
ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့မှာ စစ်ကောင်စီအကြမ်းဖက်တပ်ဖွဲ့ဝင်တွေက ဆန္ဒပြသူတွေကို လိုက်လံဖမ်းဆီးနေရာမှာ ကနေ့ ညနေ ၄ နာရီခွဲထိ လူပေါင်း ၂၀ ကျော်ဖမ်းဆီးခံထားရပြီး လူငယ် ၁ ဦး သေနတ်ကျည်ဆန်ထိမှန် ဒဏ်ရာရသွားပါတယ်။
စစ်ကောင်စီအကြမ်းဖက်သမားတွေဟာ ဟိုနားရပ်ကွက်၊ ၄၅ ကုန်း ၊ ကောင်းနောင်ရပ်၊ မြောက်ရပ်ကွက်ရှိ လူနေအိမ်ထဲပါ ဝင်ရောက်စစ်ဆေးရှာဖွေပြီး ဆန္ဒပြသမားလို့ ယူဆရတဲ့ သူ တွေကို ဖမ်းသွားတာကြောင့် ဖမ်းဆီးခံရသူပေါင်း ၂၀ ကျော်တယ်လို့ မူဆယ်ဒေသခံတစ်ဦးက ပြောပါတယ်။
ဒါ့အပြင် ကျည်အစစ်တွေနဲ့ပါ ပစ်ခတ်တာကြောင့် ဟိုနားရပ်ကွက် ကမ္ဘောဇဘဏ်ကုန်းဆင်းနားမှာ အသက် ၂၀ ကျော်ရှိ လူရွယ်တစ်ဦး ညာဘက်လက်ကို ထိမှန်ဒဏ်ရာရသွားတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီအကြမ်းဖက်သမားတွေဟာ ယနေ့ ညနေ ၄ နာရီခွဲထိ ရပ်ကွက်အတွင်း မွှေနှောက်ရှာဖွေတာကို မရပ်သေးဘဲ သေနတ်ပစ်ခတ်ခြိမ်းခြောက်နေတာကြောင့် ဆန္ဒပြသူတွေလည်း ဘေးလွတ်အောင် ထွက်ပြေး တိမ်းရှောင်နေကြရပါတယ်။











