DVB Logo
Home
မေးမြန်းခန်း
မွန်နဲ့ တနင်္သာရီက ပြည်သူ ၉၅ ရာခိုင်နှုန်း ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ရန်ဆန္ဒရှိ (မေးမြန်းခန်း)
DVB
·
October 27, 2013
Donate to DVB

မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းအတွင်းက ပြည်သူ ၉၅ ရာခိုင်နှုန်းလောက်ဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဖို့ဆန္ဒရှိကြတယ်လို့ အဲဒီဒေသတွေကို ဆန္ဒယူဖို့သွားခဲ့တဲ့ ဦးမောင်ဖေတင်က ပြောပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဖွဲ့စည်းပုံပြင်ဆင်ရေးဆွဲရေး ကော်မတီဝင် ဦးမောင်ဖေတင်ဟာ မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းထဲက ခရိုင် ၅ ခုကို လှည့်လည်သွားရောက်ပြီး ဖွဲ့စည်းပုံပြင်ဆင်ရေးဆွဲရေး ဆန္ဒယူခဲ့ရာမှာ တက်ရောက်လာတဲ့ ပြည်သူတွေက အခုလို ဆန္ဒပေးခဲ့ကြတာ ဖြစ်ပါတယ်။
ဦးမောင်ဖေတင်က သူ့ရဲ့ မွန်ပြည်နယ်ခရီးကစပြီး အခုလို ပြောပြပါတယ်။
“မွန်ပြည်နယ် သထုံခရိုင်မှာ ဆန္ဒခံယူ ခဲ့ပါတယ်။ လူ ၉၀၀ ကျော်လောက် လာတယ်။ ၉၀၀ ကျော်ထဲက ၂၅ ယောက်လောက်က အသစ်ရေးဆွဲဖို့ ပြောတယ်။ ၅၀ ကျော်လောက်က ကြားနေတယ်။ ကျန်တဲ့သူတွေက ပြင်ဆင်ဖို့ ပြောတယ်။ မော်လမြိုင်မှာက လူ ၇၀၀ ကျော်လောက် လာတယ်။ အသစ်ရေးဆွဲကို ၂၀ လောက်က ဆန္ဒပြုတယ်။ ကျန်တဲ့သူတွေက ပြင်ဆင်ဖို့ ပြောတယ်။ အဲဒီက တဆင့် ထားဝယ်ကို သွားတယ်။ ရုံးခန်းက ကျဉ်းတော့  ၁၃၇ ယောက် လာတယ်။ ၄ ယောက် အသစ်ဆွဲဖို့ ပြောတယ်။ ကျန်တဲ့သူတွေက ပြင်ဆင်ဖို့ ပြောတယ်။ မေမြို့ကို ဆက်သွားတယ်။ လူ ၁ ထောင်ကျော်လောက် လာတယ်။ အသစ်ဆွဲမယ့်သူ တယောက်မှ မရှိဘူးဆိုတာ တွေ့ရပါတယ်။ မနေ့က ကော့သောင်းမှာ လုပ်တယ်။ ကော့သောင်းဘုန်းကြီးကျောင်းမှာ ၂၄၇ ယောက် အစည်းအဝေး တက်ကြတယ်။ ၂ ယောက်က အသစ်ရေးဆွဲဖို့ ပြောတယ်။ ကျန်တဲ့သူတွေက အကုန်လုံးက ပြင်ဆင်ဖို့ ပြောတယ်။ မွန်ပြည်နယ်က ခရိုင် ၂ ခု တနင်္သာရီတိုင်းက ခရိုင် ၃ ခု။ ခရိုင် ၅ ခုပြီးသွားပါပြီ။”

မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းက ခရိုင် ၅ ခုကို ချုံ့ပြီး ပြောမယ်ဆိုရင် ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြင်ချင်တဲ့သူ ရာခိုင်နှုန်း ဘယ်လောက် ရှိပါသလဲ။
“၉၅ ရာခိုင်နှုန်းလောက် ရှိပါတယ်။ ဘာဖြစ်လို့လဲဆိုရင် ဒီဖွဲ့စည်းပုံအခြေခံဥပဒေကို အသစ်ပြန်ဆွဲမယ်ဆိုရင် ပြည်သူလူထုက ဆွဲလို့ရတာ မဟုတ်ဘူး။ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေကပဲ ဆွဲမယ်ဆိုတော့။  ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေမှာ စစ်တပ်က ၂၅ ရာခိုင်နှုန်းပါပြီးသား။ ပြည်ခိုင်ဖြိုးပါတီက ၆၀ ရာခိုင်နှုန်းပါပြီးသား။ ကျန်တဲ့ တိုင်းရင်းသားပါတီတွေနဲ့ အန်အယ်လ်ဒီပါတီက လူ ၁၀၀ တောင် မပြည်ပါဘူး။ မပြည်တဲ့ အခါကျတော့ အသစ်ဆွဲမယ်ဆိုရင် သူတို့ လိုချင်တာကို မဲခွဲပြီး ဆုံးဖြတ်ရင် ဖွဲ့စည်းပုံဥပဒေက အသစ်တခုပဲ ဖြစ်သွားမယ်။ တိုင်းသူပြည်သား လိုချင်တာ ရမှာမဟုတ်ဘူးဆိုပြီး အသစ်ဆွဲတာကို မလိုဘူးဆိုပြီး ဆုံးဖြတ်ကျတာ များပါတယ်။”

မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းက ဒေသခံတွေကို ဖွဲ့စည်းပုံနဲ့ ပတ်သက်ပြီး သွားရှင်းတော့ စိတ်ဝင်စားမှု ဘယ်လောက် ရှိတယ်ဆိုတာ တွေ့ရပါသလဲ။
“အစည်းအဝေးလုပ်တာ ၁၂ နာရီကနေ ၅ နာရီလောက် ကြာတယ်။ လူတွေက ပျင်းရိ ငြီးငွေ့မယ်လို့ ထင်နေတာ။ ဒါပေမယ့် လုံးဝ မငြီးငွေ့တာ မတွေ့ပဲနဲ့ မေးခွန်းတွေ မေးတယ်။ ပျင်းရိငြီးငွေ့ပြီး အစည်းအဝေးထွက်သွားတာမျိုးမရှိဘူးဆိုတာ တွေ့ရပါတယ်။”

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပက်သက်လို့ လူထုဆန္ဒခံယူပွဲတွေမှာ တက်ရောက်လာတာ အန်အယ်လ်ဒီပါတီကလူတွေ များလား။ ပြင်ပကလူတွေ များလား။
“အန်အယ်ဒီပါတီက လူတွေက ၈၅ ရာခိုင်နှုန်းလောက် ရှိမယ်။ တခြားပါတီက  ပြင်ပ လူတွေလည်း လာတယ်။”
“ကျနော်တို့ ပါတီက ရွေးကောက်ပွဲဝင်ကတည်းက ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့အတွက် ၀င်ရောက်ခဲ့တာလို့ ကြွေးကြော်ခဲ့တယ်။ ကြွေးကြော်ခဲ့တဲ့စကားကိုလည်း ပြန်ပြောင်းပြီး မပြောချင်တော့ဘူး။ တိုင်းရင်းသားတွေဆန္ဒက အသစ်ဆွဲမယ်လို့ ပြောလို့သာ ပြည်သူလူထုဆန္ဒကို စနည်းနာဖို့အတွက် သွားမေးတာပါ။ ဒါပေမယ့် ပြည်သူလူထုက အသစ်ဆွဲဖို့ မလိုလားဘူး။ ပြန်ပြင်ဖို့ကို လိုလားတဲ့အတွက် ကျနော်တို့ပါတီက ပထမဆုံးပြောခဲ့တဲ့ စကားအတိုင်း ဆက်လုပ်ဖို့ အစီအစဉ်ရှိပါတယ်ခင်ဗျ။”

အန်အယ်လ်ဒီပါတီက ဖွဲ့စည်းပုံပြင်ဆင်ရေးဆွဲရေးကော်မတီဟာ နိုဝင်ဘာ ၁၀ ရက် နောက်ဆုံးထားပြီး ပြည်သူ့ဆန္ဒ ယူကြမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013