DVB Logo
Home
မြန်မာသတင်း
မြန်မာကို ပိတ်ဆို့အရေးယူမှုမလုပ်ရန် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၌ တရုတ်သံအမတ်ပြော
DVB
·
April 1, 2021
မြန်မာကို ပိတ်ဆို့အရေးယူမှုမလုပ်ရန် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၌ တရုတ်သံအမတ်ပြော
Donate to DVB

မြန်မာနိုင်ငံမှာ ဒီမိုကရေစီအသွင်ကူးပြောင်းရေးဖြစ်စေချင်ပေမဲ့  ပိတ်ဆို့ဒဏ်ခတ် အရေးယူမှုတွေလုပ်ဖို့ကိုတော့  တရုတ်နိုင်ငံက လက်မခံဘဲ ပယ်ချလိုက်ပါတယ်။

လက်ရှိ မြန်မာနိုင်ငံရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး မတ်လ ၃၁ ရက်နေ့က ကျင်းပတဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီ တံခါးပိတ် အထူးအစည်းအဝေးမှာ  ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ် တရုတ်သံအမတ်ကြီး Zhang Jun က ပြောကြားလိုက်တာပါ။

“ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေး၊ တည်ငြိမ်းရေးနဲ့ ဖွဲ့စည်းပုံဥပဒေအာဏာတည်ရေး အမြန်ဆုံးပြန်ရရှိဖို့နဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေး တဖြည်းဖြည်းရှေ့ဆက်ရောက်ဖို့ တရုတ်နိုင်ငံက မျှော်လင့်တယ်” လို့ တရုတ်သံမတ်ကြီးက ပြောပါတယ်။

မြန်မာနိုင်ငံမှာရှိတဲ့သက်ဆိုင်သူအားလုံး တည်တည်ငြိမ်ငြိမ် ထိန်းထိန်းသိမ်းသိမ်းရှိဖို့နဲ့ အခြေအနေကို အေးအေးလျှော့ကျသွားအောင်  အပြုသဘော လုပ်ဆောင်ကြဖို့၊ မြန်မာနိုင်ငံမှာ တည်ငြိမ်အေးချမ်းရေးဟာ နိုင်ငံတကာရဲ့ အကျိုးစီးပွားဖြစ်ပြီး မြန်မာနိုင်ငံမှာ အခက်အခဲပဋိပက္ခတွေ ရှည်ကြာလာပါက မြန်မာနိုင်ငံနဲ့ ဒေသတခုလုံးအတွက် ဘေးဒုက္ခဖြစ်စေလိမ့်မယ့်လို့လည်း တရုတ်သံအမတ်က ပြောပါတယ်။

တဖက်သတ်ဖိအားပေးမှုတွေနဲ့ ပိတ်ဆို့ဒဏ်ခတ်အရေးယူဖို့တောင်းဆိုတာတွေ ဒါမှမဟုတ် တခြားအင်အားသုံးအရေးယူမှုတွေဟာ တင်းမာမှုကို ပိုမိုဆိုးဝါးစေပြီး အခြေအနေကို ပိုလို့ ရှုပ်ထွေးစေလိမ့်မယ်လို့လည်း ဆိုပါတယ်။ 

မြန်မာနိုင်ငံတွင်းက ပြည်သူလူထုနဲ့ စီးပွားရေးလုပ်ငန်းတွေအပေါ် တိုက်ခိုက်တဲ့ ဘယ်လိုလုပ်ရပ်မျိုးကိုမဆို လက်မခံကြောင်း မြန်မာ့လက်ရှိအခြေအနေကို တရုတ်နိုင်ငံက စိုးရိမ်သလို အကြမ်းဖက်မှုနဲ့ သွေးထွက်သံယိုကိစ္စမျိုးက ဘယ်သူ့အတွက်မှ အကျိုးမရှိဘဲ တကယ်ခံစားရတာက မြန်မာပြည်သူတွေ ဖြစ်တယ်လို့လည်း တရုတ်သံအမတ်က ပြောပါတယ်။ 

မြန်မာနိုင်ငံရဲ့လက်ရှိအခြေအနေနဲ့ ပတ်သက်ပြီး လုံခြုံရေးကောင်စီမှာ အစီရင်ခံတင်ပြခဲ့တဲ့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စခရစ္စတင်းရှရာနာဘာဂီနာကတော့ ဒီမိုကရေစီရေး ငြိမ်းချမ်းစွာဆန္ဒပြသူတွေအပေါ် စစ်တပ်က  ဥပဒေမဲ့ ပစ်ခတ်ဖြိုခွင်းမှုတွေကြောင့် မြန်မာနိုင်ငံမှာ ပြည်တွင်းစစ်နဲ့ သွေးချောင်းစီးမှုတွေ ပေါ်ပေါက် လာနိုင်တယ်လို့ သတိပေး ပြောကြားခဲ့ပါတယ်။

လုံခြုံရေးကောင်စီအနေနဲ့ ရနိုင်တဲ့နည်းလမ်းတွေအားလုံးနဲ့ စုပေါင်းအရေးယူဖို့ တောင်းဆိုတဲ့အကြောင်း၊ မှန်ကန်တဲ့အရာ မြန်မာပြည်သူတွေရရှိသင့်တဲ့အရာကို လုပ်ပေးပြီး အာရှရဲ့ ဗဟိုချက်မှာ ဘက်ပေါင်းစုံက ကပ်ဘေးကြီးဖြစ်မလာအောင် တားဆီးပေးပါလို့ တောင်းဆိုသွားပါတယ်။

သူ့အနေနဲ့ လာမယ့်သီတင်းပတ်မှာ အရှေ့တောင်အာရှဒေသကို သွားရောက်ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက တာဝန်ရှိသူတွေနဲ့ ရော တခြားခေါင်းဆောင်တွေနဲ့ပါ တွေ့ဆုံဆွေးနွေး အကြံဉာဏ်တောင်းသွားဖို့ ရှိတယ်လို့လည်း မစ္စဘာဂီနာက ပြောပါတယ်။

ယူကေ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဘာဘရာဝုဒ်ဝပ်ဒ်ကတော့ လုံခြုံရေးကောင်စီမှာ အဖွဲ့ဝင်တွေအားလုံး အသံတသံတည်းထွက်ဖို့။ မြန်မာစစ်တပ်ရဲ့ အကြမ်းဖက်မှုတွေ ရပ်တန့်အောင် ဆက်လက်တောင်းဆိုဖို့နဲ့ မတရားထိန်းသိမ်းခံထားရသူတွေပြန်လွှတ်ပြီး ဒီမိုကရေစီပြန်ရရှိဖို့ လုံခြုံရေးကောင်စီအနေနဲ့ နောက်တဆင့်ဆက်လက်ဆွေးနွေးလုပ်ဆောင်သွားမယ်လို့ သတင်းထောက်တွေကို ပြောပါတယ်။ 

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန  ပြောခွင့်ရပုဂ္ဂိုလ် Ned Price ကတော့ မြန်မာနိုင်ငံမှာ စစ်တပ်ကလုပ်နေတာတွေဟာ အမေရိကန်ရဲ့ အကျိုးစီးပွားမရှိသလို အမေရိကန်မိတ်ဖက် မဟာမိတ်တွေအတွက်လည်း အကျိုးစီးပွား မရှိတဲ့ အကြောင်းနဲ့ တရုတ်နိုင်ငံအတွက်လည်း အကျိုးမရှိဘူးလို့ ပြောဆိုခဲ့ပါတယ်။

အာဏာသိမ်းစစ်တပ်အနေနဲ့ တာဝန်ယူ တာဝန်ခံမှုရှိလာအောင် တရုတ်အနေနဲ့ သူ့ရဲ့ ဩဇာကိုအသုံးပြုဖို့လည်း အမေရိကန်က တရုတ်ကို တိုက်တွန်းလိုက်ပါတယ်။မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှု ၂ လအကြာ အကြမ်းဖက်ဖြိုခွင်းမှုတွေကြောင့် မြန်မာ့နွေဦးတော်လှန်ရေးကာလတွင်း ကျဆုံးပြည်သူပေါင်း ၅၀၀ ကျော်အထိရှိလာချိန်မှာ  ကုလသမဂ္ဂ လုံခြုံရေးကောင်စီကနေ အထူးအရေးပေါ်အစည်းအဝေးခေါ်ယူကျင်းပဖို့  ယူကေ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဘာဘရာဝုဒ်ဝပ်ဒ်ရဲ့ တောင်းဆိုမှုနဲ့ ကျင်းပခဲ့တာ ဖြစ်ပါတယ်။

Photo Credit- FMPRC

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013