
ရန်ကုန် သာကေတမြို့နယ်မှာ မတ်လ ၂၇ ရက်နေ့ညက အကြမ်းဖက်စစ်ကောင်စီရဲ့ လက်နက်ကိုင်တပ်တွေက ဝင်ရောက်ပစ်ခတ်လို့ အနည်းဆုံး ပြည်သူ ၂ ဦးကျဆုံးပြီး ၆ ဦးထက်မနည်း ဒဏ်ရာရသွားပါတယ်။
သာကေမြို့နယ်အတွင်းက ရပ်ကွက်တချို့ကို မတ်လ ၂၇ ရက် ည ၉ နာရီလောက်ကနေ အင်တာနက် ဖြတ်တောက်ပြီး မတ်လ ၂၈ ရက်နေ့ မနက်ပိုင်းအထိ အကြမ်းဖက် စစ်ကောင်စီတပ်တွေက ကျည်အစစ်တွေနဲ့ ဝင်ရောက် ပစ်ခတ်ခဲ့တာပါ။
အဲ့လိုပစ်ခတ်မှုကြောင့် ပြည်သူတွေထိခိုက်ကျဆုံးဒဏ်ရာရရှိခဲ့တဲ့ အပြင် ဖမ်းဆီးခေါ်ဆောင်ခံရတာတွေရှိတွေတယ်လို့လည်း သိရပါတယ်။
ညဘက်ဝင်ရောက်ပစ်ခတ်တာတွေအပြင်အပြန်အလှန်ထိတွေ့တိုက်ခတ်တာတွေလည်းရှိတဲ့အတွက် ကျဆုံးသူစာရင်း ဒဏ်ရာရရှိသူစာရင်းနဲ့ ဖမ်းခံရတဲ့သူ စာရင်းတွေကို အတိအကျ အတည်မပြုနိုင်သေးဘူးလို့ ဒေသခံတွေကပြောပါတယ်။
သာကေတမြို့နယ်ကိုတော့ ညတိုင်းလိုလို အကြမ်းဖက် စစ်ကောင်စီတပ်တွေက လာရောက်ပစ်ခတ်တာတွေရှိတဲ့အပြင် သပိတ်စစ်ကြောင်းတွေကိုလည်း အင်အားသုံးဖြိုခွင်း ပစ်ခတ်တာတွေ ရှိနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ယနေ့ မတ်လ ၂၈ ရက် မနက်ပိုင်းမှာလည်း အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက သာကေတ ၄ တောင် မေယုလမ်းသွယ်ထဲကို စီးနင်းဝင်ရောက်လာခဲ့ပြီး ကားမှန်တွေ ရိုက်ခွဲခဲ့တဲ့အပြင် ပြည်သူတစ်ဦးလည်း ပေါင်ကို ကျည်ထိဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။











