DVB Logo
Home
မြန်မာသတင်း
ကမ္ဘာ့ဆန်ဈေးနှုန်းကျမှုကြောင့် မြန်မာ့ဆန်တင်ပို့မှု လျော့ကျ
DVB
·
October 26, 2013
ကမ္ဘာ့ဆန်ဈေးနှုန်းကျမှုကြောင့် မြန်မာ့ဆန်တင်ပို့မှု လျော့ကျ
1 / 3
Donate to DVB

ကမ္ဘာ့ဆန်ဈေးနှုန်း ကျဆင်းနေတာကြောင့် မြန်မာ့ဆန်တင်ပို့မှုကို လျော့ကျစေတယ်လို့ မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းအသင်းက တာဝန်ရှိသူတဦးက ပြောပါတယ်။

နိုင်ငံတကာဈေးကွက်မှာ ဆန်အများဆုံး စိုက်ပျိုးထုတ်လုပ်တဲ့ ထိုင်းနဲ့ ဗီယက်နမ်နိုင်ငံ တွေက ဒီနှစ်မှာ စိုက်ပျိုးထွက်ရှိတဲ့ အထွက်နှုန်းက ကောင်းတဲ့အတွက် ဆန်ဈေးနှုန်းကို ဈေးကွက်အတွင်းမှာ ဈေးချပြီး ရောင်းချမှုတွေ ရှိခဲ့ပါတယ်။

ဒီ အကျိုးသက်ရောက်မှုကြောင့် လက်ရှိ မြန်မာ့ဆန်တင်ပို့မှု ပမာဏက ကာလတူ ပြီးခဲ့တဲ့နှစ် တင်ပို့မှုနဲ့ ယှဉ်ရင် ဆန်တန်ချိန် ၁ သိန်းခွဲခန့် လျော့ကျမှု ရှိနေတယ်လို့ မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းအသင်းက အဆင့်မြင့်အရာရှိတဦးဖြစ်တဲ့ ဒေါက်တာစိုးထွန်းက ဒီဗွီဘီကို ပြောပါတယ်။

ပြည်ပကို မြန်မာ့ဆန်တင်ပို့မှုက ပြီးခဲ့တဲ့ ဘဏ္ဍာရေးနှစ်မှာ ဆန်တန်ချိန် ၁ ဒဿမ ၅ သန်း တင်ပို့မှု ရှိခဲ့ပြီး အခု ဘဏ္ဍာရေးနှစ် ၂၀၁၃-၁၄ မှာ ပြည်ပကို ဆန်တန်ချိန် ၁ ဒဿမ ၅ သန်းနဲ့ ၂ သန်းကြား တင်ပို့နိုင်ဖို့အတွက် စီးပွားရေးနဲ့ ကူးသန်း ရောင်းဝယ်ရေး ၀န်ကြီးဌာနက မျှော်မှန်းထားပေမယ့် ဆန်တန်ချိန် ၄ သိန်းခွဲနီးပါးပဲ ပြည်ပတင်ပို့နိုင်တယ်လို့ သူကဆိုပါတယ်။

လက်ရှိ တွေ့ကြုံနေရတဲ့ မြန်မာ့ဆန် နိုင်ငံခြားတင်ပို့မှု ဈေးကွက်အခြေအနေနဲ့ ပတ်သက်လို့ ဒေါက်တာစိုးထွန်က အခုလို ပြောပါတယ်။

[caption id="attachment_40348" align="alignright" width="150" caption="ဒေါက်တာ စိုးထွန်း"][/caption]

“ထိုင်းနိုင်ငံကလည်း တရုတ်နိုင်ငံကို ရောင်းဖို့အတွက် ဆန်တန်ချိန် ၃ သန်းရောင်းဖို့ သဘောတူလက်မှတ်ထိုးထားတယ်။ ဈေးနှုန်းတော့ ဖော်ပြခြင်းမရှိဘူး။ ကျနော်တို့က တရုတ်ကို အဓိကပို့တာဆိုတော့ ထိခိုက်မယ့်အနေအထား ရှိပါတယ်။ နိုင်ငံတကာ ဆန်ဈေးတွေ ကျပေမယ့် ပြည်တွင်းဈေးနှုန်းက ထင်သလောက်မကျဘူး။ ထုတ်လုပ်မှုကုန်ကျစရိတ် မြင့်မားတဲ့အတွက်ကြောင့် ဆန်တန်ပို့သူတွေကလည်း မပို့နိုင်ဘူး။”

ဒါ့အပြင် ပြည်တွင်းမှာ ထုတ်လုပ်မှုစရိတ် မြင့်မားနေခြင်းက နိုင်ငံတကာဈေးကွက်အတွင်း မှာ ၀င်ရောက် ယှဉ်ပြိုင်နိုင်ဖို့အတွက် အဟန့်အတားဖြစ်နေလို့ နိုင်ငံခြားတင်ပို့မှု ဈေးကွက်ကို ချဲ့ထွင်တဲ့ နည်းလမ်းတခုတည်းနဲ့ ဖြေရှင်းနိုင်မှာ မဟုတ်တဲ့အတွက် ထုတ်လုပ်မှုစရိတ်ကို လျှော့ချဖို့က အရေးကြီးတယ်လို့ ဆိုပါတယ်။

ဒါကြောင့် အခု ဘဏ္ဍာရေးနှစ်မှာ ပြည်ပဆန်တင်ပို့မှု လျာထားချက် ပြည့်မီဖို့အရေးထက် ပြီးခဲ့တဲ့နှစ် တင်ပို့မှုပမာဏဖြစ်တဲ့ ၁ ဒဿမ ၅ သန်းကို ရဖို့တောင် မလွယ်ကူတဲ့အပြင် အင်တိုက်အားတိုက် လုပ်နိုင်မှ ဆန်တန်ချိန် ၁ သန်းနီးပါး တင်ပို့နိုင်မယ်လို့ ဒေါက်တာစိုးထွန်းက သုံးသပ်ပါတယ်။

မြန်မာနိုင်ငံ ဆန်ကုန်သည်များအသင်းရဲ့ဥက္ကဋ္ဌ ဦးအောင်သန်းဦးက နိုင်ငံတကာ ဈေးကွက်မှာ ဆန်ဈေးနှုန်း အတက်အကျ အပြောင်းအလဲတွေကြောင့် နိုင်ငံခြားတင်ပို့မှု ဆန်ဈေးကွက်အပေါ် သက်ရောက်မှု ရှိပေမယ့် ဈေးကွက် ပျက်သွားလောက်တဲ့ အခြေအနေအထိ မရှိနိုင်တဲ့ကြောင်းနဲ့ လက်ရှိအခြေအနေကို သူက အခုလို ပြောပါတယ်။

“ကျနော်တို့က ပို့တဲ့ပမာဏနည်းတယ်၊ ပြည်တွင်းစားသုံးမှုကများတယ်။ ဈေးကွက်ကို ပျက်ပြားသွားလောက်အောင် မထိခိုက်နိုင်ဘူး။ လက်ရှိအခြေအနေမှာတောင် သင်္ဘော ၁ စီး၊ ၂ စီး ထွက်နေသေးတယ်ဆိုတော့ ပွင့်လင်းရာသီဆို ပိုများလာမှာပါ။ ပင်လယ်ရေကြောင်းတခုတည်း တလကို တန်ချိန် ၁ သောင်းခွဲ၊ ၂ သောင်းပေါ့။”

နိုင်ငံတကာ ဆန်ရောင်းဝယ်ရေးဈေးကွက်မှာ လက်ရှိ အရောင်းအ၀ယ်ဖြစ်နေတဲ့ ဈေးနှုန်း တွေက ထိုင်း ၂၅ မတ် ဆန် ၁ တန်ကို အမေရိကန်ဒေါ်လာ ၄၀၀ ရှိပြီး ဗီယက်နမ် ၂၅ မတ်ဆန်က ကန်ဒေါ်လာ ၃၄၅ ရှိနေပါတယ်။

အလားတူ မြန်မာ့ဧည့်မထ၂၅ မတ်ဆန်က ၁ တန်ကို သင်္ဘောပေါ်အရောက် (FOB) ဈေးနှုန်း အမေရိကန်ဒေါ်လာ ၃၃၀ နဲ့ ၃၄၀ အကြားမှာ ရှိပြီးတော့ ဈေးကွက်အနေနဲ့ အနောက် အာဖရိကနိုင်ငံတွေဆီ ပင်လယ်ရေကြောင်းကတဆင့် အများဆုံးတင်ပို့မှုရှိနေတဲ့အပြင် တရုတ်နိုင်ငံကိုလည်း မူဆယ်နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းကတဆင့် တင်ပို့မှုရှိနေတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013