
မန္တလေးတိုင်း ပြင်ဦးလွင်မြို့မှာ မတ်လ ၂၇ ရက်နေ့က အကြမ်းဖက်စစ်ကောင်စီရဲ့ လက်ပါးစေတပ်တွေရဲ့ ပစ်ခတ်မှုကြောင့် ဦးနှောက်ပွင့်ထွက်သေဆုံးသွားတဲ့ ကျောင်းဆရာ ကိုအောင်မင်းနိုင်ရဲ့ အရိုးပြာအိုးကို မတ်လ ၂၉ ရက်နေ့မှာ မြို့သူမြို့သားတွေက သင်္ချိုင်းကို လိုက်ပါပို့ဆောင်ခဲ့ကြပါတယ်။
ကိုအောင်မင်းနိုင်ရဲ့ အလောင်းကိုတော့ အကြမ်းဖက်စစ်ကောင်စီတပ်ဘက်က ကောက်ယူသွားခဲ့တာဖြစ်ပြီး မတ်လ ၂၈ ရက်နေ့မှာ မိသားစုဝင်တွေမပါပဲ သင်္ဂြိုဟ်ခဲ့တယ်လို့ မိသားစုဝင်တွေဆီက သိရပါတယ်။
ကိုအောင်မင်းနိုင်ဟာ ကျောင်းဆရာတစ်ယောက်ဖြစ်ပြီး သူရဲ့ မိဘနှစ်ပါးကို အလုပ်အကျွေးပြုနေတဲ့ သားတစ်ဦးလည်းဖြစ်ပါတယ်။
သူရဲ့ မိဘတွေက သူ့သားအလောင်းကို မမြင်တွေလိုက်ရတဲ့အပြင် သင်္ဂြိုဟ်တာတောင် မသိလိုက်တဲ့အတွက် သူ့သားကျဆုံးသွားတာ အခုချိန်အထိ မယုံကြည်နိုင်သေးဘူးလို့ သူ့ရဲ့ ဖခင်က ပြောပါတယ်။
ပြင်ဦးလွင်မြို့မှာတော့ မတ်လ ၂၇ ရက်နေ့က အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်မှုကြောင့် ပြည်သူ ၆ ဦးကျဆုံးခဲ့ရပါတယ်။










