DVB Logo
Home
မြန်မာသတင်း
ကရင်နီက စစ်ဘေးရှောင်များကို မမေ့ကြရန် ထုတ်ပြန်ပန်ကြား
DVB
·
June 21, 2026
ကရင်နီက စစ်ရှောင်ပြည်သူများ။ (Photo : DVB)
ကရင်နီက စစ်ရှောင်ပြည်သူများ။ (Photo : DVB)
Donate to DVB

ကရင်နီက စစ်ဘေးရှောင်ဒုက္ခသည်တွေကို မမေ့လျော့ကြဖို့အတွက် ကရင်နီအမျိုးသမီးအစည်းအရုံး KNWO က ဇွန်လ ၂၀ ရက် ကမ္ဘာ့ဒုက္ခသည်နေ့မှာ ထုတ်ပြန်ပန်ကြားလိုက်ပါတယ်။

ကရင်နီပြည်က စစ်ရေးတွေ၊ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီး ဒရုန်းနဲ့ တိုက်ခိုက်မှုတွေကြားမှာ ပြည်သူ ၂ သိန်းခွဲကျော်ဟာ အိုးအိမ်စွန့်ခွာ၊ နေရပ်စွန့်ခွာပြီး စစ်ရှောင်စခန်းတွေ၊ နယ်စပ်တွေမှာ နှစ်တွေအကြာကြီး နေထိုင်နေရသလို စားဝတ်နေရေး အခက်အခဲ၊ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေးနဲ့ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာအကူညီတွေ လျော့နည်းလာပြီး ကူညီထောက်ပံ့မှုတွေ ပိုလိုအပ်နေတယ်လို့ ဆိုပါတယ်။

KNWO ဗဟိုကော်မတီ တာဝန်ရှိသူတယောက်က “စစ်ဘေးရှောင်စခန်း တနေရာတည်းမဟုတ်ဘဲ စခန်းတခုကနေတခု ရွှေ့ပြောင်းရတာမျိုးတွေ ရှိတယ်။ စစ်ကောင်စီဘက်က နေ့စဉ်နဲ့အမျှ လက်နက်ကြီး၊ လေယာဉ်တွေ ပစ်လွှတ်တာတွေ ရှိနေတယ်ပေါ့နော်။ အခုလက်ရှိက မိုးတွင်းကာလ ဖြစ်လို့ စားနပ်ရိက္ခာနဲ့ ကုန်သွယ်ရေးမှာ ခရီးသွားလာဖို့လည်း ခက်ခဲတ‌ယ်” လို့  ပြောပါတယ်။

အမျိုးသမီးတွေဟာ မိသားစုလုံခြုံရေး၊ စားဝတ်နေရေးနဲ့ ကလေးပြုစုပျိုးထောင်ရတာတွေအပြင် လိင်အခြေပြု အကြမ်းဖက်မှု၊ လုံခြုံရေးဆိုင်ရာခြိမ်း​ခြောက်မှုနဲ့ စိတ်ပိုင်းဆိုင်ရာ ဖိအားတွေကို ရင်ဆိုင်နေရသလို ကလေးသူငယ်တွေမှာလည်း ပညာရေးအခွင့်အလမ်းဆုံးရှုံးတာ၊ အာဟာရချို့တဲ့တာ၊ စိတ်ဒဏ်ရာရတာ၊ ကျန်းမာရေးစောင့်ရှောက်မှု မလုံလောက်တာတွေကို ကာလကြာရှည် ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။

KNWO ဗဟိုကော်မတီ တာဝန်ရှိသူတယောက်က “ပညာရေးနဲ့ ကျန်းမာရေးဝန်ဆောင်မှုအပြင် တခြားဝန်ဆောင်မှုပါ လျှော့ချတဲ့အတွက်ကြောင့် အမျိုးသမီးထုအနေနဲ့ အစိုးရိမ်ရဆုံးက ကျောင်းစရိတ်တွေက မိဘတွေအတွက် ဖိအားတွေဖြစ်လာတယ်။ နေ့စဉ်ဘဝ ရပ်တည်ရေးအတွက် အခက်အခဲဖြစ်တယ်။ ထုတ်ကုန်ထုတ်ပေမဲ့ ဈေးကွက်မရှိတာကလည်း အခက်အခဲရှိတယ်” လို့ ပြောပါတယ်။

ဒါကြောင့် အမျိုးသမီးတွေ၊ ကလေးသူငယ်တွေ၊ မသန်စွမ်းသူတွေနဲ့ ထိခိုက်လွယ်သူတွေရဲ့ အခွင့်အရေးနဲ့ လိုအပ်ချက်ကို ဦးစားပေးဆောင်ရွက်ကြဖို့၊ နိုင်ငံတကာအသိုက်အဝန်း၊ ကုလသမဂ္ဂ အဖွဲ့အစည်းတွေ၊ အလှူရှင်တွေ၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းတွေကို ကရင်နီဒေသရဲ့ လူသားချင်းစာနာထောက်ထားမှု အရေးပေါ်အခြေအနေကို အာရုံစိုက်ပေးကြဖို့၊ ဒုက္ခသည်တွေရဲ့ အခွင့်အရေး၊ လုံခြုံရေးနဲ့ ဂုဏ်သိက္ခာကို ကာကွယ်တဲ့ရေရှည်ဖြေရှင်းနည်းတွေအတွက် ပိုမိုပူးပေါင်းဆောင်ရွက်ပေးကြဖို့ကိုလည်း ပန်ကြားအပ်တယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013