DVB Logo
Home
မြန်မာသတင်း
ဖွံ့ဖြိုးရေးအကူအညီပေးရန် အာဏာသိမ်းစစ်ကောင်စီ၏ တောင်းဆိုမှု ဂျပန်အစိုးရ ငြင်းဆန်
DVB
·
March 31, 2021
ဖွံ့ဖြိုးရေးအကူအညီပေးရန် အာဏာသိမ်းစစ်ကောင်စီ၏ တောင်းဆိုမှု ဂျပန်အစိုးရ ငြင်းဆန်
Donate to DVB

မြန်မာပြည်ရဲ့ အခြေခံအဆောက်အဉီ ဖွံ့ဖြိုးတိုးတက်ရေးကို အကူအညီအထောက်အပံ့ပေးဖို့ အာဏာသိမ်းစစ်ကောင်စီရဲ့ တောင်းဆိုမှုကို  ဂျပန်အစိုးရက ငြင်းဆန်ခဲ့တယ်လို့  မတ်လ ၃၀ ရက်က ပြုလုပ်ခဲ့တဲ့ ဂျပန်အောက်လွှတ်တော်ရဲ့ နိုင်ငံခြားဆက်ဆံရေးနဲ့ ကာကွယ်ရေးကော်မတီအစည်းအဝေးမှာ  ဂျပန်နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။ 

တွေ့ဆုံဆွေးနွေးပွဲမှတဆင့် အကြမ်းဖက်မှုတွေကို ရပ်တန့်ဖို့ စစ်ကောင်စီကို ဂျပန်အစိုးရအနေနဲ့ တောင်းဆိုထားပေမဲ့ တိုးတက်မှုမရှိဘဲ စစ်တပ်က ပြည်သူကို ကာကွယ်ရမယ့်အစား ပိုမိုဆိုးရွားစွာ အကြမ်းဖက်သတ်ဖြတ်နေတာကြောင့် ဖြစ်တယ်လို့ ဂျပန်နိုင်ငံခြားရေး ဝန်ကြီး မိုတဲဂိက လွှတ်တော် အစည်းအဝေးမှာ ရှင်းလင်းပြောကြားခဲ့ပါတယ်။

ဂျပန်အနေနဲ့ အနောက်နိုင်ငံတွေလို မြန်မာကို ဒဏ်ခတ်ပိတ်ဆို့အရေးယူမှုတွေမလုပ်ပေမဲ့ ရပ်ဆိုင်းထားမယ့် (ODA)  ဖွံ့ဖြိုးရေးအကူအညီထောက်ပံ့မှု အသစ်တွေက ယန်းဘီလီယံ ၂၀၀ လောက်ရှိတာမို့  စစ်အုပ်စုကိုအကြီးအကျယ် ထိခိုက်မှုရှိနိုင်တယ်လို့လည်း ဝန်ကြီးက ဆက်လက်ပြောဆိုခဲ့ပါတယ်။

ဂျပန်နိုင်ငံဟာ မြန်မာနိုင်ငံကို အများဆုံးထောက်ပံ့ကူညီပေးနေတဲ့ နိုင်ငံတခုဖြစ်ပြီး  တရားဝင် ဖွံ့ဖြိုးရေးအကူအညီ (ODA)ဟာ လက်ရှိ ယန်းငွေ  ၁၈၉ ဒသမ ၃ ဘီလီယံယန်းရှိခဲ့ပြီး ဂျပန်အကူအညီနဲ့ ရန်ကုန်- မန္တလေးကို ရထားလမ်းစီမံကိန်းကို ချေးငွေယန်းစုစုပေါင်း ၁၄၂ ဒသမ ၂ ဘီလီယံအသုံးပြုနေတာပါ။

ဒါ့အပြင် ရန်ကုန်မြို့ရဲ့  မိလ္လာစနစ်ကိုလည်း  ယန်း ၄၅ ဒသမ ၉ ဘီလီယံ လောက် ကုန်ကျခံ လုပ်ဆောင်နေတာဖြစ်ပါတယ်။

ဂျပန်အစိုးရအနေနဲ့ စီမံကိန်းတစ်ခုစီကို ဘယ်လိုတုံ့ပြန် ဆောင်ရွက်မလဲဆိုတာ ဆုံးဖြတ်မှာဖြစ်ပြီး ဆက်လက်တည်ရှိနေတဲ့ အထောက်အပံ့ကို ဆိုင်းငံ့ထားပါက မြန်မာပြည်သူတွေအ‌ပေါ် သက်ရောက်မှုတွေကို   ထည့်သွင်းစဉ်းစားမယ်လို့လည်းဆိုပါတယ်။ 

ဒါ့အပြင် လက်နက်ကိုင်တပ်တွေရဲ့ အနိုင်ကျင့်သတ်ဖြတ်မှုတွေကြောင့် ဒုက္ခသည်တွေနဲ့ အိုးအိမ်စွန့်ခွာ တိမ်းရှောင်လာသူ အများအပြား ရှိလာနေလို့ အကူအညီတွေ ပိုမိုလိုအပ်လာတာကြောင့် ဆေးဘက်ဆိုင်ရာ ကိရိယာတွေနဲ့  စားနပ်ရိက္ခာအကူအညီလိုမျိုး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေကို နိုင်ငံတကာအဖွဲ့အစည်းတွေကနေ တဆင့်ဆက်လက်ပေးသွားမယ်လို့ လည်းဆိုပါတယ်။

အနောက်နိုင်ငံတွေက အာဏာသိမ်း စစ်ကောင်စီအဖွဲ့ဝင်တွေအပေါ် ချမှတ်ထားတဲ့  အရေးယူပိတ်ဆို့မှုတွေကိုလည်း သတိထားစောင့်ကြည့်နေတယ်လို့လည်း ဂျပန်အစိုးရ  အတွင်းဝန်ချုပ် မစ္စတာ ခတိုကလည်း အဆိုပါ အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။ 

မြန်မာလက်နက်ကိုင်တပ်ဖွဲ့တွေအနေနဲ့ ပြည်သူတွေအပေါ် အကြမ်းဖက်မှုတွေကို ချက်ချင်းရပ်တန့်ဖို့နဲ့ ဖမ်းဆီးထိန်းသိမ်းထားသူတွေကို အမြန်ဆုံးလွှတ်ပေးကာ ဒီမိုကရေစီအစိုးရထံ အာဏာ ပြန်လည်လွှဲအပ်ဖို့ ဂျပန်အစိုးရက တောင်းဆိုထားပါတယ်။

ကိုးကား- NHK/Yomiuri

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013