DVB Logo
Home
Lead Story
ဘယ်သူလုံခြုံသလဲ
DVB
·
April 3, 2021
ဘယ်သူလုံခြုံသလဲ
Donate to DVB

မြန်မာပြည်မှာ လတ်တလောအခြေအနေအရ ဘယ်သူလုံခြုံလဲမေးရင် ဘယ်သူမှ မလုံခြုံဘူးလို့ ပြောရမယ်။ ရန်ကုန်မြို့လယ်မှာတိုက်ခန်းနဲ့နေတဲ့သူမလုံခြုံသလို ဟိုးတောတောင်ထဲနေတဲ့ တိုင်းရင်းသားတွေလည်း ထွက်ပြေးနေရတယ်။

ရန်ကုန်ကစပြောပြရရင် တညသား ည ၈ နာရီသံပုံးတီးနေချိန် လမ်းထိပ်ကမီးလောင်နေတာမြင်လို့ ဝရန်တာက ထွက်ကြည့်တာ ရဲက လေးခွနဲ့လှမ်းပစ်တာခံလိုက်ရတယ်။

ကုန်းကြည့်မိလိုက်လို့ တိုက်ခန်းနေကာကိုထိပြီး ခဲအစပဲ လာစင်တယ်။ အဲ့ဒါမြို့လယ်ခေါင်မှာပါ။ ဒီအကြောင်းကြားသွားတဲ့ ကျောက်မြောင်းနေမိတ်ဆွေက ဒါ တော်သေးတာတဲ့။

သူတို့ကျောက်မြောင်းမှာဆို နေ့လယ်ဘက်မှာတောင် ဝရန်တာထွက် မရပ်ရဲဘူး။ ရဲက ဘာထွက်ကြည့်တာလဲဆိုပြီး လေးခွနဲ့လှမ်းလှမ်းပစ်ပါသတဲ့။

ဒဂုံဆိပ်ကမ်းမြို့နယ်ထဲပါတဲ့ ယုဇနအိမ်ရာအဟောင်းနေ မိတ်ဆွေမိသားစုကတော့ ရဲတွေ အုပ်လိုက်ကြီးလမ်းထဲဝင်ဝင်လာပြီး ရမ်းသန်းပစ်ခတ်နေလို့ ကြောက်ပြီး ရွာပြန်ပြေးတယ်။

ဒဂုံတောင်နေမိတ်ဆွေတယောက်က သူ့အိမ်အောက်မှာ သဲအိတ်တွေနဲ့ ဗုံးခိုကျင်းလုပ်ထားရတယ်။ ရဲကားသံကြားရင် အိမ်တွင်းမှာဖောက်ထားတဲ့အပေါက်ကနေ ဗုံးခိုကျင်းထဲဆင်းပြေးရတယ်။

ကြာတော့ ခြောက်ခြားလာပြီး ရွာပြန်ပြေးရတော့တာပါ။

အဲ့ဒီဒဂုံတောင် ၁၀၄ ရပ်ကွက်မှာပဲ ဧပြီ ၁ ရက်က အိမ်ထဲနေတဲ့ ဗိုက်ကြီးသည်ကို လမ်းပေါ်က လှမ်းပစ်သွားတာ နောက်တနေ့ကျ သေပါရောလား။

မြင်းခြံမှာလည်း သူ့ဘာသာအိမ်ဝရပ်နေတဲ့ ၁၃ နှစ်ကလေးကို ရဲက သေနတ်နဲ့လှမ်းပစ်လို့ သေခဲ့တယ်။ ရန်ကုန် သမိုင်းဘူတာထဲ သူ့ဘာသာပြေးလွှားဆော့နေတဲ့ ၁ နှစ်သားလေးလည်း မျက်စိကျည်မှန်ခဲ့တယ်။

SaveThe Children အဖွဲ့ရဲ့ထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်းရက်စွဲ ၂ လပြည့်ချိန်မှာ ကလေး ၄၃ ဦးထက်မနည်းသေဆုံးခဲ့တယ်လို့ဆိုတယ်။ သေဆုံးရတဲ့ထဲ အသက် ၇ နှစ်အရွယ် ကလေးငယ်ပါတယ်။

အခုပဲမကွေးတိုင်းဘက်မှာ စစ်တပ်နဲ့ရဲက အကြမ်းဖက်နှိမ်နင်းတာ မခံနိုင်တော့လို့ လူ တသောင်းကျာ် တောထဲထွက်ပြေးနေကြရတယ်။ ဂန့်ဂေါမြို့နယ်ထဲက ရွာတွေက အကြမ်းဖက်စစ်တပ်ကို ပြန်ခုခံလို့ဆိုပြီး ရွာထဲဝင်လုယက်ဖျက်ဆီးတာတွေနေ့စဉ်လာလာလုပ်နေလို့ ရွာမှာမနေရဲတော့ဘဲ တောထဲထွက်ပြေးခိုလှုံနေကြရတယ်လို့ Myanmar Now သတင်းမှာဖတ်လိုက်ရတယ်။

လမ်းပေါ်သွားလာနေသူတွေကိုလည်း မထင်ရင်မထင်သလိုပစ်တယ်။ ထားဝယ်က စီစီတီဗီတခုမှာ ဆိုင်ကယ်စီးလာတဲ့ လူငယ်လေးသုံးယောက်ကို စစ်ကားက ရပ်ပြီးသေနတ်နဲ့လှမ်းပစ်တယ်။

အလယ်က လူငယ်လေးတယောက်သေနတ်မှန်ပြုတ်ကျပြီး ကျန်တဲ့နှစ်ယောက်က ထွက်ပြေးသွားတယ်။ နှစ်ရက်လောက်ရှိ ဆိုင်ကယ်ပေါ်ကလူငယ်သေတော့ ဆိုင်ကယ်ပေါ်က ပြုတ်ကျဒဏ်ရာနဲ့သေဆိုပြီး ဆေးစာထုတ်တယ်။

ယုတ်မာရက်စက်မှုတွေက ကမ်းကုန်နေပြီ။

ကရင်ပြည်နယ်ဘက်မှာလည်း လေယာဉ်ပျံနဲ့ ဗုံးသွားကြဲတာ လူ ၆ ယောက်သေတယ်။ ရွာသားတသောင်းကျော် တောထဲထွက်ပြေးနေရတယ်။

စစ်တပ်ကလုပ်တဲ့အခမ်းနား သွားတက်ခဲ့ကြတဲ့ အိမ်နီးချင်းဆိုးတွေဖြစ်တဲ့ ထိုင်းနဲ့ အိန္ဒိယက  မြန်မာပြည်က ထွက်ပြေးသွားသူတွေကို နှင်ထုတ်လိုက် ပြန်လက်ခံလိုက်နဲ့ ရှုပ်ချည်နှပ်ချည်လုပ်တယ်။

တောရောမြို့ပါမကျန် မဲမဲမြင်ရမ်းသန်းပစ်ခတ်ပြီး ခိုးဆိုးလုနိုက်နေတဲ့ အကြမ်းဖက်စစ်အုပ်စု လက်အောက်မှာ ဘယ်သူမှ မလုံခြုံပါဘူး။

အကြမ်းဖက်စစ်တပ်ဟာ လူ့အသက်တွေကို တန်ဖိုးမထားဘဲ ပစ်ချင်သလို ပစ်ခတ်သတ်ဖြတ်နေတာပါ။ နေ့မြင်ညပျောက် အသက်တွေလည်း တိုးတိုးလာနေတယ်။

စဉ်းစားကြည့်ပါ။

လူ့အသက်ကို ဖက်ရွက်လောက်တောင် တန်ဖိုးမထားဘဲ ထင်သလို ပစ်ခတ်သတ်ဖြတ်နေသူတွေရဲ့ အုပ်ချုပ်တာကို လက်ခံလိုက်ရင် ဘာတွေဆက်ဖြစ်လာနိုင်မလဲ။

ခုခံဆန့်ကျင်ကြပါ။ အခု ပြည်သူလုထု နည်းအမျိုးမျိုသုံးပြီး စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြောင်းပြသနေသလို ဆက်ပြီးဆန့်ကျင်ကြပါ။ CRPH ကဖွဲ့ဖို့ရှိတဲ့ ဖက်ဒရယ်အာမီမှာ ပါဝင်နိုင်ဖို့လည်း အသင့်ပြင်ထားကြပါ။

သေချာတာက မြန်မာလူထုဟာ အကြမ်းဖက်စစ်တပ်အုပ်ချုပ်မှုအောက်ကို လုံးဝ ကျရောက်လို့ မရပါ။ ဒီတွက် အားလုံး တောင့်ထားပါ။

အရေးတော်ပုံ အောင်ရမည်။

PHOTO-CREDIT

ကိုလေအိုး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013