒီမိုကရေစီနှင့်လူ့အခွင့်အရေးကို အာမခံသည့် နိုင်ငံတိုင်းတွင် လွတ်လပ်သော သတင်းမီဒီယာများအခြေတကျ ရပ်တည်နေနိုင်ကြခြင်းဖြစ်သည်။ စစ်ကောင်စီလက်ထက်တွင် သတင်းမီဒီယာများအပေါ် အလွန်အကျွံ ဖိနှိပ်နေသဖြင့် သပိတ်ကာလအစောပိုင်းတွင် မြေပြင်သတင်းများကို ထုံ့ပိုင်း ထုံ့ပိုင်း တင်ဆက်နိုင်ခဲ့သော်လည်း နောက်ပိုင်းတွင် မီဒီယာအသီးသီး၏ ဖော်ပြချက်များက ၎င်းတို့၏မျက်နှာဖုံးကို ကွာကျ သွားစေခဲ့သည်။  ထို့ကြောင့် မီဒီယာတိုက်များသာမက သတင်းပေးပို့သူများ၊ ပြည်သူပြည်သား သတင်းသမားများ၏ ဖြစ်ရပ်မှန်သတင်းရုပ်သံဖိုင်များ အွန်လိုင်းပေါ်သို့ မတက်လာစေရေးအတွက် အင်တာနက်လိုင်းများ ဖြတ်တောက်ခြင်း၊ ကြီးလေးသောပြစ်ဒဏ်ချမှတ်နိုင်သည့် ပုဒ်မတပ်ကာအရေးယူခြင်းများကို ဆက်တိုက် လုပ်ဆောင်လာခဲ့ခြင်းဖြစ်သည်။

ယမန်နှစ်ကထုတ်ပြန်ခဲ့သော နယ်စည်းမခြားသတင်းထောက်များအဖွဲ့(RSF)၏ မီဒီယာ လွတ်လပ်ခွင့်ဆိုင်ရာ အစီရင်ခံစာအရ မြန်မာနိုင်ငံသည် ၂၀၂၀ စာနယ်ဇင်းလွတ်လပ်ခွင့် အညွှန်းကိန်းတွင် ယခင် ၂၀၁၉ နှစ်ထက် မီဒီယာလွတ်လပ်ခွင့် ကျဆင်းခဲ့သည်။

၂၀၁၉ အစီရင်ခံစာတွင် အဆင့် ၁၃၈ ၌ ရပ်တည်ခဲ့သော မြန်မာနိုင်ငံသည် ၂၀၂၀ တွင် နိုင်ငံပေါင်း ၁၈၀ အနက် အဆင့် ၁၃၉ သို့ ကျဆင်းသွားခဲ့သည်။ ယခုအခါ အာဏာသိမ်း စစ်ကောင်စီလက်ထက်၌သတင်းမီဒီယာအများအပြား ပိတ်ပင်ခံရပြီး သတင်းသမားအများအပြားကို ဖမ်းဆီးထားခြင်း၊ သတင်းစီးဆင်းမှုကို ကန့်သတ်တားဆီးခြင်း အပါအဝင် မီဒီယာလွတ်လပ်မှုကို နည်းမျိုးစုံဖြင့် ဟန့်တားနေမှုကြောင့် မကြာမီထုတ်ပြန်တော့မည့် RSF ၂၀၂၁ မြန်မာနိုင်ငံ၏ မီဒီယာညွှန်းကိန်းသည်လည်း ဆက်လက် ကျဆင်းနေဦးမည်သာဖြစ်သည်။

စတုတ္ထမဏ္ဍိုင်ဟု သတ်မှတ်ထားသည့် သတင်းမီဒီယာများသည် ပြည်သူလူထု၊ အစိုးရနှင့် အင်စတီကျူးရှင်းများအကြား ပေါင်းကူးပေးသည့် တံတားတစ်စင်းဖြစ်သည်။  စတုတ္ထမဏ္ဍိုင် ရှင်သန်မှုမရှိပါက အများပြည်သူတို့ မျက်စိပိတ်၊ နားပိတ်ဖြစ်ကာ  ယင်းနိုင်ငံ၏ ဒီမိုကရေစီ ရှင်သန်မှုသည်လည်း ဆိတ်သုဉ်းနေမည်သာဖြစ်သည်။ 

သတင်းသမားများ သတင်းတင်ဆက်ခြင်းမပြုနိုင်လျှင် သတင်းအမှောင်ခေတ်အတွင်း ရှိနေဦးမည်ဖြစ်သည်။ “သတင်းစာဆရာကောင်းတစ်ယောက် ဆုံးပါးသွားသောအခါ လူအများက စိတ်မကောင်းဖြစ်ကြပြီး အချို့ဆိုလျှင် ရက်အတော်ကြာသည့်တိုင် အောက်မေ့သတိတရ ရှိနေတတ်ကြပါသည်”ဟု အမေရိကန်အယ်ဒီတာ  ဆတန်လေဝါ့ကာက ၁၉၂၄ ခုနှစ်တွင်ရေးသားခဲ့ကြောင်း မှတ်သားရဖူးပါသည်။

အောင်လှိုင်ဦး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013