DVB Logo
Home
မြန်မာသတင်း
စစ်အာဏာသိမ်းမှု ၅၇ ရက်အကြာ အကြမ်းဖက်ဖြိုခွင်းမှုကြောင့် ကျဆုံးပြည်သူ ၅၁၀ ရှိလာ
DVB
·
March 30, 2021
စစ်အာဏာသိမ်းမှု ၅၇ ရက်အကြာ အကြမ်းဖက်ဖြိုခွင်းမှုကြောင့် ကျဆုံးပြည်သူ ၅၁၀ ရှိလာ
Donate to DVB

စစ်အာဏာသိမ်းမှု ၅၇ ရက်အကြာ အကြမ်းဖက်ဖြိုခွင်းမှုကြောင့် မြန်မာ့နွေဦး တော်လှန်ရေးကာလတွင်း ကျဆုံးပြည်သူပေါင်းအယောက် ၅၁၀ ထိရှိလာခဲ့ပြီလို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ပါတယ်။

အေအေပီပီမှ ကောက်ယူရရှိထားတဲ့ ဒီစာရင်းဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၂၉ ရက်အထိ မှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ်ကျဆုံးသူတွေဟာ ဒီ့ထက် ပိုများနိုင်ကြောင်းလည်း ဖော်ပြထားပါတယ်။

ဖမ်းဆီးချုပ်နှောင်ခံထားရသူ စုစုပေါင်းကတော့ ၂၅၇၄ ယောက် ရှိနေခဲ့ပြီဖြစ်ကာ အဲဒီထဲက ၃၇ ယောက်ကတော့ ထောင်ဒဏ်ချမှတ် အမှုဖွင့်ခံထားရပြီး ဖမ်းဝရမ်းထုတ်ခံထားရတဲ့အတွက် တိမ်းရှောင်နေသူ ၁၂၀ ယောက်နဲ့ ခု ရက်ပိုင်းတွေအတွင်း ပြန်လည်လွတ်မြောက်လာသူတွေလည်း ရှိနေပါတယ်။         

မတ် ၂၉ ရက်နေ့မှာတော့ အာဏာသိမ်းစစ်အုပ်စုဟာ ရပ်ကွက်တွေအတွင်း လူနေ အိမ်တွေပါမချန် အကြောင်းမဲ့ ပစ်ခတ်တာတွေ၊ သပိတ်စစ်ကြောင်းတွေကို ဖြိုခွင်းတာတွေကြောင့် ရန်ကုန်တိုင်း သာကေတ၊ တောင်ဒဂုံ၊ သန်လျင်မြို့နယ်တွေ၊ ပဲခူးတိုင်း တောင်ငူမြို့နယ်၊ မန္တလေးတိုင်း၊ မြင်းခြံမြို၊ စစ်ကိုင်းတိုင်း မုံရွာမြို့နယ်၊ ဧရာဝတီတိုင်း ပုသိမ်မြို့နယ်၊ ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ်၊ ရှမ်းပြည်နယ် တောင်ကြီး မူဆယ် မြို့တွေမှာ ကျဆုံး၊ ဒဏ်ရာရရှိသူ အများအပြားရှိပြီး ပြည်သူ ၂၀ ကျော် ဖမ်းဆီးခံထားရတယ်လို့ အေအေပီပီက ဆိုပါတယ်။

တောင်ဒဂုံမြို့နယ်မှာတော့ ရပ်ကွက်ခံတပ်တွေကို ပခုံးထမ်း RPG လောင်ချာတွေ၊ လက်ပစ်ဗုံးတွေ အသုံးပြုကာ ဖြိုခွင်းခဲ့တာမို့ အရပ်သားပြည်သူ ၈ ယောက်ထက်မနည်း ကျဆုံးခဲ့ပြီး ဒဏ်ရာရရှိသူတွေလည်း အများအပြား ရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အကြမ်းဖက်နှိမ်နင်းမှုတွေကြောင့် သာကေတမြို့နယ်မှာ အမျိုးသား ၂ ယောက် ကျဆုံးခဲ့ပြီး ၆ ယောက်ထက်မနည်း ဒဏ်ရာရရှိခဲ့ကာ မြင်းခြံမြို့မှာ အမျိုးသား ၂ ယောက်၊ ပုသိမ်မြို့နယ်မှာ အမျိုးသား ၂ ယောက် ကျဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အကြမ်းဖက်စစ်အုပ်စုဟာ ဈာပနအခမ်းအနားတွေမှာလည်း အကြမ်းဖက် ပစ်ခတ်မှုတွေ ပြုလုပ်နေပြီး မတ် ၂၉ ရက်က တောင်ကြီးမြို့မှာ ရှေ့တရက်က ကျဆုံးခဲ့ရသူ ၁ ယောက်ရဲ့ နာရေးလိုက်ပါပို့ဆောင်သူတွေကို လိုက်လံပစ်ခတ်ခဲ့တယ်လို့  အေအေပီပီက ဆိုပါတယ်။

အေအေပီပီ အနေနဲ့ လက်ရှိအခြေအနေတွေကို နေ့စဉ် စောင့်ကြည့်မှတ်တမ်းတင် နေတာဖြစ်ပြီး စစ်အာဏာသိမ်းမှုနဲ့ပတ်သက်ပြီး ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ် ချမှတ်ခံ ထားရသူတွေစာရင်းကို နေ့စဉ် ထုတ်ပြန်သွားမယ်လို့ ဆိုပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ် ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေစတဲ့ နယ်ပယ်အသီးသီးက ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာကို သိရှိပါက ဆက်သွယ် အသိပေး၊ အကြောင်းကြားဖို့လည်း အသိပေးထားပါတယ်။

ဒါ့အပြင် ဥပဒေပိုင်းဆိုင်ရာအကူအညီလိုအပ်ပါကလည်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ) မှ  ကိုအောင်ကြီး၊ ဖုန်း - ၀၉၄၅၁၅၂၉၀၀၀ နဲ့ တရားလွှတ်တော်ရှေ့နေ ဒေါ်ခင်သီတာလဲ့လဲ့ထွန်း၊ ဖုန်း -  ၀၉၇၇၄၀၈၁၅၈၅ တို့ကို  ဆက်သွယ်နိုင်ကြောင်းလည်း ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013