DVB Logo
Home
အာရှဒေသ
ကမ္ဘောဒီယား ရွေးကောက်ပွဲ မဲလိမ်မှု စစ်ဆေးပေးရန် ဆန္ဒပြ
DVB
·
October 28, 2013
ကမ္ဘောဒီယား ရွေးကောက်ပွဲ မဲလိမ်မှု စစ်ဆေးပေးရန် ဆန္ဒပြ
Donate to DVB

ထောင်နဲ့ ချီတဲ့ ကမ္ဘောဒီးယားအတိုက်အခံနဲ့ ထောက်ခံသူတွေဟာ အငြင်းပွားစရာ ဖြစ်နေတဲ့ ရွေးကောက်ပွဲတွေနဲ့ ပတ်သက်ပြီး သူတို့ရဲ့ စိတ်ဆိုးဒေါသထွက်မှုတွေကို ဖော်ပြဖို့ ဒီအပတ်မှာ ဆန္ဒပြပွဲတခုကို ကျင်းပခဲ့ကြပါတယ်။

ကန့်ကွက် ဆန္ဒပြပွဲကို ကုလသမဂ္ဂကို တင်ပြတောင်းဆိုဖို့ လက်ဗွေရာ ၂ သန်းကျော် စုဆောင်းရရှိရေးအတွက် အတိုက်အခံပါတီက စည်းရုံး လှုပ်ရှားခဲ့တာ ဖြစ်ပါတယ်။

သူတို့ဟာ စွပ်စွဲပြောဆိုထားတဲ့ ရွေးကောက်ပွဲ မဲလိမ်မှုတွေကို စုံစမ်းစစ်ဆေးမှု ပြုလုပ်ပေးဖို့ ဟွန်ဆင် ဦးဆောင်တဲ့အစိုးရကို ဖိအားပေးချင်နေကြတာ ဖြစ်ပါတယ်။

[caption id="attachment_45524" align="alignright" width="300" caption="ဓာတ်ပုံ - Associated Press"][/caption]

ထောင်နဲ့ချီတဲ့ ပြည်သူလူထုတွေဟာ ဖနွမ်းပင်က လွတ်လပ်ရေးပန်းခြံထဲမှာ စုဝေးခဲ့ကြပြီး အတော်များများက “ ငါ့မဲ ဘယ်မှာလဲ” ဆိုတဲ့ နဖူးစည်းတွေ စည်းထားခဲ့ကြပါတယ်။

ကန့်ကွက်ဆန္ဒပြပွဲကို အတိုက်အခံပါတီဖြစ်တဲ့ စီအန်အာရ်ပီက စွပ်စွဲထားတဲ့ ရွေးကောက်ပွဲ မဲလိမ်မှုတွကို လွတ်လပ်တဲ့ စုံးစမ်းစစ်ဆေးရေးတခု ပြုလုပ်ခွင့်ပေးရေး အစိုးရကို တောင်းဆိုဖို့ စည်းရုံးဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။

အတိုက်အခံပါတီ စီအန်အာရ်ပီရဲ့ ဒုဥက္ကဋ္ဌ ကင်မ်ဆိုခါက “ကမ္ဘောဒီးယားနိုင်ငံရဲ့ အခွင့်အာဏာနဲ့ ပါရီ ငြိမ်းချမ်းရေး သဘောတူညီမှု နှစ်ပတ်လည် အထိမ်းအမှတ်အနေနဲ့ ကုလသမဂ္ဂနဲ့ သဘောတူစာချုပ် လက်မှတ်ရေးထိုးထားတဲ့ နိုင်ငံတွေက ကမ္ဘောဒီးယားနိုင်ငံကို တခါ ပြန်ကြည့်ကြပါ။ ဒီမိုကရေစီရရှိရေး ကျနော်တို့ကို ကူညီပေးကြပါလို့ တောင်းဆိုချင်ပါတယ်” လို့ ပြောပါတယ်။

မဲ ၁ သန်းကျော် ပယ်ဖျက်လိုက်တာအပါအ၀င် ရွေးကောက်ပွဲမှာ မူမမှန်တာတွေ အများကြီးဖြစ်ခဲ့တယ်လို့ အတိုက်အခံဘက်က စွပ်စွဲထားပါတယ်။

အစိုးရရဲ့ တရားဝင် ရွေးကောက်ပွဲရလဒ်တွေက စီအန်အာရ်ပီဟာ မဲအများကြီး ရခဲ့တာကို ပြနေခဲ့ပေမယ့် အတိုက်အခံအမတ်တွေကတော့ ရွေးကောက်ပွဲမဲလိမ်မှုအတွက်  ခုထိ သူတို့ရဲ့ လွှတ်တော်အမတ်နေရာတွေ ရယူဖို့ ငြင်းဆိုနေကြဆဲ ဖြစ်ပါတယ်။

အတိုက်အခံကို ထောက်ခံသူအများစုက ကျေးလက်ဒေသတွေက လာကြတာပါ။ အသက် ၆၁ နှစ်ရှိပြီဖြစ်တဲ့ အန်ယိုအန်က လူထု ကန့်ကွက်ဆန္ဒပြပွဲမှာ ပါဝင်ဖို့ တာခီယိုပြည်နယ်က သူမိသားစုတွေကိုပါ ခေါ်ဆောာင်လာခဲ့တယ်လို့ ပြောပါတယ်။

“ကျမ သား၊ ကျမရဲ့ဒုက္ခိတအမေနဲ့ ကျမတို့က အခိုးခံခဲ့ရတဲ့ ကျမတို့ရဲ့ မဲတွေအတွက် စီအန်အာရ်ပီနဲ့ ကုလသမဂ္ဂကို တရားမျှတမှု တောင်းဆိုဖို့ ကျမတို့ရဲ့ လွတ်လပ်ခွင့်နဲ့ အခွင့်အရေးတွေကို ကာကွယ်ပေးဖို့၊ တောင်းဆိုဖို့ လာကြတာပါ။”

နိုင်ငံရဲ့ အရှေ့ပိုင်း ကမ်ပေါင်ချင်မ် ပြည်နယ်က လာတဲ့ အသက် ၇၀ ရှိပြီဖြစ်တဲ့ ယင်ယိုအန်က “ကမ္ဘောဒီယား ပြည်သူလူထုက ကုလသမဂ္ဂကို ဒီလိုမျိုး တောင်းဆိုတင်ပြမှု ပေးပို့တာဟာ ဒါ ပထမဆုံးအကြိမ်ပါပဲ။ တရားမျှတမှုကို ဖြစ်နိုင်သမျှ အမြန်ဆုံး မြင်တွေ့ရမယ်လို့ ကျနော် မျှော်လင့်ပါတယ်” လို့ ပြောပါတယ်။

ကန့်ကွက်ဆန္ဒပြသူတွေက တရားဝင် တောင်းဆိုစာတွေကို နိုင်ငံခြားသံရုံး တော်တော်များများကိုလည်း ပေးပို့ကြမှာ ဖြစ်ပါတယ်။

လက်ဗွေရာတွေ ရယူ စုဆောင်းရတဲ့အလုပ်က စိန်ခေါ်မှုတခု ဖြစ်ခဲ့ပါတယ်။ ဖနွမ်းပင်မြို့တော်ခန်းမက လူထုရဲ့သွားလာနေထိုင်မှုကို အနှောက်အယှက် ဖြစ်စေတဲ့ လုပ်ရပ် ဖြစ်တယ်ဆိုပြီး အများပြည်သူနဲ့ သက်ဆိုင်တဲ့နေရာတွေမှာ ကောက်ယူစုဆောင်းတာကို ရပ်ဆိုင်းဖို့ အတိုက်အခံပါတီကို ပြောဆိုခဲ့ပါတယ်။

ကမ္ဘောဒီယား ပြည်ထဲရေးဝန်ကြီး ဆာခင်းက “ကျနော်တို့က စီအန်အာရ်စီရဲ့ လှုပ်ရှားမှုတွေကို မပိတ်ပင်ပါဘူး။ ဒါပေမယ့် သူတို့က ပြည်သူလူထုရဲ့ နေထိုင်သွားလာမှု အဆင်ပြေရေး ထိန်းသိမ်းသင့်တယ်လေ။ လူထု မတည်မငြိမ် ဖြစ်အောင် မလှုံ့ဆော်သင့်ဘူးပေါ့ဗျာ။ ပြည်သူတွေကို ငြိမ်းငြိမ်းချမ်းချမ်းနေကြပါစေ၊ အတိုက်အခံ ပါတီက ရွေးကောက်ပွဲဥပဒေကို ချိုးဖောက်နေသလို ပြည်သူလူထုကို ခြိမ်းခြောက်နေတာပါပဲ” လို့ ပြောပါတယ်။

ဒါပေမယ့် စီအန်အာရ်ပီက တက်ကြွလှုပ်ရှားသူ ဆေဟားကတော့ အတိုက်အခံအတွက် လက်ဗွေရာစုဆောင်းတာကို ပေးအပ်ဖို့ သူ့ဆွေမျိုးသားချင်းအတော်တော်များများကို ဒေသ အာဏာပိုင်တွေက ပိတ်ပင်ခဲ့တယ်လို့ ပြောပါတယ်။

“ဒါက ကျနော်တို့တိုင်းပြည်ရဲ့ ဒီမိုကရေစီနဲ့အညီ နေထိုင်မှုနဲ့ ဆန့်ကျင်နေတယ်လေ။ ပြည်သူလူထုရဲ့ လွတ်လပ်ခွင့်ကို ချိုးဖောက်တာပဲဗျ။ အာဏာပိုင်တွေက အဲဒီလုပ်ရပ်ကို ရပ်ပစ် သင့်၊ ပြည်သူလူထုရဲ့ လွတ်လပ်ခွင့်ကို လေးစားသင့်ကြတာပေါ့။”

ကမ္ဘောဒီယား လူ့အခွင့်အရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှုအသင်းက နိုင်ချာခရီယာကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်နေတာက အစိုးရဖြစ်တယ်လို့ ပြောပါတယ်။

“ဒေသအာဏာပိုင်တွေက လူ့အခွင့်အရေးတွေနဲ့ ကမ္ဘောဒီးယားပြည်သူတွေရဲ့ လွတ်လပ်စွာ ဖော်ပြခွင့်ကို ချိုးဖောက်နေကြတာပါပဲ။ သူတို့ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ အပြည်ပြည်ဆိုင်ရာ ဥပဒေ ၂ ခုလုံး ကို ချိုးဖောက်ခဲ့ကြတာပဲဗျ။”

ကုလသမဂ္ဂကို လက်ဗွေရာတွေ ပေးပို့တာ ထူးခြားမှု ရှိလာမယ်လို့ မျှော်လင့်ကြောင်း အတိုက်အခံပါတီရဲ့ဥက္ကဋ္ဌ  ဆင်မ်ရိမ်းဆေးက ပြောပါတယ်။

“ကျနော်က ကုလသမဂ္ဂကို ဒီလက်ဗွေရာတွေဟာ ခေါင်းဆောင် ပြောင်းလဲဖို့ တောင်းဆိုနေကြတဲ့ ကမ္ဘောဒီးယားပြည်သူတွေရဲ့ လက်ဗွေရာတွေလို့ ပြောခဲ့ပါတယ်။ တကယ်လို့ ကျနော်တို့ကို နောက် ၁ ပတ်လောက် အချိန်ပေးမယ်ဆိုရင် နောက်ထပ် ၁ သန်းလောက် ရနိုင်ပါသေးတယ်လို့လည်း ပြောခဲ့ပါတယ်။ ဒါပေမယ့် ခုထိကတော့ ကျနော်တို့ ၂ သန်းကျော် ကောက်ယူ စုဆောင်းလို့ ရထားပါပြီ။ ဒါဟာ ကျနော်တို့ရဲ့ ဦးတည်လုပ်ငန်းဖြစ်ပြီး ကုလသမဂ္ဂက ကျနော်တို့ကို ကူညီပေးလိမ့်မယ်လို့ မျှော်လင့်ပါတယ်။”

ဘိုရင်းနောင်းက အာရှဒေသ သတင်းဆောာင်းပါးကဏ္ဍအတွက် ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့ကနေ သတင်းပေးပို့ထားတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013