DVB Logo
Home
Lead Story
ရေဒီယိုတွေ ငိုနေပြီ
DVB
·
March 30, 2021
ရေဒီယိုတွေ ငိုနေပြီ
Donate to DVB

ရေဒီယိုလို့ပြောလိုက်ရင် ငယ်ဘဝက အလိုလိုပါလာစမြဲ။ ကျနော်ငယ်ငယ် ၁၉၇၀ ကျော်ကာလက ရန်ကုန် စမ်းချောင်းက နေအိမ်မှာ ရေဒီယို ၂ လုံးရှိတယ်။

တလုံးက ဗီဒိုနဲ့ထည့်ထားတဲ့ ဆီးမင်းရေဒီယို။ ၁၄ လက်မ တီဗီလောက်ရှိတယ် ကျနော်လူမှန်းသိတဲ့အရွယ်ရောက်တော့ ဆီးမင်းရေဒီယိုက အိုနေပြီ။

၇ ပေလောက်အရှည်ရှိပြီး ၂ ပေလောက်ကျယ်တဲ့ ပန်းရောင်ဓာတ်ခဲရေဒီယိုနဲ့ကြီးပြင်းရတယ်။ သူက ကိုယ်လိုချင်တဲ့နေရာယူသွားပြီး နားထောင်လို့လည်းရတော့ ပိုအဆင်ပြေတယ်။

သတင်းပလင်းနားထောင်တာ မဟုတ်ဘဲ သီချင်း ဇာတ်လမ်းနဲ့ ပုံပြင်လက်ဆောင်နားထောင်တယ်။ ရုပ်ရှင်ကြိုက်တော့ ရုပ်ရှင်သီချင်းလည်းနားထောင်တယ်။

ပြောရရင် ရေဒီယိုကို ဖျော်ဖြေရေးကိရိယာတခုလို သဘောထားပြီး အသုံးပြုခဲ့တာပါ။

၁၉၈၈ ခုနှစ်အရေးတော်ပုံကြီးဖြစ်တော့ ကျောင်းပြီးခါစ ယောင်တောင်တောင်ဘဝ။ အဲ့ဒီမှာ ရေဒီယိုငိုသံ စကြားဖူးတာပဲ။

ဘီဘီစီရေဒီယိုကနေ မုဒိန်းကျင့်ခံရတဲ့ အမျိုးသမီးအကြောင်း ထုတ်လွှင့်သွားတာ နားထောင်လိုက်ရပြီး အသားတွေ တဆတ်ဆတ်တုန်အောင် မခံမရပ်နိုင်ဖြစ်ရတယ်။

သိပ်မကြာဘူး။ ၈၈၈၈ အရေးတော်ပုံကြီး ပေါ်ပေါက်လာတော့တာပါပဲ။ ၈၈၈၈ အရေးတော်ပုံက ရုတ်တရက်ကြီးထဖြစ်တာမဟုတ်ဘဲ ၁၉၈၇ ခုနှစ်ကတည်းက ဖွဲမီးလို တမြည့်မြည့် လောင်နေတာဖြစ်တယ်။

၈၈ အရေးတော်ပုံကာလ တလကျော်ကြာအချိန်တွေမှာတော့ ရေဒီယိုငိုသံတွေ အကျယ်လောင်ဆုံးနဲ့ အရှည်ကြာဆုံးပဲ။ ခြောက်ခြားစရာလည်းဖြစ်တယ်။

အဲ့ဒီနောက် ၁၉၉၆ ကျောင်းသားအရေးတော်ပုံကာလ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးနဲ့ ၂၀၀၈ နာဂစ်ကာလတွေဟာ ရေဒီယိုတွေအဆက်မပြတ် ငိုခဲ့ရတဲ့ကာလတွေပေါ့။

ဒီကာလတွေတုန်းက ပြင်ပရေဒီယိုတွေဖြစ်တဲ့ ဘီဘီစီ၊ ဗီအိုအေ၊  ဒီဗွီဘီ စတဲ့ သတင်းဌာနတွေကို ပြည်တွင်းမှာ ခိုးနားထောင်ကြရတယ်။

ဘီဘီစီလိမ်နေသည် ဒီဗွီဘီ ညာနေသည်ဆိုပြီး စစ်အစိုးရက ဝါဒဖြန့်နေချိန်ပေါ့။ စစ်အစိုးရကသာ အဲ့ဒီလို ဝါဒဖြန့်နေပေမယ့် မနက်စောစောနဲ့ညမှောင်ပြီဆို တကျိကျိနဲ့ ရေဒီယိုလိုင်း လိုက်ဖမ်းသံတွေက ထွက်ပေါ်စမြဲပါ။

နဝတ နအဖ စစ်အစိုးရလက်ထက်မှာ ပြည်ပအခြေစိုက်ရေဒီုယိုသတင်းတွေဟာ မြန်မာလူထုရဲ့ သတင်းရပိုင်ခွင့်ကို ဖြည့်ဆည်းပေးနိုင်ခဲ့ကြတယ်။

စစ်ထောက်လှန်းရေးအဖွဲ့ရဲ့ မတရားဖမ်းဆီးနှိပ်စက်မှုတွေကို ဖော်ထုတ်ပေးနိုင်ခဲ့ကြတယ်။ ရေဒီယိုတွေငိုနေပေမယ့် ပြည်သူနဲ့တသားတည်းရပ်တည်နိုင်ခဲ့ကြတယ်။

၂၀၁၀ မှာ စစ်အစိုးရက အရပ်ဝတ်ပြီးတိုင်းပြည်ဆက်အုပ်ချုပ်တော့ ပြည်ပအခြေစိုက် သတင်းဌာနတချို့ ပြည်တွင်းပြန်ဝင်ပြီး အခြေစိုက်ကြတယ်။

တချို့သတင်းဌာနတွေက ရုံးခွဲလောက်ပဲဖွင့်ပြီး ဝင်ပေမယ့် ဒီဗွီဘီ အပါအဝင် တချို့သတင်းဌာနတွေက အပြီးပြန်ဝင်လိုက်ကြတယ်။

ပြန်ကြားရေးဝန်ကြီးဌာနမှာ မှတ်ပုံတင်ပြီး ရုပ်မြင်သံကြားအစီအစဉ်တင်ဆက်ခဲ့တာ ဒီဗွီဘီနဲ့ Mizzima  တီဗီတို့ဖြစ်တယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှာ စစ်တပ်က အာဏာထပ်သိမ်းလိုက်တော့ နေပြည်တော်မြန်မာ့အသံကို ဝင်စီးထားတဲ့စစ်တပ်က ဒီဗွီဘီနဲ့ Mizzima ရုပ်သံတွေကို ပိတ်ပစ်တယ်။

မတ်လ ၈ ရက်ကျတော့ ဒီဗွီဘီနဲ့ Mizzima  အပါအဝင် သတင်းမီဒီယာ ၅ ခုကို တရားဝင်ပိတ်သိမ်းလိုက်တယ်။ အင်တာနက်ဖြတ် ဖေ့စ်ဘွတ်ပိတ် လုပ်တယ်။

မြန်မာပြည်သူတွေရေဒီယို ပြေးဝယ်ကြတာ ဆိုင်တွေမှာ ပစ္စည်းပြတ်တဲ့အထိပဲ။

ရေဒီယိုတွေ တခါပြန်ငိုနေကြပြီ။

ခေါင်းတွေကို ရက်ရက်စက်သက်ပစ်သတ်ခံထားရတဲ့ သူရဲကောင်းတွေရဲ့မိသားစုဝင်တွေ သောကအပူမီးတွေကြောင့် ရေဒီယိုနား လက်ကိုင်ပုဝါထားပြီး ငိုကြရတယ်။

စစ်အုပ်စုရဲ့အကြမ်းဖက်အဖွဲ့ဟာ ရက်ပေါင်း ၅၀ ကျော်အတွင်း ပြည်သူ ၅၀၀ ကျော်ကို ပစ်ခတ်သတ်ဖြတ်ခဲ့တယ်။ လှိုင်သာယာမှာ အငြိုးတကြီးနဲ့ပစ်ခတ်သတ်ဖြတ်တယ်။ ကလေးမြို့လို မြို့ငယ်လေးတခုမှာ လက်နက်မဲ့ ပြည်သူကို စစ်မြေပြင်လို လက်နက်ကြီးတွေသုံးပြီး ပစ်ခတ်သတ်ဖြတ်တယ်။

အခုလတ်တလောမှာ ရန်ကုန်တိုင်းက တောင်ဒဂုံမှာ လက်နက်ကြီးတွေသုံးပြီး နေ့ရောညပါပစ်ခတ်သတ်ဖြတ်တယ်။

မိုးလင်းလို့ရေဒီယိုဖွင့်လိုက်တာနဲ့မနေ့ကတော့ ဘယ်နှစ်ယောက်ကျဆုံးသွားပြန်ပြီဆိုတဲ့ သတင်းနဲ့အတူ ကျန်ရစ်တဲ့မိသားစု အပူသောကတွေ နေ့စဉ်ကြားရတယ်။

ပြည်သူရဲ့အပူသောကတွေဟာ ရေဒီယိုမှာ ယောင်ပြန်ဟပ်ပြီး ရေဒီယိုတွေငိုနေတယ်။

ဒီအပူဒီအငိုတွေနဲ့ပဲ မပြီးဆုံးသေးတဲ့ စစ်အာဏာရှင်အမြစ်ဖြတ်ရေး အရေးတော်ပုံကို အံကြိတ်ပြီး ဆက်လက်တိုက်ပွဲဝင်ရမယ်။

အရေးတော်ပုံ အောင်ရမယ်။

ကိုလေအိုး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013