DVB Logo
Home
ဆောင်းပါး
ပြည်သူ့ဆန္ဒ ပြင်ချင်ကြ၊ ဆန္ဒယူပွဲတွေ စပြီ
DVB
·
October 26, 2013
ပြည်သူ့ဆန္ဒ ပြင်ချင်ကြ၊ ဆန္ဒယူပွဲတွေ စပြီ
Donate to DVB

"ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ဘာကြောင့် အရေးကြီးတာလဲ၊ ဘာကြောင့် ပြင်ဆင်ဖို့ လိုအပ်သလဲ၊ ပြင်ဆင်တာနဲ့ ပြန်လည်ရေးဆွဲတာ အကျိုးအပြစ်တွေ ဒါတွေ ရှိပါတယ်။ ဒါနဲ့ ပတ်သက်ပြီး ပြည်သူတွေအမြင်မှာ ဘာတွေ ရှိသလဲ၊ ဘာပြောချင်သလဲ၊ ဒီလိုမေးမြန်းပြီး ပြည်သူ့အသံနားထောင် ဆန္ဒယူပါတယ်၊ ပြင်ချင်တယ်လို့ ဆန္ဒပြုတဲ့သူက များပါတယ်။"

ဒါကတော့ ဧရာဝတီတိုင်း မအူပင်ခရိုင်နဲ့ ပုသိမ်ခရိုင်အတွင်း ဖွဲ့စည်းပုံပြင်ဆင်ရေးဆွဲရေး ပြည်သူ့ဆန္ဒသွားယူခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အတွင်းရေးမှူး ဦးဥာဏ်ဝင်း ပြောပြခဲ့တာ ဖြစ်ပါတယ်။

“အောက်တိုဘာ ၁၄ ရက်နေ့ ပဲခူးတိုင်း၊ ဖြူးမှာ ဟောတယ်။ ပရိသတ် ၁၃၀၀ လောက် တက်တယ်။ အဲဒီမှာ အသစ်ရေးတဲ့နည်းနဲ့ ပြောင်းလဲချင်တဲ့အုပ်စုက ၇၅ ရာခိုင်နှုန်းလောက် ရှိတယ်။ ပြင်ဆင်တဲ့နည်းနဲ့ ပြောင်းလဲချင်တဲ့အုပ်စုက ၂၅ ရာခိုင်နှုန်းလောက်ရှိ တယ်။ တောင်ငူမှာတော့ ပြင်ချင်တဲ့သူက ၈၀ ရာခိုင်နှုန်း၊ အသစ်ဆွဲချင်တဲ့သူက ၂၀ရာခိုင်နှုန်း၊ ရန်ကုန်တိုင်းထဲ ၄နေရာလောက် ဆန္ဒယူပြီးပြီး၊ ပြင်ချင်တဲ့သူကများတယ်။"

အဖွဲ့ချုပ်က ဖွဲ့စည်းပုံပြင်ဆင်ရေးဆွဲရေးကော်မတီဝင် ရန်ကုန်တိုင်းနဲ့ ပဲခူးတိုင်းတာဝန်ခံ ဦးကိုနီ ပြောပြခဲ့တာ ဖြစ်ပါတယ်။

မွန်ပြည်နယ် မော်လမြိုင်ခရိုင်မှာ အောက်တိုဘာ ၁၈ ရက်က လုပ်ခဲ့တဲ့  ဖွဲ့စည်းပုံ ပြင်ဆင်ရေးဆွဲရေး ပြည်သူ့ဆန္ဒခံယူပွဲကို လေ့လာသူတဦးအနေနဲ့ တက်ရောက်ခဲ့တဲ့ မော်လမြိုင်မြို့နယ်အမတ် ဒေါ်ခင်ဌေးကြွယ် ပြောတာက မော်လမြိုင်မှာလည်း ပြင်ဆင်ချင်တဲ့သူက ၃၀၀-၄၀၀ လောက်ရှိပြီး အသစ်ဆွဲချင်တယ်ဆိုတဲ့သူက ၂၀-၃၀ လောက်ပဲရှိတယ်လို့ သိရပါတယ်။

အခုရက်ပိုင်း ရှမ်းပြည်နယ်မြောက်ပိုင်းတခွင်လှည့်ပြီး ပြည်သူ့ဆန္ဒယူနေတဲ့ အဖွဲ့ချုပ်ဖွဲ့စည်းပုံပြင်ဆင်ရေးဆွဲရေးကော်မတီ ခေါင်းဆောင် ဦးမောင်မောင်ဟိန်းက "အောက်တိုဘာ ၁၆ ရက်နေ့က မူဆယ်မှ လုပ်ပါတယ်။ ၁၇ ရက်နေ့က လားရှိုးမှာ လုပ်တယ်။ ၁၈ ရက်နေ့က ကျောက်မဲမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပတ်သက်ပြီး ပွဲလုပ်ပါတယ်။ မူဆယ်မှာ လူ ၁၅၀ ကျော် တက်ပါတယ်။ လားရှိုးမှာ လူ ၈၀၀ ကျော် တက်တယ်။ ကျောက်မဲမှာ လူ ၄၀၀ ကျော် တက်ပါတယ်။ အားလုံးနီးပါးလိုလိုက ပြင်ဆင်မယ်လို့ ဆန္ဒပေးကြပါတယ်” လို့ ပြောပါတယ်။

အဖွဲ့ချုပ်ဖွဲ့စည်းပုံပြင်ဆင်ရေးကော်မတီအဖွဲ့ဝင် ၇ ဦးစလုံးဟာ အောက်တိုဘာ ၁၀ ရက်ပတ်ကစပြီး တဦးကို ပြည်နယ်နဲ့ တိုင်း ၂ ခုကျ တာဝန်ယူကာ တတိုင်းပြည်လုံးအနှံ့ သွားရောက်ပြီး ပြည်သူ့ဆန္ဒ ယူနေကြပြီ ဖြစ်ပါတယ်။

အဖွဲ့ခေါင်းဆောင်ရဲ့ပြောကြားချက်အရ နိုဝင်ဘာ ၁၀ ရက် နောက်ဆုံးထားပြီး ပြည်သူ့ဆန္ဒ ယူသွားမယ်လို့ သိရပါတယ်။ ဆက်သွယ်လို့ ရသလောက် မေးမြန်းစုံစမ်းကြည့်ရသလောက် ဖွဲ့စည်းပုံပြင်ချင်တယ်လို့ ဆန္ဒပြုသူတွေ များကြောင်း စောစောက သတင်းစကားတွေက ဖော်ပြနေပါတယ်။

ပြည်သူနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ

ဖွဲ့စည်းပုံပြင်ဖို့ ပြည်သူ့ဆန္ဒယူမယ်ဆိုတော့ ပြည်သူတွေက ဖွဲ့စည်းပုံအခြေခံဥပဒေကို စိတ်မ၀င်စားပါဘူးဆိုတဲ့ ဝေဖန်ချက် ထွက်ပေါ်ခဲ့ပါတယ်။ အခု တကယ်လက်တွေ့ မြေပြင်ဆင်းပြီး ပြည်သူ့ဆန္ဒယူနေသူတွေကို အဲ့ဒီကိစ္စ မေးကြည့်ဖြစ်ပါတယ်။

"ပြည်သူတွေက ခင်ဗျားတို့ ကျနော်တို့ သိသလို အခန်းဘယ်လောက်က ပုဒ်မ ဘယ်လောက်ဆိုတာ ဒါမျိုးတော့ မသိဘူး။ ဒါပေမယ့် ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ အနှစ်သာရ ပြည်သူ့ထံက ဆင်းသက်ရမယ်ဆိုတာမျိုး၊ သူတို့ ရွေးကောက်ထားတဲ့သူတွေ မဟုတ်တာ၊ ဒါတွေကိုတော့ ကောင်းကောင်းသိနေတယ်ဗျ၊ ကျနော်တို့က သိအောင်လည်း ပြောပြတယ်လေ။ အဲ့တော့ ပြောင်းနေတယ် ပြောင်းနေတယ်ပြောတယ်၊ဘာမှလဲ ထင်ထင်ရှားရှား မခံစားရဘူး၊ဒါကို သူတို့မကြိုက်ဘူး။ အဲ့ဒါကြောင့် ပြင်စရာရှိလဲပြင်ကြပါ ဆိုတဲ့သဘောထား ရှိတာတွေ့ရပါတယ်" လို့ ဦးဥာဏ်ဝင်းက ပြောပါတယ်။

မော်လမြိုင်ပွဲကို လေ့လာသူတဦးအနေနဲ့ တက်ခဲ့တဲ့ ဒေါ်ခင်ဌေးကြွယ်ကလည်း အလားတူ မှတ်ချက်ပေးပါတယ်။ သူကတော့ ပရိသတ်ကိုလိုက်ပြီး အကဲခတ်ခွင့်ပါရခဲ့သူ ဖြစ်လေတော့ ပရိသတ်စိတ်ဝင်တစားရှိပုံကို အခုလို ပြောပြပါတယ်။

"အန်တီက ပွဲတက်လာသူတွေရဲ့ ကိုယ်ဟန်အမူအယာတွေကို ကြည့်တယ်။ သူတို့ရဲ့ မျက်လုံးတွေကို ကြည့်တယ်။ အဲ့ဒီလို ကြည့်လိုက်တာနဲ့ စိတ်ဝင်စားလား၊ မ၀င်စားဘူးလား သိတယ်။ အန်တီကြုံဖူးတဲ့ ပွဲအတွေ့အကြုံအရပေါ့လေ။ မော်လမြိုင်ပွဲမှာတော့ တက်လာတဲ့ သူတွေ စိတ်ဝင်စားကြတာ တွေ့ရတယ်။"

ဦးကိုနီကတော့ ပြည်သူဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပတ်သက်လို့ လေ့လာမှု အားနည်းတာ အမှန်ပါပဲလို့ ပြောပါတယ်။ အဲဒီတော့ ကိုယ်တိုင် သွားမဟောခင် ဖွဲ့စည်းပုံနဲ့ ပတ်သက်တဲ့ စာရွက်စာတမ်းတွေ ကြိုတင် ဝေငှထားတယ်။ ဟောပြောချက်ဗီဒိယိုအခွေတွေ ကြိုဖြန့်ထားတာရှိတယ်။ ကိုယ်တိုင် သွားဟောတဲ့အခါမှာလည်း ရှင်းရှင်းလင်းလင်းဖြစ်အောင် ဟောတယ်ပြောတယ်၊ အခုတော့ အတော်အတန်လည်း သဘောပေါက်လာပြီ၊ လေ့လာလာကြတာ တွေ့ရတယ်၊ ရှင်းအောင်လင်းအောင်ဆိုတဲ့နေရာမှာ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာ အစိုးရမင်းများ လိုက်နာရမယ့်ဥပဒေ၊ ဒါမျိုးလေးတွေ ရှင်းပြတယ်၊ စိတ်ဝင်စားတယ်၊ အင်မတန်စိတ်ဝင်စားတာ တွေ့ရတယ်လို့လည်း ပြောပါတယ်။

သူတို့ ပြောစကားတွေအရ  နိုင်ငံရေးနိုးကြားမှုမြန်တဲ့ မြန်မာပြည်သူတွေအကြား ဖွဲ့စည်းပုံပြင်မလား၊ သစ်မလား ဆိုတဲ့ကိစ္စ နေရာယူနေပြီဆိုတာတော့ သေချာပါတယ်။

ပြည်သူတချို့ ဆက်သွယ်မေးကြည့်တော့ အန်အယ်လ်ဒီပါတီဝင်တွေက ဖိတ်စာတွေ လိုက်ဝေထားလို့ တကူးတက သွားနားထောင်ပြီး ဆန္ဒပြုခဲ့တယ်လို့ ပြောသူတွေရှိသလို သိတောင် မသိလိုက်ပါဘူးလို့ ပြောသူတွေလည်း ရှိပါတယ်။

ဖွဲ့စည်းပုံအရေး တခြားတဘက်

ဗုံးတွေ တရစပ်ပေါက်နေတဲ့ကြားထဲ အခုလို ပြည်သူ့ဆန္ဒယူကြရတာဆိုတော့ ဒေသဆိုင်ရာ တာဝန်ရှိသူတွေ အပိုင်းလည်း မပျက်မကွက် မေးရပါတယ်။ ဆိုင်ရာတာဝန်ရှိသူတွေ ကူညီတယ်၊ မကူညီဘူးနဲ့ ဘာသိဘာသာနေနေကြတယ် ဆိုတဲ့ အဖြေ ၃ မျိုး ရပါတယ်။

လွှတ်တော်က ဖွဲ့ပေးထားတဲ့ ဖွဲ့စည်းပုံလေ့လာသုံးသပ်ရေးကော်မတီကလည်း ပြည်သူ့ဆန္ဒ အကြံပြုချက်တွေ ဖိတ်ခေါ်ထားတာမို့ အခြေအနေမေးကြည့်တော့ ကော်မတီအတွင်းရေးမှူး ဦးအေးမောက်က စည်းမျဉ်းစည်းကမ်းတွေအရ အခုအချိန် ထုတ်ပြောလို့ မရသေးဖူး၊ နိုဝင်ဘာလ ၁၅ ရက်နောက်ဆုံးထား ဖိတ်ခေါ်ထားတယ်။ အချိန်တန်ရင် အကုန်ထုတ်ဖော်တင်ပြပေးပါ မယ်လို့ ပြောပါတယ်။

ဒီကြားထဲ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ပြည်သူ့ကွန်ရက်က ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာ လူထုဆွေးနွေးပွဲတခု ရန်ကုန်မှာ လုပ်သွားပါတယ်။

ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ဆွေးနွေးပွဲတွင် တက်ရောက်ဆွေးနွေးသူများက ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုတာဟာ အစိုးရနဲ့ ပြည်သူတို့အကြား ချုပ်ဆိုတဲ့ သဘောတူ စာချုပ်ဖြစ်တာကြောင့် ဖွဲ့စည်းပုံ ပြင်ဆင် သို့မဟုတ် အသစ်ရေးဆွဲရာမှာ  ပြည်သူတွေအနေနဲ့ ကြားလူတွေက တဆင့် လိုချင်တာတွေ မပြောဘဲ  မိမိတို့ လိုချင်တဲ့အချက်တွေ မိမိတို့ ပြင်ချင်တဲ့အချက်တွေကို ရှင်းရှင်းလင်းလင်း ပွင့်ပွင့်လင်းလင်း တက်တက်ကြွကြွ ပြောကြဖို့ တိုက်တွန်းခဲ့တာ တွေ့ရပါတယ်။

ဖွဲ့စည်းပုံနဲ့ ခေါင်းဆောင်တွေ သဘောထား

ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပတ်သက်ပြီး သမ္မတနဲ့ အစိုးရအဖွဲ့ရဲ့ သဘောထားကို ကြည့်ရင် ပြည်သူက ပြင်ချင်တဲ့ဆန္ဒရှိရင် ပြင်နိုင်ပါတယ်၊ ဒါပဲ ဖြစ်ပါတယ်။

လွှတ်တော်နာယက သူရဦးရွှေမန်းကလည်း အောက်တိုဘာလဆန်းက ဂျီနီဗာမှာ နိုင်ငံတကာပါလီမန်ညီလာခံ လာတက်ရင်း ဖွဲ့စည်းပုံကို ပြင်ဆင်သင့်တာ ပြင်ဆင်၊ ပြောင်းလဲသင့်တာကို ပြောင်းလဲပြီး ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးတွေကို အောင်မြင်အောင်လုပ်ဖို့ ရည်ရွယ်ထားတယ်လို့ ဘီဘီစီ မြန်မာပိုင်းကို ပြောခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခုတကြိမ် ဥရောပခရီးတထောက် ဘယ်လ်ဂျီယံရောက်တုန်း ဥရောပသမဂ္ဂဥက္ကဋ္ဌနဲ့ တွေ့တော့ ဖွဲ့စည်းပုံမပြင်ရင် ၂၀၁၅ ရွေးကောက်ပွဲဟာ ဒီမိုကရေစီနည်းလမ်းကျမှာ မဟုတ်ဘူးလို့ ထပ်ပြောခဲ့ပါတယ်။

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်ကလည်း မြစ်ဆုံပြီးရင် အခု ဖွဲ့စည်းပုံအရေးဟာ တမျိုးသားလုံးအရေးလို့ လူ့ဘောင်သစ်ပါတီ ငွေရတုပွဲမှာ ဆိုခဲ့ပါတယ်။

အခု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ရယူနေတဲ့ ပြည်သူ့ဆန္ဒတွေ အားလုံး ဒီနှစ်မကုန်ခင်  ပြည်ထောင်စုလွှတ်တော် ရောက်မှာဖြစ်ပါတယ်။ လွှတ်တော်ကော်မတီရဲ့ လေ့လာသုံးသပ်ချက်လည်း ဒီအချိန်မှာပဲ ကြားရဖို့ ရှိပါတယ်။ ရာနဲ့ချီတဲ့ ပုဒ်မတွေပဲ ပြင်ရဖို့ရှိရှိ ပြင်ချင်တဲ့ ဆန္ဒရှိဖို့က ပိုအရေးကြီးပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ဒီနှစ်ထဲ တနေရာမှာ ပြောခဲ့ဖူးပါတယ်။ တကယ် ပြင်ချင်စိတ်ရှိရင် ၁ လအတွင်း ပြင်လို့ ရပါတယ်။ ဒါပဲ ဖြစ်ပါတယ်။ အခုအထိကတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြည်သူတွေက ပြင်ချင်နေကြပါတယ်။ စိန်ခေါ်ချက်တွေနဲ့ ခြိမ်းခြောက်မှုတွေ အမြောက်အမြား ကြားကပဲ ပြည်သူက ပြင်ချင်တဲ့ဆန္ဒ ထုတ်ဖော်နေကြပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013