DVB Logo
Home
မှုခင်း/မူးယစ်ဆေး
နိုင်ငံသားစိစစ်ရေး ကတ်ပြားများ စမတ်ကတ်အဖြစ် ပြောင်းမည်
DVB
·
October 28, 2013
နိုင်ငံသားစိစစ်ရေး ကတ်ပြားများ စမတ်ကတ်အဖြစ် ပြောင်းမည်
Donate to DVB

မြန်မာနိုင်ငံမှာ ပြည်သူလူထုတွေ လက်ရှိအသုံးပြုနေတဲ့ နိုင်ငံသားစိစစ်ရေးကတ်ပြား (မှတ်ပုံတင်) တွေကို နိုင်ငံတကာအဆင့်မီ စမတ်ကတ်အဖြစ် ပြောင်းလဲပေးဖို့ စီစဉ်နေပြီလို့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဦးစီးဌာနက ပြောပါတယ်။

လက်ရှိမြန်မာနိုင်ငံမှာ ထုတ်ပေးနေတဲ့ ပန်းရောင် နိုင်ငံသားစိစစ်ရေးကပ်ပြာတွေဟာ အလွယ်တကူ ပျက်စီးနိုင်ပြီး ပုံစံတူ မှတ်ပုံတင်အတုတွေ ပြုလုပ်နိုင်ခြေရှိတဲ့အတွက် နိုင်ငံတကာအဆင့်မီ စမတ်ကတ်တွေအဖြစ် ပြောင်းလဲပေးဖို့ စီစဉ်နေတာလို့ ဆိုပါတယ်။

၂၀၁၄ ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူပြီး နောက်ပိုင်းနဲ့ ၂၀၁၅ ရွေးကောက်ပွဲ မတိုင်ခင်မှာ စမတ်ကတ်တွေ ပြောင်းလဲထုတ်ပေးနိုင်အောင် စီစဉ်နေတာလို့ ရန်ကုန်တိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနဲ့ အမျိုးသားမှတ်ပုံတင်ဦးစီဌာန ညွှန်ကြားရေးမှူး ဦးကြည်လင်းက ဒီဗွီဘီကို ပြောပါတယ်။

“၂၀၁၄ သန်းခေါင်စာရင်းပြီးရင် အဓိကကတော့ ၂၀၁၅ ရွေးကောက်ပွဲမှာ မဲစာရင်းပြုစုတဲ့ အခါမှာ မထပ် မကျန်အောင် လူစာရင်းတွေ ပါအောင် အထောက်အကူပြုမှာပါ။ လူဦးရေ အပေါ်မှာ ထပ်ပြီးရလာမယ့် အကျိုးအကျေးဇူး အားလုံး၊ ၀န်ကြီးဌာနအားလုံးကို အထောက်အကူ ပြုနိုင်မယ်။ နိုင်ငံတော်အတွက်လည်း အထောက်အကူပြုမယ်။ စိစစ်ရေး ကတ်ပြားတွေ စမတ်ကတ်တွေ ဖြစ်လာမယ်။ နောက် ပီအာရ် စနစ်တွေ ဆက်တိုက်လာမှာပေါ့။ ဒါပေမယ့် နိုင်ငံတော်ရဲ့ ကြွယ်ဝချမ်းသာမှုအပေါ်မှာ မူတည်တာပေါ့။ လုပ်ပေးနိုင်တဲ့ အချက်အလက်တွေ အများကြီးထုတ်ထားပြီးပြီ။ နိုင်ငံတိုင်းမှာ စမတ်ကတ်တွေပဲ သုံးတော့တယ်။ ရေစိုပျက်တာတို့ ဘာတို့ သက်သာတယ်။ တာရှည်ရေရှည်အသုံးပြုနိုင်တယ်။”

မြန်မာ့အိမ်နီးချင်းနိုင်ငံတွေ အပါအ၀င် ဒေသတွင်းနိုင်ငံတွေမှာ မှတ်ပုံတင်ကတ်ပြားတွေကို ကွန်ပျူတာစနစ်သုံး စမတ်ကတ်တွေအဖြစ် အသုံးပြုနေတာဖြစ်ပေမယ့် မြန်မာနိုင်ငံမှာတော့ ကတ္ထူစက္ကူနဲ့ လုပ်ထားတဲ့ နိုင်ငံသားစိစစ်ရေးကတ်ပြားတွေကိုပဲ အသုံးပြုနေကြတာပါ။

ရန်ကုန်မှာ စမတ်ကတ်တွေ လုပ်ပေးနေတဲ့ ဒစ်ဂျစ်တယ် ကောဒစ် ကုမ္ပဏီပိုင်ရှင် ဦးအောင်သပြေကတော့ အချက်အလက်တွေ ထည့်သိမ်းဆီးထားနိုင်တဲ့ နိုင်ငံတကာအဆင့်မီ စမတ်ကတ်တွေကို သုံးသင့်တယ်လို့ ပြောပါတယ်။

“လုပ်မယ်ဆိုရင် အကောင်းဆုံးကတော့ တကယ့် စမတ်ကတ်အစစ် အချက်အလက်တွေလည်း ထည့်ထားရမယ်။ နိုင်ငံတော် ဗဟိုအဆင့်မှာ ပြည်သူလူထုရဲ့ အချက်အလက်တွေကို ထည့်ထားမယ်။ ဒါတွေကို တိုက်ဆိုင်စစ်ဆေးမယ်၊ အဲဒီအဆင့်ထိ လုပ်နိုင်ရင် အကောင်းဆုံးပေါ့။ မြန်မာပြည်မှာ အခု မှားယွင်းနေတာက ဘာမှ ကွန်ပျူတာနဲ့ သုံးလို့မရတဲ့ ပလတ်စတစ်ကတ်ကို စမတ်ကတ်လို့ ခေါ်နေတာက မှားယွင်းနေတာပေါ့။ သူတို့ ပြောတဲ့စမတ်ကတ်ဟာ ရိုးရိုး ပလတ်စတစ်ကတ်ပဲလား၊ ကွန်ပျူတာလုံခြုံရေးစနစ်တွေနဲ့ သုံးနေတဲ့ မခွဲခြားနိုင်လို့ ဖြစ်မှာပေါ့။”

၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်မှု ဥပဒေပေါ်ပြီးနောက်ပိုင်း ၁၉၈၅ ခုနှစ်ကစပြီး နိုင်ငံသားစိစစ်ရေး ကတ်ပြားထုတ်ပေးခဲ့တာဖြစ်ပြီး မြန်မာတနိုင်ငံလုံးအတိုင်အတာနဲ့ ကတ်ပြားပေါင်း ၃၉ သန်းကျော် ထုတ်ပေးထားတယ်လို့ နေပြည်တော် လူဝင်မှုကြီးကြပ်ရေးနဲ့ အမျိုးသားမှတ်ပုံတင် ဦးစီးဌာနက ပြောပါတယ်။

မြန်မာနိုင်ငံမှာ လူဦးရေ သန်း ၆၀ လောက်ရှိမယ်လို့ ခန့်မှန်းထားပေမယ့် လက်ရှိလူဦးရေ စာရင်းအတိအကျကိုတော့ လာမယ့်နှစ် မတ်လမှာ ပြုလုပ်မယ့် ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်မှုအပြီးမှာမှ အတည်ပြုနိုင်မှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013